【 နိုင်ငံတကာဆောင်းပါး 】 ပိုမိုကျယ်ပြန့်သော တံခါးဖွင့်မှုနှင့်အတူ တရုတ်စီးပွားရေး တိုးတက်လာ

【 နိုင်ငံတကာဆောင်းပါး 】 ပိုမိုကျယ်ပြန့်သော တံခါးဖွင့်မှုနှင့်အတူ တရုတ်စီးပွားရေး တိုးတက်လာ

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ပြောင်းလဲလာသော နိုင်ငံတကာပတ်ဝန်းကျင်ကို ထိတွေ့ခြင်းနှင့်အတူ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးပွင့်လင်းမှုအတွက် ခိုင်မာသော ထောက်ခံအားပေးသူအဖြစ် ဆက်လက်တည်ရှိနေပြီး အပြုသဘောဆောင်သော လုပ်ဆောင်ချက်များဖြင့် ပွင့်လင်းမြင်သာမှု ကြိုးပမ်းမှုများတွင် တိုးတက်မှုများ ရရှိခဲ့သည်။

၂၉ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ပိုမိုကျယ်ပြန့်သော အဆင့်အတန်းမြင့်မြင့် ဖွင့်လှစ်ရန် ၎င်း၏ သန္နိဋ္ဌာန်ကို ထပ်မံအတည်ပြုခဲ့ပြီး ပွင့်လင်းမြင်သာမှုကို တက်ကြွစွာချဲ့ထွင်ကာ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းကြရန် အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုခဲ့သည်။

ပြီးခဲ့သောဆယ်စုနှစ်များအတွင်း တည်ငြိမ်သော စီးပွားရေးတိုးတက်မှုနှင့်အတူ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆိုက်ကပ်ရမည့် နေရာဖြစ်လာသည်။

၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်မကြီး၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ပထမအကြိမ်အဖြစ် ယွမ် ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၄၀.၁၈ ဘီလီယံ) ကျော်သွားကာ ၂၀၁၂ ခုနှစ်အဆင့်ထက် ၆၂.၉ ရာခိုင်နှုန်းတိုးကာ ကမ္ဘာပေါ်တွင် ဒုတိယအဆင့်ရှိလာခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး နှေးကွေးနေသော်လည်း နိုင်ငံတွင်းသို့ နိုင်ငံခြားငွေ စီးဆင်းမှုသည် ပထမ ၁၀ လအတွင်း ယွမ် ၁.၀၉ ထရီလီယံနီးပါးအထိ တိုးလာကာ တစ်နှစ်ထက် တစ်နှစ် ၁၄.၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ခိုင်မာသော ဆွဲဆောင်မှုနောက်ကွယ်တွင် တရုတ်နိုင်ငံ၏ တည်ငြိမ်သော စီးပွားရေးစွမ်းဆောင်မှု၊ မယိမ်းယိုင်သော တံခါးဖွင့်မူဝါဒ၊ ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပိုမိုခိုင်မာစွာ အကာအကွယ်ပေးရေးတို့ရှိခြင်းကြောင့်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ တရုတ်နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအကယ်ဒမီမှ သုတေသီ ဘန်မင်းက ဆိုသည်။

၂၀၂၀ ခုနှစ်တွင် ယွမ် ၁၀၀ ထရီလီယံ သတ်မှတ်ချက်ကို ဖြတ်ကျော်ပြီးနောက်၊တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် ယွမ် ၁၁၄ ထရီလီယံကျော်အထိ တိုးလာခဲ့ကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အတွက် ၃၀ ရာခိုင်နှုန်းကျော် ပံ့ပိုးပေးနိုင်ခဲ့သည်။

တရုတ် GDP မှာ ၂၀၁၂ ခုနှစ်တွင် ယွမ် ၅၃.၈၆ ထရီလီယံဝန်းကျင်သာရှိပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ ၁၁.၅ ရာခိုင်နှုန်းခန့်သာရှိခဲ့သည်။

ကုန်သွယ်မှု ချဲ့ထွင်မှုကို တွန်းအားပေးခဲ့သဖြင့် ထိုကဲ့သို့ ခိုင်မာသော တိုးတက်မှုဖြစ်ထွန်းခဲ့ကာ တရုတ်နိုင်ငံသည် ယခုအခါ နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်အတွက် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး ၂၀၂၁ ခုနှစ်တွင် ၎င်း၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ကုန်သွယ်မှုတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆.၉ထရီလီယံရှိလာခဲ့ပြီး တစ်ကမ္ဘာလုံးတွင် နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။

