【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ကို ဖယ်ထုတ်ခြင်း အယူအဆ အလုပ်ဖြစ်/မဖြစ်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ကို ဖယ်ထုတ်ခြင်း အယူအဆ အလုပ်ဖြစ်/မဖြစ်

နိုင်ငံတကာဆက်ဆံရေးနှင့် ကုန်သွယ်ရေးမှ တရုတ်ကို ဖယ်ထုတ်ကစားရန် အယူအဆသည် ပြီးခဲ့သည်နှစ်တွင် ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့သည်။

တရုတ်နှင့် အမေရိကန်ကြား ဆက်ဆံရေးအပေါ် မူတည်ကာ ပေါ်ထွက်လာသည့် ၎င်းအယူအဆအပေါ် အမေရိကန်ဘက်က ငြင်းဆိုခဲ့သော်လည်း လက်ရှိဖြစ်နေသည့် အမေရိကန်ဘက်က လုပ်ဆောင်မှုများသည် အငြင်းပွားဖွယ်ရာဖြစ်နေသည်။ထို့ကြောင့် ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းရှိနေသည့် တရုတ်ကို ဖယ်ထုတ်ပါက ဖြစ်လာနိုင်ခြေနှင့်ပတ်သက်ပြီး ယခုထိ ပညာရှင်များကြား ငြင်းခုန်နေရဆဲဖြစ်သည်။

၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် အမေရိကန်နှင့် တရုတ်တို့ကြား တရားဝင်ဆက်ဆံရေး မရှိခဲ့ပေ။ထို့နောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တရုတ်နိုင်ငံကို အမေရိကန်က ပံ့ပိုးပေးသောအခါ ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာသည်။ထိုအချိန်မှစ၍ အမေရိကန်နှင့် တရုတ်ကြား Win-Win ဆက်ဆံရေး ဖြစ်ပေါ်လာသည်။

တရုတ်နိုင်ငံသည် ကုန်ကျစရိတ်နည်းသော ၎င်း၏လုပ်အားကို အသုံးချခြင်းကြောင့် ၎င်း၏ ပို့ကုန် ကုန်သွယ်မှု တိုးမြင့်လာမှု၏ အကျိုးခံစားခွင့်ကို ရရှိလာခဲ့သည်။အမေရိကန်သည် ငွေကြေးဖောင်းပွမှုကို ထိန်းထားနိုင်သည့် တရုတ်သို့ ၎င်း၏ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ရောင်းချနိုင်သောကြောင့် အမေရိကန်သည်လည်း အကျိုးရှိလာခဲ့သည်။အမေရိကန်မှ အလုပ်အကိုင်များ တရုတ်ပြည်သို့ ပြောင်းရွှေ့စေလုပ်ကိုင်သောကြောင့်လည်း တရုတ်တွင် အလုပ်အကိုင်တိုးလာသလို အမေရိကန်ကုမ္ပဏီများအဖို့ ကုန်ကျစရိတ်ကို ချုံ့နိုင်သဖြင့် အမြတ်အစွန်းပိုလာခဲ့သည်။

ထိုကဲ့သို့သော Win-Win အခြေအနေသည် သမ္မတ ထရမ့် လက်ထက်တွင် စတင်တုံ့နှေးခဲ့ကာ ထရမ့်ကို ဆက်ခံသည့် ဘိုင်ဒင်လက်ထက်တွင် အဆိုးရွားဆုံးဖြစ်လာခဲ့သည်။ဘိုင်ဒင်လက်ထက်တွင် အမေရိကန်၏ မဟာဗျူဟာတွင် အစဉ်အလာပြိုင်ဘက် ရုရှားအစား တရုတ်ကို အဓိကပြိုင်ဘက်အဖြစ် နေရာချထားခဲ့ရာ ထိုအကျိုးဆက် သက်ရောက်မှုအဖြစ် နိုင်ငံတကာစီးပွားရေးနှင့် ဆက်ဆံရေးတွင် တရုတ်ကို ဖယ်ထုတ်ကစားသည့် ယူဆချက်မျိုး ပေါ်ထွက်လာခဲ့သည်။ထို့အတွက် အမေရိကန်ဘက်က တရားဝင်ငြင်းသော်လည်း  တရုတ်စီးပွားရေးနှင့် အားကောင်းလာသည့် နည်းပညာအရှိန်ကို ရပ်တန့်စေရန်အတွက် ဥပဒေများ ၂၀၂၂-၂၃ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည်။

