【 နိုင်ငံတကာဆောင်းပါး 】 ပိုးမွှားမွေးမြူရေးလုပ်ငန်းမှာ ခရီးပေါက်နေတဲ့ တရုတ်

【 နိုင်ငံတကာဆောင်းပါး 】 ပိုးမွှားမွေးမြူရေးလုပ်ငန်းမှာ ခရီးပေါက်နေတဲ့ တရုတ်

ကမ္ဘာမှာ နှစ်စဉ်တိုးပွားလာတဲ့ လူဦးရေနဲ့အတူ လူတို့ရဲ့ စားနပ်ရိက္ခာအတွက် ငါးပုစွန်နဲ့ ငါးဖမ်းလုပ်ငန်းတွေကို အရင်ကထက် ပိုမို မှီခိုနေရပါတယ်။

စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization) ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ ကြီးထွားမှုအမြန်ဆုံးလုပ်ငန်းဟာ ငါးပုစွန်လုပ်ငန်းဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ စိန်ခေါ်မှုအနေနဲ့လုပ်ငန်းကြီးထွား တိုးတက်ရေးမှာ အရည်အသွေးနဲ့ ရေရှည်တည်တံ့တဲ့ အစားအစာ အရင်းအမြစ်တွေ လုံခြုံရရှိစေရေးလည်း အဓိကဖြစ်နေပါတယ်။

ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေအတွက် အဓိကအခက်အခဲမှာ ရေနေသတ္တဝါအစာအတွက် ပရိုတင်းလိုအပ်ချက်ဖြစ်ခဲ့ပြီး ဒီနေရာမှာ သဘာဝကထွက်ရှိတဲ့ ရိုးရာ ပရိုတင်းအရင်းအမြစ်အစာနဲ့ မလုံလောက်တဲ့အခြေအနေတွေကို ကြုံလာကြရပါတယ်။ပြဿနာရဲ့ ကြီးမားချက်အနေနဲ့ဆို FAO ရဲ့ခန့်မှန်းချက်အရ ၂၀၃၀ ခုနှစ်မှာ ငါးပုစွန်မွေးမြူရေးအတွက် အရည်အသွေးမီ ပရိုတင်းဓာတ် ၃၀ ကနေ ၄၀ မက်ထရစ်တန်အထိ လိုအပ်မယ်လို့ ခန့်မှန်းထားခဲ့ဖူးပါတယ်။

ဒါပေမဲ့ ကံကောင်းတာက အင်းဆက်တွေဟာ ငါးမွေးမြူရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ပရိုတင်းအစာကို ဖန်တီးပေးနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ဒါဟာ လူတို့ရဲ့ စားနပ်ရိက္ခာကဏ္ဍအတွက် အရေးပါတဲ့ မွေးမြူရေးကဏ္ဍမှာ အရေးအတကြီး လိုအပ်လာတဲ့ ပရိုတင်းအစာလိုအပ်ချက်ကို ဖြည့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလို ပရိုတင်းအစာလိုအပ်ချက် ဖြေရှင်းတဲ့အရွေ့ထဲ လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်း တရုတ်နိုင်ငံက အတော်လေးခရီးရောက်နေပြီလည်းဖြစ်ပါတယ်။

လတ်တလောမှာပဲ “အင်းဆက်ပိုးမွှားတွေနဲ့ ပုစွန်မွေးမြူခြင်း” နည်းလမ်းကို တရုတ်နိုင်ငံအတွင်း ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိနေတာကို ဖော်ပြမှုတွေ တွေ့ရပါတယ်။ဒီလို အင်းဆက်ပိုးမွှားတွေနဲ့ ပုစွန်မွေးမြူခြင်း နည်းလမ်းမှာဆိုရင် ပုစွန်မွေးမြူသူတွေဟာ တစ် တရုတ်ဧကကို ယွမ် ၂၀၀၀ အကျိုးအမြတ် တိုးပွားလာတယ်လို့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။နှိုင်းယှဉ်ချက်အနေနဲ့ အရင်နှစ်တွေက တစ် တရုတ်ဧကကို ရေချိုပုစွန် ၁၀ ကီလိုဂရမ်လောက်သာ ထွက်ရှိရာက အခုဆိုရင် ၂၅ ကီလိုဂရမ်လောက် ထွက်ခဲ့တာကြောင့် အကျိုးအမြတ်တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

