【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အာဆီယံ ဆက်ဆံရေးနှင့် ကုန်သွယ်မှု

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အာဆီယံ ဆက်ဆံရေးနှင့် ကုန်သွယ်မှု

ယခုနှစ်များအတွင်း တရုတ်နှင့် အာဆီယံကြား ကုန်သွယ်မှုသည် သိသာစွာ ထိုးတက်လာနေသည်။
 
COVID-19 ကပ်ရောဂါ၏ ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများရှိနေသေးသည့်တိုင် အာဆီယံသည် အီးယူကို ကျော်တက်ကာ တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ရပ်တည်လာခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏ သည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၁.၅ ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၇၅.၃ ဘီလီယံအထိ အားကောင်းလာခဲ့သည်။
 
၂၀၂၀ ခုနှစ်တွင် စီးပွားရေးအရ မြင့်တက်လာသော အာဆီယံသည် တရုတ်၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဥရောပသမဂ္ဂကို ကျော်ဖြတ်ကာ တရုတ်သည်လည်း အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၁၄ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။တရုတ်နှင့် အာဆီယံတို့ ပေါင်းစပ်ထားသော လူ ၂ ဘီလီယံ၏ စားသုံးသူဈေးကွက်ကို ယခုအခါ ကိုယ်စားပြုနေပြီဖြစ်သည်။
 
အာဆီယံသည် တရုတ်နှင့် အိန္ဒိယပြီးလျှင် ကမ္ဘာ့တတိယမြောက် လူဦးရေအများဆုံးရှိသည့် စီးပွားရေးနိုင်ငံများအုပ်စုဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ပေါင်းစပ်လူဦးရေသည် သန်း ၆၆၀ ရှိကာ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၈.၅ ရာ ခိုင်နှုန်းရှိသည်။
 
ကုလသမဂ္ဂက ထုတ်ပြန်သည့် ကမ္ဘာ့လူဦးရေအလားအလာအရ အာဆီယံဒေသရှိ လူဦးရေ၏ ပျမ်းမျှအသက်သည် ၃၀.၃ နှစ်ဖြစ်ပြီး တရုတ်ပြည်မကြီး (၃၈.၄ နှစ်) နှင့် ဟောင်ကောင် (၄၄.၈ နှစ်) တို့ထက် များစွာနိမ့်ပါးသည်။ဤကြီးမားသော လူငယ် လူဦးရေမှ ထုတ်ပေးသော ကြီးမားသော သုံးစွဲမှုစွမ်းအားကြောင့် အာဆီယံသည် လာမည့် ၁၀ နှစ်အတွင်း ကမ္ဘာ့ဈေးကွက်တွင် စားသုံးသူ သန်း ၁၄၀ တိုးလာမည်ဖြစ်ကာ တစ်ဦးချင်း GDP သည် နှစ်စဉ် ပျမ်းမျှ ၄ ရာခိုင်နှုန်းဖြင့် တိုးလာမည်ဟု World Economic Forum မှ ခန့်မှန်းထားသည်။ရာခိုင်နှုန်းအရ ပဉ္စမအကြီးဆုံး စီးပွားရေးနိုင်ငံအုပ်စုကြီးအဖြစ် ရပ်တည်ချက်မှ ၂၀၂၃၀ ခုနှစ်တွင် စတုတ္ထအကြီးဆုံးအဆင့်သို့ တက်လာမည်ဖြစ်သည်။
 
စျေးကွက်ဝယ်လိုအားအပြင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၏ စီးပွားရေးသည်လည်း ယခုနှစ်များတွင် သိသိသာသာ ကောင်းလာခဲ့သည်။ကမ္ဘာ့ဘဏ်၏ Doing Business အစီရင်ခံစာအရ အာဆီယံဒေသတွင်း စီးပွားရေးလုပ်ရန် လွယ်ကူမှုအဆင့်မှာ မြင့်တက်လာခဲ့သည်။အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စင်ကာပူ၏ စီးပွားရေးလုပ် ရန် လွယ်ကူမှုအဆင့်သည် ကမ္ဘာ့ထိပ်ဆုံး သုံးနိုင်ငံထဲတွင်ရှိကာ မလေးရှားသည် ၂၀၂၀ ခုနှစ်တွင် အဆင့် ၂၃ မှ ၁၂ အထိ တက်လာပြီး အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်တို့သည် အဆင့် ၁၂၂ နှင့် ၁၄၄ တို့မှ အဆင့် ၇၃ နှင့် ၉၅ သို့ သိသိသာသာ တက်လာခဲ့သည်။
 
ပထဝီဝင်အနေအထားအရ တရုတ်နှင့် အာဆီယံဒေသသည် နီးကပ်နေပြီး မကြာသေးမီနှစ်များအတွင်း BRI ၏ ပရောဂျက်များကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အားကောင်းလာခဲ့သည်။ထိုအကျိုးဆက်ကြောင့် စီးပွားရေးတိုးတက် ထွန်းကားလာသည့် အာဆီယံနှင့် ရေရှည်တည်ငြိမ်သော နှစ်ဘက်ကုန်သွယ်မှုဆက်ဆံရေးကို တည်ဆောက်ခဲ့သည်။
 