တရုတ်ကို ရည်ရွယ်သော အမေရိကန်၏ ကုန်သွယ်ရေးဆိုင်ရာ တင်းကျပ်မှုများကြောင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုလမ်းကြောင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ရုရှားနိုင်ငံဆီသို့ ပြောင်းလာခဲ့ပြီး ထိုနိုင်ငံများနှင့် ကုန်သွယ်မှုဆက်ဆံရေးသည် အဆိုပါနှစ်များအတွင်း ဆတိုးဖြင့် တိုးလာနေသည်။

အမေရိကန်နှင့် ကုန်သွယ်မှုဆက်ဆံရေးတွင် ချိနဲ့လာခြင်းက တရုတ်နိုင်ငံကို ထောက်ပံ့ရေးနှင့် ပို့ကုန်များအတွက် ပစ်မှတ်အဖြစ် ထွန်းသစ်စ ဈေးကွက်များသို့ တိုး၍ လှည့်လာစေခဲ့သည်။အမေရိကန်၏ စီးပွားရေး “decoupling” နှင့်ပတ်သက်သည့် လုပ်ဆောင်မှုကို ထရမ့် လက်ထက်ကစပြီး ထင်ရှားစွာ မြင်လာရသည်။သို့သော် တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာ အတွင်းပိုင်းချိတ်ဆက်မှုနှင့် အခြားသော အတိုင်းအတာ အများအပြားမှာ ကျယ်ပြန့်လွန်းသဖြင့် ထိုသို့ဖယ်ထုတ်ဆက်ဆံခြင်းမှာ မဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်များက အမေရိကန်မူဝါဒချမှတ်သူများကို သတိပေးခဲ့ကြသည်။   

တရုတ်နှင့် အမေရိကန်အကြား ဆက်နွယ်မှုသည် ယခင်ကပင် ကဏ္ဍစုံတွင်ရှိနေသည်။အမေရိကန်သို့ လာရောက်သင်ကြားသည့် တရုတ်နိုင်ငံမှ ကျောင်းသားဦးရေကို လေ့လာကြည့်လျှင် တစ်နှစ်လျှင် ကျောင်းသား ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ရှိသည်။တရုတ်သို့သွားသည့် အမေရိကန်ကျောင်းသားဦးရေမှာလည်း လွန်ခဲ့သောနှစ်များစွာက ၁၅,၀၀၀ ဝန်းကျင်ရှိပြီး ယနေ့တွင် တစ်နှစ်လျှင် ၃၅၀ အောက်တွင် ရှိနေသည်။ အမေရိကန်ကုမ္ပဏီများသည် တရုတ်တွင် အခြေကျနေပြီး ထရမ့်နှင့် ဘိုင်ဒင်အစိုးရ၏ မူဝါဒကို လိုက်နာရန်မှာ မလွယ်ကူသောအခြေအနေတွင် ရှိနေပြီဖြစ်သည်။

အမေရိကန်ကုမ္ပဏီများ၏ တရုတ်စျေးကွက်နှင့် ဝေးရာသို့ စွန့်စားခန်းများကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် အဓိကအားဖြင့် တရုတ်လို ကြီးမားသော ထောက်ပံ့ရေးကွင်းဆက်နှင့် ကြီးမားသည့် စားသုံးသူစျေးကွက်မျိုး အစားထိုးရန် မရှိနိုင်ခြင်းဖြစ်သည်။