“ဒါက ကျွန်တော်တို့မြို့ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီက လမ်းညွှန်ချက်နဲ့အညီ ‘အင်းဆက်ပိုးမွှားတွေနဲ့ ပုစွန်မွေးမြူခြင်း’ ဆိုတဲ့ နည်းလမ်းသစ်ကြောင့်ပါ” လို့ မွေးမြူရေးတောင်သူ ကျန်းဆွမ်မင်းက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ကျန်းစူးပြည်နယ်၊ ထိုင်းကျိုးမြို့၊ ကျန်ရမ်းဇုန်ချင့်တုန်းရွာမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ပုစွန်နှင့် ကဏန်းတွေ အတူတကွမွေးမြူတဲ့ ရေကန်မှာ ရေချိုပုစွန်များ ပျော်ရွှင်စွာဖမ်းရင်း မွေးမြူရေးတောင်သူ ကျန်းဆွမ်မင်းတစ်ယောက် ပျော်နေခဲ့ပါတယ်။အဲဒီဒေသမှာတော့ မွေးမြူရေးလုပ်ငန်းအတွက် ထိုင်းကျိုးမြို့၊ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီမှ ထူးခြားရေထွက်ကုန်လုပ်ငန်း သုတေသနရုံးကလည်း လာရောက်လုပ်ကိုင်ပေးတဲ့အတွက် နည်းပညာနဲ့ အကူအညီရရှိနေတာကိုလည်း တွေ့ရပါတယ်။

အဲဒီဆောင်းပါး ဖော်ပြချက်မှာတော့ မွေးမြူရေးတောင်သူ ကျန်းဆွမ်မင်းအတွက် ကဏန်းနဲ့ ငါးဖမ်းခြင်းမှာ အခြေခံအားဖြင့် ပြီးဆုံးသွားပြီးနောက် ရေချိုပုစွန်များ အကြီးစားဖမ်းသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီနေရာမှာ အရွယ်အစားအနေနဲ့ ၅ ဂရမ်နဲ့အထက်ရှိတဲ့ ရေချိုပုစွန်ကြီးတွေရဲ့ ထွက်ရှိမှုဟာ တစ် တရုတ်ဧကလျှင် ကီလိုဂရမ် ၂၅ - ၃၀ ရှိပြီး တစ် တရုတ်ဧကလျှင် အစာကုန်ကျစရိတ်အနေနဲ့ ယခင်ထက် ယွမ် ၃၀၀ ကျော် သက်သာတဲ့အတွက် တစ် တရုတ်ဧကတွင် အကျိုးအမြတ် ယွမ် ၂၀၀၀ အထိ တိုးလာနိုင်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

အခြားတစ်ဖက်မှာ အောင်မြင်မှုအနေနဲ့ မကြာသေးမီက ထိုင်းကျိုးမြို့၊ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီအနေနဲ့ “ဂလာဒိုစီရွန်တွေ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မြေသြဇာနဲ့ ကလဒိုစီရန့်စ်တွေကို တည်ငြိမ်စွာ မွေးမြူရေးမှာ ၎င်းရဲ့အသုံးချပုံနဲ့ နည်းလမ်း” မှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသားမူပိုင်ခွင့် ရရှိခဲ့တယ်လို့ ယင်းအကယ်ဒမီရဲ့ ထူးခြားရေထွက်ကုန်လုပ်ငန်း သုတေသနရုံးမှ လက်ထောက်သုတေသီ ရန်ကျီကျင်းက ပြောကြားခဲ့ပါတယ်။

မိုးသား