ထို့ပြင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ လွတ်လပ်စွာ ကုန်သွယ်မှုမြှင့်တင်ရန် ပလပ်ဖောင်းများစွာကို တည်ထောင်ရန်လည်း အစပျိုးလုပ်ဆောင်နိုင်ခဲ့သည်။

ကပ်ရောဂါကြောင့် အနှောင့်အယှက်များရှိခဲ့သော်လည်း တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန် ကုန်စည်ပြပွဲ၊ ဝန်ဆောင်မှုများအတွက် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ လူသုံးကုန် ကုန်စည်ပြပွဲအပါအဝင် ကုန်စည်ပြပွဲအများအပြားကို လက်ခံကျင်းပပေးခဲ့သည်။

နိုင်ငံ၏ စီးပွားရေးတံခါးဖွင့်မှုကို စျေးကွက်ဦးတည်ကာ ဥပဒေအခြေပြု ချဉ်းကပ်မှုဖြင့် ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ရန် ကြိုးပမ်းလာသည်နှင့်အမျှ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုသည် ထင်ရှားသော အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။

လွတ်လပ်သောကုန်သွယ်မှုကို လက်ကိုင်ပြုသည့်အနေဖြင့် တရုတ်နိုင်ငံသည် မိတ်ဖက်များနှင့် ကုန်သွယ်မှုအတားအဆီးများကို လျှော့ချရန်လည်း လုပ်ဆောင်နေပြီး ပြည်တွင်း၌ ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်မှုဇုန် ၂၁ ခုနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ် ၁၉ ခုကို လက်မှတ်ရေးထိုးခဲ့သည်။    

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်တစ်ခု ဖြစ်လာခဲ့သည်။၎င်းသဘောတူညီချက် အကောင်အထည်ဖော်မှုဖြင့် ယခုနှစ်မှစတင်ကာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုကုန်ကျစရိတ်ကို လျှော့ချရန်နှင့် လုပ်ငန်းများအတွက် မြင်သာထင်သာသော အကျိုးခံစားခွင့်များ ဖန်တီးပေးနိုင်ရန် ကူညီပေးမည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် Belt and Road Initiative လမ်းကြောင်းတစ်လျှောက် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ကြီးထွားလာခဲ့ပြီး သြဂုတ်လကုန်အထိ တရုတ်နှင့် Belt and Road တစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁၂ ထရီလျံခန့် ရောက်ရှိခဲ့သည်။

ဆယ်စုနှစ်တစ်ခုကြာအောင် ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးမြှင့်အသုံးချမှု၊ တရားဥပဒေဆိုင်ရာ အကာအကွယ်များတိုးမြှင့်မှု၊ နိုင်ငံခြားအရင်းအနှီးအတွက် ပိုမိုပွင့်လင်းသော စျေးကွက်ဝင်ရောက်မှုနှင့် ပိုမိုအဆင့်မြင့်သည့် စျေးကွက်တစ်ခုဖြစ်လာကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ တာဝန်ရှိသူ ရှီကွမ်း (Xia Qing) က ပြောကြားခဲ့သည်။

စံနှုန်းမြင့်မားသောမြင့်မားသော နိုင်ငံတကာစည်းမျဉ်းများနှင့် ပိုမိုလိုက်လျောညီထွေဖြစ်စေရန် တရုတ်နိုင်ငံသည် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး (CPTPP) နှင့် ဒစ်ဂျစ်တယ်စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက် (DEPA) တွင် ၎င်း၏ ပါဝင်မှုကို ဆက်လက်တိုးတက်စေမည်ဟု ကတိပြုထားသည်။

လူဦးရေ ၁.၄ ဘီလီယံနှင့် ထပ်မံတိုးလာမည်ဟု မျှော်မှန်းထားသည့် သန်း ၄၀၀ ကျော်လွန်သော ဝင်ငွေအလယ်အလတ်ရှိသော အုပ်စုကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အလားအလာအရှိဆုံး ဈေးကွက်ကို ပိုင်ဆိုင်ထားသည်။

ကမ္ဘာ့စီးပွားရေးတွင် အခြားခက်ခဲသော စိန်ခေါ်မှုများနှင့် ကိုယ်ကျိုးစီးပွား အကာအကွယ်ပေးရေးဝါဒ မြင့်တက်လာချိန်တွင် ခေတ်မီတိုးတက်ရေးဆီသို့ ချီတက်နေသော တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ ဖန်တီးရန် ကြိုးပမ်းလျက်ရှိသည်။

စိုးနိုင်ထွန်း
Ref - Xinhuanet | Economic Watch: Chinese economy thriving with wider opening-up over past decade