【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ဝိသေသလက္ခဏာပါဝင်သော Greater Bay Area

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ဝိသေသလက္ခဏာပါဝင်သော Greater Bay Area

လွန်ခဲ့သော ငါးနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့သည် ကွမ်တုံး-ဟောင်ကောင်-မကာအို ကြီးကျယ်သောပင်လယ်အော်ဧရိယာနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။
 
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ကွမ်တုံး-ဟောင်ကောင်-မကာအို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ၂၀၁၇ ခုနှစ် မူဘောင်သဘောတူညီချက်တွင် မူတည်ပြီး တည်ဆောက်ထားခြင်းလည်းဖြစ်သည်။
 
ကြီးကျယ်သော ပင်လယ်အော်ဧရိယာ ဖွံ့ဖြိုးမှုအစီအစဉ်ကို ထုတ်ပြန်လိုက်ခြင်းက ဒေသ၏ အစိတ်အပိုင်းသုံးခုအတွက် စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်မှန်းချက်ကြီးသော အစီအစဉ်ဖြစ်ပြီး ဒေသ၏ နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်မှုကိုပါ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
 
ကြီးကျယ်သော ပင်လယ်အော်ဧရိယာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို အခြားသော ဒေသတွင်းစီးပွားရေးစီမံကိန်းများနှင့် ကွာခြားစေသော အကြောင်းအရင်းမှာ ၎င်း၏ အဓိက မူဝါဒသုံးချက်ပင်ဖြစ်သည်။
 
ပထမအချက်အနေဖြင့် ကြီးကျယ်သောပင်လယ်အော်ဧရိယာ ဖွံ့ဖြိုးတိုးတက်မှုကို တီထွင်ဆန်းသစ်မှုနှင့် ပြုပြင်ပြောင်းလဲရေးတို့ဖြင့် မူတည်ဆောင်ရွက်ခြင်းဖြစ်ပြီး စမ်းသပ်မှုများသည် အောင်မြင်သွားပါက ဒေသသုံးခုတွင်သာမကဘဲ ပိုမိုကျယ်ပြန့်သော အကောင်အထည်ဖော်မှု ဖြစ်လာနိုင်သည်။ထိုနည်းလမ်းကို တရုတ်၏ အရှေ့ပိုင်းနှင့် တောင်ပိုင်း ပြည်နယ်များရှိ အထူးစီးပွားရေးဇုန်များ၌ ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များမှ ယူထားခြင်းဖြစ်သည်။
 
ကြီးကျယ်သော ပင်လယ်အော်ဧရိယာတွင် အမျိုးမျိုးသော အထူးစီးပွားရေးဇုန်များ တည်ဆောက် ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးပုံစံမျိုးစုံကို စမ်းသပ်လျက်ရှိသည်။ပူးပေါင်းဆောင်ရွက်ရေးဇုန်တစ်ခုစီတွင် ပူးတွဲစီမံခန့်ခွဲရေးယန္တရားပါဝင်ပြီး ပါဝင်သည့် ဒေသများ၏ အားသာချက်များကို ပေါင်းစည်းထားသည့် အထူးစီးပွားရေးကဏ္ဍများ ပါဝင်သည်။
 
ဥပမာအားဖြင့် ကျန်ဟိုင်း ရှန်ကျန်း-ဟောင်ကောင် ခေတ်သစ်ဝန်ဆောင်မှုနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဇုန်တွင် ရှန်ကျန်းနှင့် ဟောင်ကောင်တို့က ဘဏ္ဍာရေးဝန်ဆောင်မှုအသစ်များ ပြုလုပ်သွားမည်ဖြစ်ပြီး ဟန်ကင်းရှိ ကွမ်တုံး-မကာအို နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်ခြင်း ဇုန်တွင် ကွမ်တုံးနှင့် မကာအိုတို့က နည်းပညာသုတေသနများ၊ တိုင်းရင်းဆေးများနှင့် ခရီးသွားကဏ္ဍတို့ကို အားဖြည့်မည်ဖြစ်သည်။
 
