【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်နှင့် ရင်းနှီးမြုပ်နှံမှုအတွက် ယုံကြည်မှု

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်နှင့် ရင်းနှီးမြုပ်နှံမှုအတွက် ယုံကြည်မှု

ယခုဆယ်စုနှစ်များတွင် တရုတ်အစိုးရပိုင်းက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို  မျက်ခြေပြတ်မခံဘဲ ပိုမိုအရှိန်ရလာစေဖို့ ကြိုးစားလာနေခဲ့သည်။
 
ထိုသို့အားထုတ်မှုများကြောင့် တရုတ်စီးပွားရေးသည် ကမ္ဘာ့အဆင့် ၂ ဖြစ်လာကာ ကမ္ဘာ့အမြန်ဆုံးတိုးတက်မှုရှိသော နိုင်ငံလည်း ဖြစ်လာခဲ့သည်။
 
ယနေ့လက်ရှိကာလတွင် ကမ္ဘာပေါ်၌ ကပ်ရောဂါများ၊ ဒေသတွင်းစစ်ပွဲများနှင့် တင်းမာမှုများကြောင့် ကမ္ဘာ့စီးပွားရေးမှာ ကျဆင်းလာနေရာ ထိုအကျပ်အတည်းကို ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ မည်သို့ဖောက်ထွက်မည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။အထူးသဖြင့် နိုင်ငံတိုင်း ကြုံနေရသည့် ထိုအကျပ်အတည်းမှ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်နေသည့် တရုတ်နိုင်ငံအနေဖြင့် မည်သို့ဆောင်ရွက်မည်ဆိုသည်မှာ စောင့်ကြည့်ချင်စရာကောင်းနေသည်။
 
မကြာသေးမီက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့် စီးပွားရေးအစည်းအဝေးနှစ်ခု ဆက်တိုက် ကျင်းပခဲ့သည်။
 
ပထမဆုံးကျင်းပသည့် စီးပွားရေးဆိုင်ရာအစည်းအဝေးမှာ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဖြစ်သည်။ထိုနောက်တွင်မှ ဘိုအော် အာရှဖိုရမ်ကို ကျင်းပခဲ့သည်။
 
ပေကျင်းတွင် မတ် ၂၄၊ ၂၅ ရက် နှစ်ရက်ကြာကျင်းပသည့် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ Fortune 500 ကုမ္ပဏီများနှင့် ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းမှ ဧည့်သည်တော် ၁၁၀ ကျော် တက်ရောက်ခဲ့သည်။
ထိုဖိုရမ်ကို “ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နေသော တရုတ်ပြည်” ခေါင်းစဉ်ဖြင့် ကျင်းပရာမှာ ဖိုရမ် ဖွင့်ပွဲတွင် တရုတ်ဝန်ကြီးချုပ် လီချန်၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အဂျေးဘန်ဂါတို့က မိန့်ခွန်းပြောကြားခဲ့သည်။ဖိုရမ်ကျင်းပသည့် နှစ်ရက်အတွင်း တရုတ်ပြည် ဆက်တိုက်ဖွံ့ဖြိုးရေးအပါအဝင်အကြောင်းအရာများစွာကို အဓိကနိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့ရှေ့ပြေးကုမ္ပဏီများမှ တာဝန်ခံများ၊ ကမ္ဘာ့နာမည်ကြီးပညာရှင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
 
ဖိုရမ် အဖွင့်မိန့်ခွန်းတွင် တရုတ်ဝန်ကြီးချုပ် လီချန်က ပြီးခဲ့သော ၁ နှစ်အတွင်း မိမိတို့သည် ပြင် ပ ဖိအားများကို ခံနိုင်ရည်ရှိပြီး ပြည်တွင်းအခက်အခဲများကို ကျော်လွှားကာ တစ်နှစ်ပတ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အဓိကပန်းတိုင်များနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း၊ စီးပွားရေးပြန်လည်ဦးမော့လာမှုအခြေအနေ ဆက်လက် အားကောင်းလာပြီး စက်မှုလုပ်ငန်းအသစ်များ၊ ပုံစံအသစ်များနှင့် တွန်းအားအသစ်များသည် ပိုမို လျင်မြန်စွာ တိုးတက်လာကာ တရုတ်စီးပွားရေး ခိုင်မာသော ခံနိုင်ရည်ရှိမှု၊ ကောင်းမွန်သောအလားအလာ၊ တက်ကြွမှုနှင့် ရေရှည်အပြုသဘော ဆောင်သော ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အခြေအနေများ ပြောင်းလဲခြင်းမရှိကြောင်း ပြောခဲ့သည်။
 