၁၉၉၁ ခုနှစ်တွင် အာဆီယံ-တရုတ် တွေ့ဆုံဆွေးနွေးရေးဆက်ဆံရေး စတင်တည်ထောင်ချိန်မှစ၍ တရုတ်နှင့် အာဆီယံအကြား ဆက်ဆံရေးသည် ဆက်လက်တိုးတက် ကောင်းမွန်လာခဲ့သည်။လွန်ခဲ့သည့် နှစ် ၃၀ အတွင်း တရုတ်-အာဆီယံ ဆက်ဆံရေးသည် ထူးထူးခြားခြား တိုးတက်အောင်မြင်ခဲ့ပြီး ၁၁ နှစ်အတွင်း လူပေါင်း ၂ ဘီလီယံကျော်အတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။
 
၂၀၀၂ ခုနှစ်တွင် အာဆီယံနှင့် တရုတ်နိုင်ငံကြား ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၀ ခုနှစ် တွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေကို စတင်အကောင်အထည်ဖော်ခဲ့သည်။ထိုသို့သော ပြည်ပနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းမှုတွင် အာဆီယံသည် တရုတ်နိုင်ငံ၏ ပထမဆုံးဖြစ်သည်။အဆိုပါစီမံချက်များအောက်တွင် အကောက်ခွန်များ လျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုစျေးကွက်များ ဖြေလျှော့ပေးခြင်းကြောင့် နှစ်ဘက်ကုန်သွယ်မှုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ၂၀၀၉ ခုနှစ်မှစ၍ တရုတ်ပြည်မကြီးသည် အမေရိကန်နှင့် ဥရောပကို ကျော်တက်ပြီး အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာခဲ့သည်။
 
အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ အဆိုအရ ၂၀၂၀ ခုနှစ်တွင် တရုတ်နှင့် အာဆီယံအကြား ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၁၆ ဒသမ ၉ ဘီလီယံရှိပြီး အာဆီယံ၏ နိုင်ငံခြားကုန်သွယ်မှု၏ လေးပုံတစ်ပုံ (၂၄ ဒသမ ၇ ရာခိုင်နှုန်း)၊ ၂၀၀၉ ခုနှစ်တွင် ၁၅ ဒသမ ၃ ရာခိုင်နှုန်းမှ တက်လာခဲ့သည်။
 
၂၀၂၀ ခုနှစ်ထိ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာပြီး တရုတ်ပြည်မကြီး ပြည်ပကုန်သွယ်မှု စုစုပေါင်း၏ ၁၄.၇ ရာခိုင်နှုန်းရှိသည်။အာဆီယံ ၁၀ နိုင်ငံအနက် တရုတ်နှင့် ဗီယက်နမ်၏ ကုန်သွယ်မှုသည် မြင့်တက်လာခဲ့သည်။မကြာသေးမီနှစ်များအတွင်း တရုတ်-အာဆီယံ ကုန်သွယ်မှုတွင် ဗီယက်နမ်၏ ပါဝင်မှုသည် ၂၀၁၀ ခုနှစ်တွင် ၁၀.၃ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် ၁၉.၄ ရာခိုင်နှုန်းနှင့် ၂၀၂၀ ခုနှစ်တွင် ၂၈.၁ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်။ဗီယက်နမ်နောက်တွင် မလေးရှား (၁၉.၂ ရာခိုင်နှုန်း)၊ ထိုင်း (၁၄.၄ ရာခိုင်နှုန်း) နှင့် စင်ကာပူ (၁၃) ရာခိုင်နှုန်းဖြင့်ရှိကာ ထိုလေးနိုင်ငံနှင့် တရုတ်နိုင်ငံကုန်သွယ်မှုသည် တရုတ်နှင့် အာဆီယံအကြား စုစုပေါင်း၏ ၇၄.၇ ရာခိုင်နှုန်းရှိခဲ့သည်။
 
အာဆီယံသည် တရုတ်နိုင်ငံသို့ အဓိက ရိက္ခာတင်သွင်းသူလည်း ဖြစ်လာနိုင်ခြေရှိလာသည်။
 
၂၀၂၂ ခုနှစ် တစ်ခုတည်းတွင် တရုတ်နိုင်ငံသည် အာဆီယံ လယ်ယာထွက်ကုန်များ၏ ယွမ်ငွေ ၂၄၆.၈၆ ဘီလီယံ (ဒေါ်လာ ၃၃.၈၅ ဘီလီယံ) တန်ဖိုး တင်သွင်းခဲ့သည်။ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးများ၊ ထိုင်းနှင့် မလေးရှားနိုင်ငံမှ ဒူးရင်း၊ ကမ္ဘောဒီးယားမှ လေချူသီး (တောကြက်မောက်သီး) နှင့် လာအိုနိုင်ငံမှ စူကာသီးများ ပါဝင်သည်။
 
