【 နိုင်ငံတကာဆောင်းပါး 】 နည်းပညာအခြေခံ တရုတ်စီးပွားရေး သစ်လွင်မှု

【 နိုင်ငံတကာဆောင်းပါး 】 နည်းပညာအခြေခံ တရုတ်စီးပွားရေး သစ်လွင်မှု

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ခါးပတ်လမ်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာ  တီထွင်ဆန်းသစ်မှုကို ဆက်လက်ရှေ့တန်းတင်သွားမည်ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
 
နိုင်ငံခေါင်းဆောင်ပိုင်းက အရည်အသွေးမြင့် သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုအပေါ် အာရုံစိုက်ခြင်းသည် ရင်းနှီးမြုပ်နှံသူများအတွက် တရုတ်စီးပွားရေးကို ဘက်စုံအခွင့်အလမ်းများသည့် နိုင်ငံအဖြစ် ရှုမြင်စရာဖြစ်ခဲ့သည်။
 
မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှုလုပ်ငန်းနှင့် စွမ်းအင်အသစ်နှင့် ကွမ်တမ်နည်းပညာကဲ့သို့ သော အနာဂတ်စက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရိုးရာစက်မှုလုပ်ငန်းများ ပိုမိုစမတ်ကျကာ ပိုမိုဆန်းသစ်လာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ စီးပွားရေးအခင်းအကျင်းသည် ပြောင်းလဲလာနေသည်။
 
တရုတ်နိုင်ငံတွင် ယခုနောက်ပိုင်း New Quality Productivity (အရည်အသွေးသစ် ကုန်ထုတ်စွမ်း အား) ကို အလေးထားလာသလို အာရုံလည်းစိုက်လာခဲ့သည်။ထိုစကားသည် ယမန်နှစ်စက်တင်ဘာလက တရုတ်နိုင်ငံအကြီးအကဲ ရှီကျင့်ဖျင် အရှေ့မြောက်ပိုင်းသို့ သွားရောက်ကွင်းဆင်းလေ့လာစဉ် စတင်သုံးစွဲပြောကြားခဲ့ပြီးနောက် တရုတ်တွင် နှစ်တစ်နှစ်၏ ရေပန်းစားစကားလုံး ဖြစ်လာခဲ့သည်။ထိုစကားစုနှင့်ပတ် သက်ပြီး ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏ စုပေါင်းလေ့လာရေး အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့သည်။
 
ရှီက အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဆိုသည့် အယူအဆမှာ အဓိပ္ပါယ်သုံးမျိုး ပါဝင်ကြောင်း၊ ပထမတစ်မျိုးက “ထုတ်လုပ်မှုစွမ်းအား” ဖြစ်ကြောင်း၊ ဒုတိယတစ်မျိုးက “ဆန်းသစ်တီထွင်မှု” ဖြစ်ကြောင်း၊ တတိယတစ်မျိုးက “အရည်အသွေးနဲ့ ပုံစံ” ဖြစ်ကြောင်း ပြောခဲ့သည်။
 
စီးပွားရေးပညာရှင်များက ရှီကျင့်ဖျင်ရဲ့ စီးပွားရေးဆိုင်ရာ အယူအဆတွေကို တစ်စုတဝေးတည်း ဖော်ပြနေသည့် ‘အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား’ သည် သိပ္ပံနဲ့ နည်းပညာ အဆင့်မြှင့်တဲ့၊ စွမ်းဆောင်ရည်မြင့် မားတဲ့၊ အရည်အသွေးမြင့်မားတဲ့ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးနဲ့ ပုံစံကို ပိုပြီးအလေးထားကြောင်း၊ ခေတ်သစ်မှာ တရုတ်နိုင်ငံရဲ့စီးပွားရေး ဆက်တိုက်တည်ငြိမ်ကောင်းမွန်ရေး၊ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ဘက်စုံတွန်းအားပေးမြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမြောက် ထွန်းသစ်စလုပ်ငန်းတွေနဲ့ အနာဂတ်လုပ်ငန်းတွေကို ဦးဆောင်ရန်တို့အတွက် သိပ္ပံနည်းကျတဲ့ သီအိုရီနဲ့ လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ လမ်းညွှန်မှုတွေကိုပေးနေကြောင်း မှတ်ချက်ပြုခဲ့သည်။
 