အမေရိကန် လက်လီရောင်းချသူများစွာနှင့် အမေရိကန်စားသုံးသူများသည်လည်း တရုတ်သွင်းကုန်များကို မှီခိုကြရသည်။ Walmart သည် ၎င်း၏ ကုန်ပစ္စည်းထောက်ပံ့မှု ၂၅ ရာခိုင်နှုန်းခန့်အတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရသည်။ Mattel သည် ၎င်းအရုပ်များ၏ သုံးပုံနှစ်ပုံခန့်ကို တရုတ်နိုင်ငံမှရရှိသည်။

တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော အမေရိကန်နှင့် အီးယူကုမ္ပဏီများသည် ခိုင်မာသော ပေးသွင်းသူများနှင့် ဝယ်ယူသူများ၏ သဟဇာတဖြစ်သည့်စနစ်ကြောင့် တရုတ်နိုင်ငံသို့ ဆယ်စုနှစ်များစွာ ရွေးချယ်ခဲ့သည်။အရင်းအမြစ်ရွေးချယ်မှုများကို စူးစမ်းလေ့လာသော ကုမ္ပဏီများသည် တရုတ်နိုင်ငံမှသာလျှင် အဓိကကျွမ်းကျင်မှုများကို ပံ့ပိုးပေးနိုင်သည် (သို့မဟုတ်) အချို့သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်သည်ကို မကြာခဏတွေ့ရှိခဲ့ကြသည်။ဥပမာအားဖြင့်  Apple နှင့် Nike ကဲ့သို့သော ကုမ္ပဏီများအတွက် စျေးကွက် ရုတ်ခြည်းလိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သော ယာယီနှင့် မိုဘိုင်းလုပ်သားအများအပြားကို တရုတ်ကသာ ထောက်ပံ့ပေးနိုင်သည်။ထို့ကြောင့် ကုမ္ပဏီအများစုသည် တရုတ်နိုင်ငံနှင့် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်အချို့ကို ပထဝီဝင်အနေအထားအရ ဝေးကွာပြီး လုပ်ကိုင်ရန် မဖြစ်နိုင်သည်ကို သိရှိထားကြသည်။

“ကမ္ဘာ့စက်ရုံ” ဖြစ်သည့် တရုတ်၏ ထုတ်လုပ်သူများသည် ကုန်ကျစရိတ်အနည်းဆုံး ထုတ်လုပ်သူများဖြစ်ပြီး ၎င်းထဲ အရည်အသွေးကို ထည့်သွင်းသည့်အခါ ဖောက်သည်များအား အမြင့်ဆုံးတန်ဖိုးဖြင့် ရောင်းချနိုင်သည်။တရုတ်ကို ကမ္ဘာ့စီးပွားရေးမှ ခွဲထုတ်ခြင်းသည် ရေတိုအားဖြင့် တရုတ်ကို ထိခိုက်ဖို့ မသေချာသော်လည်း ရေရှည်တွင် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေကာ အမေရိကန်နှင့် အနောက်ကမ္ဘာကို ကြီးမားစွာ ထိခိုက်မည်ဖြစ်သည်။

ထရမ့်နှင့် ဘိုင်ဒင်၏ တရုတ်အပေါ် တင်းကျပ်သည့် မူဝါဒကြောင့် လွန်ခဲ့သည့် ၁၈ လအတွင်း အနောက်နိုင်ငံကုမ္ပဏီများသည် တရုတ်နိုင်ငံမှ ဒေါ်လာ ၁၅၀ ဘီလီယံကျော် ထုတ်ယူခဲ့သည်။သို့သော် ၂၀၂၃ ခုနှစ်က တရုတ်တစ်ပြည်လုံးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းသစ် ၅၃,၇၆၆ ခု ထပ်တိုးလာရာ ၂၀၂၂ ခုနှစ်ကထက် ၃၉.၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ယွမ် ၁၁၃၃.၉၁ ဘီလီယံရှိခဲ့သည်။