ဒုတိယအချက်အနေဖြင့် ကြီးကျယ်သော ပင်လယ်အော်ဧရိယာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် သည် ဆက်တိုက်တံခါးဖွင့်ခြင်းနှင့် အပြန်အလှန်အကျိုးအမြတ်ရရှိစေရေးတို့ကို ဦးတည်ခြင်းဖြစ်သည်။တရုတ်၏ ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသများသည် မတူညီသော အခွန်ပိုင်နက်များရှိသောကြောင့် တရုတ်ပြည်မကြီးနှင့် စီးပွားရေးကို အထူးမဟာမိတ်သဘောတူညီချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ထိုကဲ့သို့ ပုံမှန်နှင့်ကွဲထွက်သော တံခါးဖွင့်မူဝါဒများက ဟောင်ကောင်နှင့် မကာအိုတို့၏ ခရီးသွားကဏ္ဍတွင် ဝန်ဆောင်မှုအခြေပြု စီးပွားရေးအတွက် အကျိုးအမြတ်များ ရရှိစေခြင်းဖြစ်သည်။
 
တတိယအချက်အနေဖြင့် ကြီးကျယ်သော ပင်လယ်အော်ဧရိယာ ဖွံ့ဖြိုးတိုးတက်ရေးသည် “နိုင်ငံတစ်ခု စနစ်နှစ်ခု” မူဝါဒအောက်တွင် အကောင်အထည်ဖော်ခြင်းဖြစ်သည်။ထိုမူဝါဒအောက်တွင် ကြီးကျယ်သော ပင်လယ်အော်ဧရိယာ တည်ဆောက်ခြင်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခုအတွက် ဥပဒေမူဘောင်များကို ပြန်လည်ဆန်းစစ်စေနိုင်ပြီး ကိုယ်ပိုင်အာဏာကို ထိန်းသိမ်းနိုင်ပြီး ဈေးကွက်စည်းမျဉ်းများနှင့် စားသုံးသူကာကွယ်ရေးတို့တွင် ကိုယ်ပိုင်စည်းမျဉ်းများ ချမှတ်နိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ဒေသတွင်း စီးပွားရေးများကို အကျိုးရှိစေမည်ဖြစ်သည်။
 
ဥပမာအားဖြင့် ဟောင်ကောင်နှင့် ကွမ်တုံးပြည်နယ်တို့က အာဏာပိုင်များက ထုတ်ပြန်ခဲ့သော စီးပွားရေးလမ်းညွှန်တွင် မျှတသောယှဉ်ပြိုင်မှု၏ အရေးပါမှုကို ရှင်းပြထားပြီး ပြိုင်ဆိုင်မှုကို ထိခိုက်စေမည့် လုပ်ရပ်များအတွက် မည်သို့ကိုင်တွယ်ရမည်ကို အသီးသီး ရှင်းပြထားသည်။
 
ကြီးကျယ်သော ပင်လယ်အော်ဧရိယာနှင့် သက်ဆိုင်သော ရည်မှန်းချက်များအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်ခုသည် ပိုမိုသော အခွင့်အလမ်းများကိုလည်း ရရှိလာမည်ဖြစ်သည်။ဥပမာအားဖြင့် ၁၂ ကြိမ်မြောက် ငါးနှစ်တာအစီအစဉ်မှ စတင်ပြီး ဗဟိုအစိုးရသည် ဟောင်ကောင်နှင့် မကာအိုတို့အတွက် စီးပွားရေးတိုးတက်မှုမူဝါဒများကို ချမှတ်ခဲ့ပြီဖြစ်သည်။အဓိကရည်ရွယ်ချက်နှစ်ခုမှာ ဒေသတစ်ခုချင်းစီ၏ ပြိုင်ဆိုင်မှုကောင်းသော အားသာချက်များကို အားဖြည့်မြှင့်တင်ရန်နှင့် တရုတ်ပြည်မကြီးနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေရန်ဖြစ်သည်။
 
ထူးခြားသော အားသာချက်များရှိသည့် ကြီးကျယ်သော ပင်လယ်အော်ဧရိယာသည် တရုတ်နိုင်ငံ၏ စီးပွားရေးအရ အားသာချက်အများဆုံးဒေသများအနက် တစ်ခုဖြစ်လာပြီး နိုင်ငံ၏ အရည်အသွေးမြင့် စီးပွားရေးတိုးတက်မှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်လာခြင်းဖြစ်သည်။
 
စိုးနိုင်ထွန်း
Ref - CMG | Greater Bay Area: Economic integration 'with Chinese characteristics'