လီက တရုတ်အစိုးရသည် စျေးကွက်ဝင်ရောက်မှု၊ စျေးပြိုင်ဆိုင်မှုနှင့် နယ်စပ်ဖြတ်ကျော် အချက် အလက်စီးဆင်းမှုများကဲ့သို့သော ကုမ္ပဏီများတွင် မကြာခဏပေါ်ပေါက်သည့် ပြဿနာအချို့ကို ဂရုတစိုက်လေ့လာနေကြောင်း ပြောခဲ့သည်။
 
တရုတ်အစိုးရသည် အစိုးရ၀န်ဆောင်မှုများကို ပိုမိုထိရောက်စေရန်နှင့် လုပ်ငန်းအမျိုးအစားအားလုံး၏ တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
 
လီက “တရုတ်က ပိုပွင့်လင်းလာမယ်ဆိုရင် ကမ္ဘာမှာ win-win ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းတွေ ပိုရှိလာမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
 
တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဥက္ကဋ္ဌ ကျင့်ရှန်းကျယ်ကလည်း ရှေ့လာမည့် တရုတ်စီးပွားရေးအခွင့်အလမ်းသစ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် အရည်အသွေးသစ်ကုန်ထုတ် စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည်ဖြစ်ပြီးယင်းသည် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် ဈေးကွက်အခွင့်အလမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာအမြောက်အများကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်ပယ် ၇ ခု၌ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းကို တိုးမြှင့်မည်ဖြစ်ပြီး နှစ်စဉ် အတိုင်းအတာ ယွမ်ဘီလီယံ ၅၀၀၀ အထက်ရှိသည့် ဈေးကွက်ကြီး ဖြစ်တည်လာနိုင်ကြောင်း ပြောခဲ့သည်။
 
ဖိုရမ်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျီရော်ဂျီဘာက တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ၁၉၇၈ ခုနှစ်က တံခါးဖွင့်ခြင်းသည် ကျေးလက်နေပြည်သူ သန်း ၇၇၀ ကို ဆင်းရဲတွင်းမှ ကယ်ထုတ်လိုက်ကြောင်းပြောပြီး ပြုပြင်ပြောင်းလဲရေးကြောင့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ပြောင်းသွားစေကာ ဆယ်စုနှစ် ၃ ခုအတွင်း နှစ်စဉ် အလုပ်အကိုင် ၈ သန်း ဖန်တီးပြီး ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုနှုန်းကို ၄၄ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ သိသိသာသာလျှော့ချလိုက်ကြောင်း၊ တစ်ချိန်က ကမ္ဘာ့ဘဏ်မှ အဓိကချေးယူသည့် နိုင်ငံဖြစ်သော တရုတ်သည် ယခုအခါ ကမ္ဘာ့ဘဏ်ကို အကြီးမားဆုံးအလှူရှင် နိုင်ငံများအနက် တစ်ခုဖြစ်လာကြောင်း ပြောခဲ့သည်။
 
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အဂျေးဘန်ဂါက ကမ္ဘာ့စိန်ခေါ်မှုများအကြောင်းပြောခဲ့ပြီး ထိုစိန်ခေါ်မှုများသည် ကမ္ဘာ့မညီမျှမှုကို ပိုမိုပြင်းထန်စေကြောင်း ဆိုသည်။စီးပွားရေးအုပ်စုအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသည် တစ်လျှောက်လုံး ချောမွေ့ခြင်းမဟုတ်ဘဲ ဆုတ်ယုတ်မှုများနှင့် အမှားများ ပြည့်နှက်နေပြီး တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော ဆယ်နှစ်ခန့်က တရုတ်နိုင်ငံသည် ကြီးမားသော လေထုညစ်ညမ်းမှုပြဿနာများ ကြုံတွေ့ခဲ့ရသော်လည်း ယခုအချိန်တွင် တရုတ်နိုင်ငံသည် ယခင်ကဲ့သို့မဟုတ်တော့ဘဲ ကောင်းကင်ပြာပြာကြီးကို အမြဲတွေ့နိုင်ပြီး ၎င်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးရှင်သန်လာမှုကဲ့သို့ပင် အလုပ်ကြိုးစားမှု၏ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
နှစ်ရက်ကြာ ကျင်းပခဲ့သည့် ဖိုရမ်အတွင်း တရုတ်အာဏာပိုင်များက တရုတ်နိုင်ငံတွင်း လာရောက်ရင်းနှီးမြုပ်နှံသူများကို အတားအဆီးဖြစ်နေသည့် အချက်များကို ဖယ်ရှားပေးရန် ကတိပြုခဲ့သလို အဆိုပါကာလအတွင်း အမေရိကန် နိုင်ငံတကာထိပ်တန်းကုမ္ပဏီ ဦးဆောင်သူများနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တွေ့ ဆုံခဲ့သည်။
 