အနောက်အုပ်စုကုမ္ပဏီများ တရုတ်နိုင်ငံမှ အရင်းအမြစ်များကို ထုတ်ယူနေသကဲ့သို့ တရုတ်ကုမ္ပဏီများကလည်း ထိုအတိုင်း လိုက်လျောညီထွေရှိနေကြသည်။တရုတ်ကုမ္ပဏီများသည် အမေရိကန်၏ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဖြတ်ကျော်ကာ မြန်ဆန်စွာပေးပို့နိုင်စေမည့် ကုန်ထုတ်အခြေစိုက်စခန်းများအဖြစ် ဗီယက်နမ်၊ အရှေ့ဥရောပနှင့် မက္ကဆီကိုတို့ကို ပစ်မှတ်ထားကာ ရွှေ့ပြောင်း ရင်းနှီးမြှုပ်နှံလာသည်။

ဥရောပကော်မရှင်၏ ၂၀၁၉ ခုနှစ် လေ့လာမှုတစ်ခုအရ ဥရောပရှိ နိုင်ငံခြားကုမ္ပဏီများ၏ ၁၀ ရာခိုင်နှုန်းနီးပါးကို တရုတ်လုပ်ငန်းများက ပိုင်ဆိုင်ကြောင်း တွေ့ရှိခဲ့သည်။

အခြေခံအားဖြင့် တရုတ်နှင့် အနောက်နိုင်ငံများကြား ခွဲထွက်ခြင်းသည် နှစ်နိုင်ငံနှင့် စီးပွားရေးစနစ်များ နီးကပ်သွားခြင်းမဟုတ်ဘဲ နှစ်နိုင်ငံအကြား ဝေးကွာသွားခြင်းဖြစ်သည်။ချိတ်ဆက်မှုများကို ဖြေလျှော့ခြင်း၊ တင်းကျပ်ခြင်းမပြုဘဲ လျှော့ချခြင်း၊ မြှင့်တင်ခြင်းမပြုဘဲ ပေါင်းစည်းခြင်းအဆင့်နှင့်ပတ်သက်ပြီး လျော့ကျခြင်းဖြစ်သည်။ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်အရေးယူခြင်း စည်းကမ်းများကို အပြန်အလှန်ရင်ဆိုင်နေရခြင်းနှင့် တရုတ်ကုမ္ပဏီနှင့် စီးပွားရေးလုပ်ခြင်းသည် အန္တရာယ်များဖြစ်စေသည်ဆိုသည် ထင်မြင်စေခြင်းများသည် နှစ်နိုင်ငံစလုံးရှိ စီးပွားရေးလုပ်ငန်းများသာမက နာလန်ထူစ ကမ္ဘာ့စီးပွားရေးကိုပါ နှောင့်နှေးစေကြောင်း စီးပွားရေးပညာရှင်များက သတိပေးကြသည်။  

တရုတ်နှင့် အနောက်နိုင်ငံများကြား ခွဲထုတ်ခြင်း၊ ဖယ်ထုတ်ခြင်းကို လိုလားသော ဦးတည်ချက်ဖြင့် ရွေ့လျှားနေချိန်တွင် ဖြစ်လာမည့် ခွဲထွက်ခြင်း၏ ပုံသဏ္ဍာန်မှာ မည်မျှအထိ၊မည်ကဲ့သို့ ဖြစ်လာမည် (သို့မဟုတ်) အကျိုးဆက်များ မည်သို့မည်ပုံဖြစ်လာမည်ကို မည်သူမျှ ယခုထိ လုံးဝနားမလည်နိုင်သေးပေ။သေချာသည်က နှစ်ဖက်စလုံး အကျိုးယုတ်နိုင်ခြင်းပင်ဖြစ်သည်။