တရုတ်ပြည်တွင်းရှိ သမားရိုးကျ စက်မှုလုပ်ငန်းများ၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရန်အတွက် ရှီ၏ လမ်းညွှန်ချက်က ထိရောက်မှုရှိခဲ့သည်။ ‘အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား’ အယူအဆဖြင့် သမားရိုးကျ စက်မှုလုပ်ငန်းများကို ပြုပြင်မွမ်းမံခြင်းနဲ့ အဆင့်မြှင့်တင်ခြင်းကို နည်းပညာကိုသုံးစွဲကာ ဒစ်ဂျစ်တယ်နဲ့ စမတ်ကျစွာ ပြုပြင်မွမ်းမံခြင်းဖြင့် လူမလိုအပ်ဘဲ လုပ်ငန်းလည်ပတ်မှုကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် ကုန်ထုတ်စွမ်းအားကို တိုးတက်စေသည်။
 
ရှီ၏ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း၏ အဓိက အချက်မှာ အပြောင်းအလဲနဲ့ အဓိကကျတဲ့ နည်းပညာဆန်းသစ်တီထွင်မှုကို အဓိကမောင်းနှင်အားအဖြစ် လုပ်ဆောင်ပြီး ဆန်းသစ်တီထွင်မှုရလဒ်တွေကို စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်မီအသုံးချခြင်းဖြစ်သည်။
 
လက်ရှိတွင် တရုတ်အစိုးရဌာနများက လူပုံသဏ္ဍာန်စက်ရုပ်၊ ကွမ်တမ်ကွန်ပျူတာ၊ metaverse ဝင်ပေါက်၊ 6G ကွန်ရက်ပစ္စည်း၊ ဦးနှောက်နှင့် ကွန်ပျူတာ အပြန်အလှန်ဆက်သွယ်မှု၊ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး စတဲ့ ခေတ်ရှေ့ပြေးနည်းပညာတွေကို တွန်းအားပေးမြှင့်တင်လျက်ရှိရာ  ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နည်းပညာမြင့်စက်မှုလုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် ထင်ရှားတောက်ပနေသော နေရာတစ်ခုဖြစ်လာခဲ့သည်။
 
ဇန်နဝါရီလအစောပိုင်းတွင် တရုတ်နိုင်ငံအရှေ့ပိုင်း၊ Hefei မြို့တော်သည် ၎င်း၏ ပထမဆုံးသော အဓိကပရောဂျက်အုပ်စုကို စတင်ဆောင်ရွက်ခဲ့ပြီး စက်မှုလုပ်ငန်းရင်းနှီးမြုပ်နှံမှု စုစုပေါင်း ယွမ် ၃၆.၇ ဘီလီ ယံ (အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံခန့်) ၏ ၈၀ ရာခိုင်နှုန်းကျော်ကို စွမ်းအင်သုံးယာဉ်အသစ်များ (NEVs) ၊ မျိုးဆက်သတင်းအချက်အလက်နည်းပညာနှင့် photovoltaic ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံခဲ့သည်။
 
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟီနန်ပြည်နယ်တွင် အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှုလုပ်ငန်းများအတွက် ပရောဂျက်များအတွက် ယွမ်ငွေ ဘီလီယံ ၆၀၀ နီးပါး တန်ဖိုးရှိ စာချုပ်များကို ယခုနှစ်အစတွင် လက်မှတ်ရေးထိုးခဲ့သည်။
 
တရုတ်နိုင်ငံ အရှေ့ဘက်၊ Fujian ပြည်နယ်၊ Xiamen တွင် စွမ်းအင်အသစ်၊ ပစ္စည်းအသစ်များနှင့် ဇီဝဆေးဝါးဆိုင်ရာ ပရောဂျက်များသည် ယွမ်ငွေ ၅၃ ဘီလီယံတန်သော နှစ်သစ် စက်မှုစီမံကိန်းများထဲတွင် ပါဝင်ခဲ့သည်။
 
အဆိုပါစက်မှုလုပ်ငန်းကဏ္ဍသည် တရုတ် ယွမ်ငွေ ၄၂၃ ဒသမ ၃၄ ဘီလီယံ တန်ဖိုးရှိ FDI ကို ဆွဲဆောင်ခဲ့ပြီး ထိုပမာဏသည် ၂၀၂၃ ခုနှစ် တစ်နှစ်တာ FDI ၏ ၃၇ ဒသမ ၃ ရာခိုင်နှုန်းထိ စံချိန်တင်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်အဆင့်နှင့် နှိုင်းယှဉ်ပါက ၎င်းနည်းပညာကဏ္ဍ အချိုးအစားသည် ၁.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။ယခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ၏ အဆင့်မြင့်သိပ္ပံနည်းပညာလုပ်ငန်းနယ်ပယ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏမှာ ယွမ် ၃၉.၁၆ ဘီလီယံရှိခဲ့သည်။ ရထိုပမာဏထဲမှ ၄၀.၆ ရာခိုင်နှုန်းမှာ အဆင့်မြင့်သိပ္ပံနည်းပညာ ကုန်ထုတ်လုပ်မှုနယ်ပယ်တွင် ရင်းနှီးမြုပ်နှံခြင်းဖြစ်သည်။
 
တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တွင် စွမ်းအင်အသစ်၊ အဆင့်မြင့်စက်ကိရိယာများနှင့် ဇီဝနည်းပညာကဲ့သို့သော မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှုလုပ်ငန်းများ၏ ဝေစုသည် ၂၀၁၄ ခုနှစ်တွင် ၇.၆ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ထိုအချိုးကို ၁၇ ရာခိုင် နှုန်းကျော်အထိ မြှင့်တင်ရန် စီစဉ်ထားသည်။
 
လက်ရှိအချိန်တွင် ခေတ်ရှေ့ပြေးနည်းပညာများသည် အစပျိုးသည့်အဆင့် (သို့မဟုတ်) စက်မှုလုပ်ငန်း ဖော်ဆောင်သည့် ကနဦးကာလသာရှိသေးပြီး သိသာသော ဗျူဟာမြောက်မှု ဦးဆောင်မှု၊ ကြီးမားစွာ ပြောင်းလဲမှု၊ မသေချာမှုတို့ရှိနေသော်လည်း အနာဂတ်တွင် အလားအလာရှိသည့် ထွန်းသစ်စ စက်မှုလုပ်ငန်းများအဖြစ် ပေါ်ထွက်လာရန် သေချာနေသည်။ထို့ကြောင့်လည်း တရုတ်သမ္မတ ရှီက အရည်အသွေးသစ် ကုန် ထုတ်စွမ်းအားကို ဖွံ့ဖြိုးတိုးတက်အောင်အတွက် သမားရိုးကျလုပ်ငန်းများတွင်ပါ နည်းပညာသုံးရန်နှင့်  နည်းပညာသစ် စက်မှုလုပ်ငန်းများ အခြေချလာနိုင်ရန် မြှင့်တင်ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။
 
လက်ရှိတွင် စီးပွားရေးတိုးတက်မှုကို ဦးဆောင်နေသည့် မဏ္ဍိုင်သစ်နဲ့ လမ်းကြောင်းသစ်ဖြစ်နေသည့် နိုင်ငံခြားကုန်သွယ်မှု၏ “ပစ္စည်းသစ်သုံးမျိုး” ဟုခေါ်ကြသော လျှပ်စစ်ကား၊ လီသီယမ်-အိုင်းယွန်း အားသွင်းနိုင်သည့် ဘက်ထရီ၊ ဆိုလာဘက်ထရီ စသည့် ကြီးမားသည့် ထွန်းသစ်စ စက်လုပ်ငန်းများကို အားထည့်လုပ်ဆောင်ကာ ဦးစားပေးခဲ့သဖြင့် နည်းပညာအခြေခံလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ထိုးတက်ခဲ့သည်။
 
တရုတ်ပြည်တွင်းရှိ နည်းပညာသစ် စက်မှုကဏ္ဍသို့ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှု များသည်လည်း တိုးလာခဲ့သည်။အချက်အလက်များအရ ပြင်သစ်နှင့် ဆွစ်ဇာလန်မှ ရင်းနှီးမြှုပ်နှံမှုသည် ၂၅ ဆ နှင့် ၁၁ ဆ အသီးသီးတိုးလာပြီး ဂျာမနီ၊ သြစတြေးလျနှင့် စင်ကာပူတို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၁၁.၈ ရာခိုင်နှုန်း၊ ၁၈၆.၁ ရာခိုင်နှုန်း နှင့် ၇၇.၁ ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့သည်။ထိုအခြေအနေများကြောင့် ၂၀၂၄ ခုနှစ်တွင်လည်း နည်းပညာမြင့်စက်မှုလုပ်ငန်းများသည် တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုများအတွက် အဓိကနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိဖို့ သေချာနေသည်။
 
ရှီ၏ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ခြင်း အယူအဆသည် တရုတ်ပြည်တွင်းတစ်ခုတည်းသာမက ကမ္ဘာအတွက်ပါ အကျိုးရှိသော အယူအဆဖြစ်နေပြီဖြစ်သည်။အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ခြင်းသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာရှိ ပြဿနာအချို့ကို ဖြေရှင်းရာတွင် ကြီးမားသည့် အကျိုးသက်ရောက်မှုများ ရှိနေသည်ကိုလည်း မြင်နေရသည်။
 
ရှီ၏ ထုတ်လုပ်မှုစွမ်းအားသစ်များ ဖော်ဆောင်ခြင်းသည် ယခုအခါ တရုတ်အတွက်သာမက ကမ္ဘာ့နိုင်ငံများစွာအတွက်ပါ ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ပုဒ်သဖွယ် ဖြစ်လာနေမလားဆိုသည်မှာ စောင့်ကြည့်စရာဖြစ်သည်။
 
စိုးငြိမ်း