Maybank Singapore ၏ ၂၀၂၃ ခုနှစ် ဇူလိုင်လ အစီရင်ခံစာအရ ၂၀၁၃ ခုနှစ်တွင် စခဲ့သည့် BRI ၏အောက်မှ အာဆီယံနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ်များသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၇.၉ ဘီလီ ယံဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ  ၁၀.၈ ဘီလီယံ၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈.၆ ဘီလီယံ ရှိခဲ့သည်။အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား တိုးမြှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် နယ်ပယ်များစွာတွင် ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံ၊ လျှပ်စစ်ကားများနှင့် အစိမ်းရောင်စီးပွားရေးတို့ရှိသည်။
 
တရုတ်နှင့် အနီးကပ်ဆုံးနိုင်ငံများဖြစ်သည့် အာဆီယံသို့ အမေရိကန်၏ ချည်းကပ်မှုသည့် သမ္မတ ဘိုင်ဒင် လက်ထက်တွင် ပြန်လည်မြင်လာရသော်လည်း အာဆီယံနိုင်ငံများအဖို့ တရုတ်နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် တစ်ပေါင်းစည်းတည်းဖြစ်လာနေရာ အမေရိကန်နှင့် ပို၍နီးကပ်လာဖွယ်မမြင်ချေ။တရုတ်နိုင်ငံကလည်း အ နောက်နိုင်ငံများနှင့် လက်ရှိဆက်ဆံရေး မကောင်းသောကြောင့် ပေကျင်းသည် အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းကို အာရုံစိုက်မည်ဖြစ်သည်ကို ခန့်မှန်းတွက်ချက်မှုများရှိနေရာ အရှေ့တောင်အာရှသည် တရုတ်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု ဦးစားပေးအဖြစ် ဆက်၍ တည်ရှိနေဦးမည်ဖြစ်သည်။
 
မကြာသေးမီက ထိုင်းသို့လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်သည် အာဆီယံကို တရုတ်က မည်မျှအာရုံစိုက်နေသည်ကိုပြသနေသည်။ဝမ်သည် ၂၀၂၃ ခုနှစ်ဇူလိုင်လတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။
 
ဝမ်ယိ၏ ထိုင်းခရီးစဉ်အတွင်း တရုတ်နှင့် ထိုင်း အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို မတ် ၁ ရက်မှ စပြီး ကျင့်သုံးရန် သဘောတူခဲ့သည်။ထိုသဘောတူညီချက်ကြောင့် ထိုင်းအပါအဝင် စင်ကာပူ၊ မလေးရှား စသည့် သုံးနိုင်ငံမှာ တရုတ်နှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ကျင့်သုံးနိုင်ပြီဖြစ်သဖြင့် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်းမှာ ပိုအားကောင်းလာတော့မည်ဖြစ်သည်။
 
ကိုဗစ်ကပ်ရောဂါမဖြစ်မီ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံတကာခရီးသွားများ၏ အရေးအကြီးဆုံး ရင်းမြစ်ဖြစ်ပြီး တရုတ်ခရီးသွားများက နိုင်ငံရပ်ခြားတွင် ဒေါ်လာ ၂၅၅ ဘီလီယံ သုံးစွဲခဲ့ရာ နိုင်ငံတကာခရီးသွားလုပ်ငန်းအတွက် စုစုပေါင်းအသုံးစရိတ်၏၂၀ ရာခိုင်နှုန်းထိရှိခဲ့သည်။ထို ၂၅၅ ဘီလီယံ သုံးစွဲမှု ထဲမှ ၁၃ ရာခိုင်နှုန်းကို အာဆီယံနိုင်ငံများတွင် သုံးစွဲခဲ့ရာ အာဆီယံနိုင်ငံများအတွက် တရုတ်နိုင်ငံသည် ခရီးသွားအရင်းမြစ်အဖြစ် အရေးပါသောနေရာတွင် ရှိနေလေသည်။
 
မကြာမီ တရုတ်နှစ်သစ်ကူးကာလသို့ရောက်တော့မည်ဖြစ်သည်။ဝမ်ယိ ခရီးစဉ်အတွင်း သဘောတူခဲ့သည့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကြောင့် သက်ရောက်လာမည့် အကျိုးဆက်သည် အာဆီယံဒေသ၏ စီးပွားရေးကို ထိထိရောက်ရောက် အကျိုးပြုဖို့ များနေလေသည်။
 
ထိုသည်မှာ ခိုင်မာသော တရုတ်-အာဆီယံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး၏ အနာဂတ်ကို ပြနေခြင်းပင်ဖြစ်သည်။
 
စိုးငြိမ်း