စီးပွားရေးကို တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်အုပ်စုဖြင့် တစ်အုပ်စု ဖယ်ထုတ်ခွဲခြားပါက  ခွဲခြမ်းထားသော ကမ္ဘာ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ခွဲခြမ်းထားသော ကမ္ဘာသည် ကမ္ဘာတစ်ဝှမ်းတွင် မြင်တွေ့နေရသည့် အန္တရာယ်ရှိသော အမျိုးသားရေးဝါဒကို အားကောင်းစွာ ထွန်းကားလာစေရန် တွန်းအားဖြစ်သွားစေမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

တရုတ်အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲတွင် တရုတ်ဝန်ကြီးချုပ် လီချန်က အစိုးရ၏ ချဉ်းကပ်မှုသည် “ကိုယ်ကျိုးကာကွယ်ရေးဝါဒ၊ ခွဲထုတ်ခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်စေခြင်းတို့ကို ဆန့်ကျင်သည့် ပြတ်ပြတ်သားသား ရပ်တည်မှုကို ထင်ဟပ်စေသည်” ဟု ရှင်းလင်းစွာပြောခဲ့သည်။ထို့အပြင် ကမ္ဘာ့ဈေးကွက်အတွက် တရုတ်က အရည်အသွေးမြင့် ထုတ်ကုန်များကို တည်ငြိမ်စွာ ပံ့ပိုးပေးမည်ဖြစ်ကြောင်းကို ပြောခဲ့သည်။ထိုပြပွဲတွင် ပါဝင်သူ ၅၀၀ ကျော်၏ ငါးပုံတစ်ပုံခန့်မှာ နိုင်ငံခြားကုမ္ပဏီများဖြစ်နေရာ ကမ္ဘာနံပါတ် (၂) စီးပွားရေးနိုင်ငံကြီးအပေါ် မှီခိုမှုကို လျှော့ချရန် အနောက်နိုင်ငံများ၏ ကြိုးပမ်းနေချိန်တွင် တရုတ်က ထိုလုပ်ဆောင်မှုနှင့် ဆန်ကျင်ဘက် တရုတ်ဈေးကွက်ကို ကမ္ဘာအတွက် ပို၍ဖွင့်ပေးနေသည့် ကျယ်ပြန့်သော ကတိကဝတ်ကို ပြသခဲ့သည်။

တရုတ်ဘက်က ထိုသို့ပြသနေချိန်တွင် တရုတ်၏ ဆီမီးကွန်ဒတ်တာ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ရန် မဟာမိတ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် ဥရောပသမဂ္ဂကို အမေရိကန်ပြည်ထောင်စုက အမွှမ်းတင်နေခဲ့သည်။

ပေကျင်းတွင် ငါးရက်ကြာ ကျင်းပသည့် တရုတ်အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲတွင် ပါဝင်သည့် ကုမ္ပဏီများက ထိုပြပွဲတွင် ဝင်ပြခြင်းဖြင့် တရုတ်ကို ဖယ်ထုတ်ရန် ရည်ရွယ်သည့် အနောက်နိုင်ငံများ၏ ပထဝီဝင်နိုင်ငံရေးပြိုင်ဆိုင်မှုတွင် ပါဝင်ရန် လက်တွေ့ကျကျ ငြင်းဆိုခဲ့ကြသည်။ထိုသည်မှာ နိုင်ငံတကာကုန်သွယ်ရေးတွင် တရုတ်ကိုဖယ်ထုတ်ပြီး လည်ပတ်ရန်မှာ မဖြစ်နိုင်သည်ကို လက်တွေ့ကျကျ စီးပွားရေးလုပ်ကိုင်နေသည့် နိုင်ငံတကာကုမ္ပဏီများက သိနေခြင်းကြောင့် ဖြစ်လေသည်။

စိုးငြိမ်း