【 နိုင်ငံတကာဆောင်းပါး 】 ယန်စီမြစ် စီးပွားရေးခါးပတ် အရည်အသွေးမြင့် တိုးတက်ရေး

【 နိုင်ငံတကာဆောင်းပါး 】 ယန်စီမြစ် စီးပွားရေးခါးပတ် အရည်အသွေးမြင့် တိုးတက်ရေး

တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သော အထောက်အပံ့ဖြစ်အောင် ယန်စီမြစ် စီးပွားရေးခါးပတ် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းခဲ့သည်။

ဂေဟပတ်ဝန်းကျင် တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု တိုးတက်မှုတို့ကို ဦးစားပေးကာ ဘက်ပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ် ဖော်ဆောင်ရန် လိုအပ်ကြောင်း သမ္မတ ရှီက ဆိုသည်။

ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုများဖြင့် ဦးဆောင်ကာ တစ်ချိန်တည်းတွင်လည်း ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ကာကွယ်ကာ ဟန်ချက်မျှရမည်ဖြစ်သည်ဟု ဆိုသည်။မူဝါဒများ၏ ကိုက်ညီမှုကို အားကောင်းစေပြီး ရေရှည်အစီအစဉ်များဖြင့် ရေရှည်တည်ငြိမ်သော အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။

ယန်ဇီမြစ်ဝှမ်း စီးပွားရေးခါးပတ် ဖွံ့ဖြိုးတိုးတက်မှု နည်းဗျူဟာ အကောင်အထည်ဖော်လာသည့် ၈ နှစ်အတွင်းတွင် သိသာသော ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြှင့်တင်ကာ အလွန်အကျူးတိုးတက်စေခြင်းကိုလည်း ရှောင်ကြဉ်နိုင်ခဲ့သည်။

မြစ်တစ်လျှောက် ဂေဟဗေဒလိုင်းများကို စောင့်ကြည့်ထိန်းသိမ်းကာ ဘက်ပေါင်းစုံပါဝင်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဖြင့် အရင်းအမြစ်များ မပြုန်းတီးရေး၊ ညစ်ညမ်းမှု လျှော့ချရေးတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှီက ဆိုသည်။

ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှု ဖြတ်တောက်ရေး၊ ညစ်ညမ်းမှုကို တိုက်ဖျက်ရေး၊ သစ်ပင်ပန်းမန်များ များပြားလာရေးနှင့် တိုးတက်မှုကို အတူလုပ်ဆောင်ရေးတို့အား ရှီက ဦးစားပေးပြောဆိုခဲ့သည်။သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ကူးပြောင်းမှုမှာ ထိပ်တန်းဦးစားပေး ဖြစ်သင့်ကြောင်းနှင့် ကာဗွန်ထုတ်လုပ်မှု နည်းပါးသော စက်မှုနယ်ပယ်များ ဖော်ဆောင်ရေး၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု နည်းပညာများ တိုးတက်စေရေးနှင့် ဂေဟဗေဒဆိုင်ရာ အားသာချက်များကို စီးပွားရေးအားသာချက်များအဖြစ် ပြောင်းလဲရေးတို့အတွက် အားထုတ်ကြရန် တိုက်တွန်းခဲ့သည်။

သိပ္ပံနှင့် နည်းပညာ သုတေသနများနှင့် ကျွမ်းကျင်မှုများကို အားသာချက်အဖြစ် ပြောင်းလဲကာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံအသစ်များ ရှာဖွေကြရန်လည်း အလေးပေးပြောဆိုခဲ့သည်။ထုတ်လုပ်ရေးကဏ္ဍ၏ အဓိကယှဉ်ပြိုင်မှုကို အားကောင်းစေပြီး အဆင့်မြင့်ထုတ်လုပ်မှုများဖြစ်ရန်၊ စက်မှုကွင်းဆက်များအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိရန်၊ ပြိုင်ဆိုင်နေသော နယ်ပယ်များအကြား ကွင်းဆက်ကို အားပေးရန်နှင့် ထွက်ပေါ်လာသော နယ်ပယ်အသစ်များအား အားဖြည့်ရန် သမ္မတ ရှီက ဆိုခဲ့သည်။

စီးပွားရေးစင်္ကြံ၏ နေရာအနေအထားနှင့် ဆက်သွယ်နေမှုတို့၏ အားသာချက်များကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်မှု ပုံစံအသစ်ဖော်ဆောင်ကာ တစ်ချိန်တည်းတွင် စံနှုန်းမြင့် တံခါးဖွင့်လှစ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ခြင်းတို့အား လုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း ဆိုသည်။လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်များသည် အရေးပါကြောင်း သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။

ယန်စီမြစ်ဝှမ်းတစ်လျှောက် ပြည်နယ်နှင့် မြို့များအကြားတွင် ဂေဟဗေဒနှင့် အကျိုးအမြတ်အရ မျှဝေသော လူ့အသိုက်အဝန်း တည်ဆောက်ပြီး အတူပူးပေါင်းသော ဒေသတွင်း တိုးတက်မှုရရှိရန် ရှီက တိုက်တွန်းခဲ့သည်။ယန်ဇီမြစ်ဝှမ်း၏ ယဉ်ကျေးမှုတန်ဖိုးများကို အပြည့်အဝ ထိန်းသိမ်းကာ ယန်ဇီမြစ်ဝှမ်းဒေသကို ခရီးသွားဒေသအဖြစ် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖော်ဆောင်ရန် လိုအပ်ကြောင်းလည်း သမ္မတ ရှီက ဆိုသည်။

ယန်စီမြစ်ဝှမ်းဒေသ စီးပွားရေးခါးပတ်သည် တရုတ်နိုင်ငံ၏ အလုံးစုံတိုးတက်မှုအတွက် အရေးပါသည့်အလျောက် ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးတို့အကြားတွင် ဟန်ချက်ညီစေမှုလိုအပ်ကာ အမျိုးသားအစားအစာလုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ ရေအရင်းအမြစ်လုံခြုံရေးနှင့် စက်မှုကွင်းဆက်လုံခြုံရေးများအတွက် ဒေသက အဓိက ကဏ္ဍတွင် ပါဝင်နေသည်ဟု သမ္မတ ရှီက ဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အဓိကနယ်ပယ်များတွင် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပြီး သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများကိုလည်း စိတ်အားထက်သန်စွာဖြင့် ပါဝင်လာစေရန် သမ္မတ ရှီက တိုက်တွန်းခဲ့သည်။

စိုးနိုင်ထွန်း
Ref - CMG | Xi stresses high-quality development of Yangtze River Economic Belt