နှစ်ရက်တာ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်တွင် ဆွေးနွေးခဲ့သည့် အချက်များကို ကြည့်ပါက တရုတ်နိုင်ငံ၏ လာမည့်နှစ်များအတွက် စီးပွားရေးဆိုင်ရာ အခွင့်လမ်းများကို မြင်ရမည်ဖြစ်သလို နိုင်ငံတကာကုမ္ပဏီကြီးများက သက်ဆိုင်ရာအစိုးရများ၏ ဖိအားကြားမှ ဘာကြောင့် တရုတ်တွင် ရင်းနှီးမြုပ်နှံရန် စိတ်အားသန်နေရသည်ဆိုသောအချက်များကိုလည်း တွေ့ရလေသည်။
 
အထူးသဖြင့် တရုတ်စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအတွက် အဓိကပံ့ပိုးကူညီသည့် နေရာတွင် ရှိနေခြင်းဖြစ်သည်။
 
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျီရော်ဂျီဘာက တရုတ်၏ အနာဂတ်တိုးတက်မှု အလားအလာများနှင့်ပတ်သက်၍ အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး “ကာလလတ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အဓိကပံ့ပိုးသူအဖြစ် ဆက်လက်ရှိနေမှာပါ” ဟု ဖိုရမ်တွင်ပြောခဲ့သည်။
 
ယခုနှစ် တရုတ်နိုင်ငံ၏ အစီအစဉ်တွင် အရည်အသွေးမြင့်နည်းပညာများပါရှိသော အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအားများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ခြင်း ပါဝင်နေသည်။ထို့အတွက် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဥက္ကဋ္ဌ ကျင့်ရှန်းကျယ်က တရုတ်နိုင်ငံသည် နည်းပညာဆန်းသစ်တီထွင်မှု၊ ရိုးရာစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်မှုကို အရှိန်မြှင့်ကာ ထွန်းသစ်စ စက်မှုလုပ်ငန်းများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်းပြောခဲ့သည်။
 
ထို့ပြင် တရုတ်နိုင်ငံသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စျေးကွက်ဝင်ရောက်ခွင့် ကန့်သတ်ချက်များကို ဆက်လက်ဖြေလျှော့ပေးခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်စေရန်အတွက် ဆက်သွယ်ရေးနှင့် ဆေးဝါးကုသရေး စသည့် ကဏ္ဍများကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဖိုရမ်တွင် ပြောကြားခဲ့သည်။
 
ဖိုရမ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီ အကြီးအကဲများက တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုဖွင့်လှစ်ရန်နှင့် တိုးတက်မှုများပြုလုပ်ရန် ကတိကဝတ်ပြုထားကာ အထူးသဖြင့် ဉာဏပစ္စည်း မူပိုင်ခွင့်များကို အကာအကွယ်ပေးခြင်းကြောင့် နိုင်ငံတွင်း ဆက်လက်ရင်းနှီးမြုပ်နှံရန် ၎င်းတို့အားခိုင်မာသော ယုံကြည်မှုဖြစ်စေသည်ဟု ပြောကြားခဲ့ကြသည်။
 
ထိုအချက်များသည် တရုတ်အနေဖြင့် ၎င်း၏ စီးပွားရေးအရှိန်အဟုန်ကို မည်သို့မြှင့်ရမည်ကို သိနေပြီး မည်သို့ချိုးကွေ့ကာ ဖောက်ထွက်ရမည်ကို သိနေခြင်းပင်ဖြစ်သည်။ထိုသည်ကလည်း နိုင်ငံတကာရင်းနှီးမြုပ်နှံသူများကို တရုတ်တွင် ရင်းနှီးမြုပ်နှံရန် ယုံကြည်မှုရှိနေခြင်းကိုလည်း ဖြစ်စေသည်။
 
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမနှစ်လအတွင်း တရုတ်နိုင်ငံတစ်ဝှမ်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၇၁၆၀ ခန့် တည်ထောင်ခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၃၄.၉ ရာခိုင်နှုန်း မြင့်တက်လာပြီး ငါးနှစ်နီးပါးအတွင်း အမြင့်ဆုံး တိုးလာကြောင်းဆိုရာ လာမည့်နှစ်များတွင် မကြာမီကကျင်းပခဲ့သည့် ဖိုရမ်နှစ်ခုကြောင့် တရုတ်၏ စီးပွားရေးအရှိန်အဟုန်
မည်မျှထိရှိလာနိုင်မည်ကို စောင့်ကြည့်ရတော့မည်ဖြစ်လေသည်။
 
စိုးငြိမ်း