【 နိုင်ငံတကာဆောင်းပါး 】 အခွင့်အလမ်းများနဲ့ တောက်ပနေတဲ့ တရုတ်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】 အခွင့်အလမ်းများနဲ့ တောက်ပနေတဲ့ တရုတ်စီးပွားရေး

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်လျှင် တရုတ်နိုင်ငံသည် ရင်းနှီးမြုပ်နှံသူများအတွက် ဆွဲဆောင်အားကောင်းသော အခင်းအကျင်းတွင် ရှိနေခဲ့သည်။

တရုတ်အစိုးရမှ ထုတ်ပြန်ထားသည့် နောက်ဆုံးစာရင်းအရ ယခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသို့ အသစ်ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းကုမ္ပဏီပေါင်း ၄၅၈၈ ခု ရှိခဲ့သည်။ထိုအရေအတွက်သည် ပြီးခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၇၄.၄ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။

ထိုတိုးတက်လာမှုကိုကြည့်လျှင် တရုတ်စီးပွားရေးအပေါ် နိုင်ငံတကာရင်းနှီးမြုပ်နှံသူများ ယုံကြည်မှုရှိနေဆဲဆိုသည်ကို ပြနေပြီး ၂၀၂၃ ခုနှစ် တစ်လျှောက်လုံးနှင့် ဒီဘက်နှစ်ပိုင်း အနောက်မီဒီယာများတွင် ဖော်ပြနေသည့် တရုတ်စီးပွားရေးအပေါ် အယုံအကြည်ကင်းမဲ့အောင် ထိုးနှက်နေမှုများသည် ပကတိမြေပြင်အချက်အလက်များနှင့် ကင်းကွာနေသည်ကို ပြနေသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် နိုင်ငံများတိုင်းအတွက် အရေးကြီးသော စီးပွားရေးလုပ်ငန်းစဉ်ဖြစ်သည်။နိုင်ငံအတွက် လိုအပ်သော အရင်းအနှီးနှင့် နည်းပညာကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှ ရရှိသည်။ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အတက်အကျအပေါ်တွင် များစွာမူတည်နေရာ ရင်းနှီးမြုပ်နှံသူဘက်မှလည်း ရင်းနှီးမြုပ်နှံရာတွင် လုံခြုံစိတ်ချရမှု၊ ပြန်ရချက်သေချာမှုတို့ကို ထည့်တွက်ပြီးမှသာ လာရောက်ရင်းနှီးမြုပ်နှံလေ့ရှိကြသည်။ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံရေးအခင်းအကျင်း၊ စီးပွားရေးမူဝါဒတို့မှာ တိုက်ရိုက်ဆက်စပ်လျက်ရှိသည်ဟု ယေဘုယျဆိုကြသည်။

မြင့်တက်လာသော ရင်းနှီးမြုပ်နှံမှုများသည် ထိုနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများစွာရှိနေကြောင်းကို ပြဆိုနေသည်။ KFC နှင့် Standard Chartered ကဲ့သို့သော နယ်ပယ်အသီးသီးတွင် ထိပ်တန်းနိုင်ငံစုံလုပ်ငန်းကြီးများသည် တရုတ်နိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို မကြာသေးမီက တိုးလာခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် McDonald's သည် ၎င်း၏ တရုတ်စီးပွားရေးလုပ်ငန်းတွင် ၎င်း၏ရှယ်ယာများကို ၂၀ ရာ ခိုင်နှုန်းမှ ၄၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ထိုသည်မှာ တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှု အခွင့်အလမ်းများ၊ ပြီးပြည့်စုံသော စက်မှုပံ့ပိုးမှုစွမ်းရည်များ၊ အရည်အသွေးမြင့်မားသော ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်တို့ဖြင့် ထင်ရှားသော ရင်းနှီးမြှုပ်နှံမှု ဦးတည်ရာ နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေခြင်းကြောင့်ဖြစ်သည်။

တရုတ်ပြည်တွင်း၌ ရင်းနှီးမြုပ်နှံမှု တိုးလာခြင်းသည် နိုင်ငံတကာရင်းနှီးမြုပ်နှံနေသူများကြား တိုးတက်ဖြစ်ထွန်းလာနေသည့် အကျိုးအမြတ် ပြန်ရချက်အပေါ် ယုံကြည်မှုကြောင့်ဖြစ်သည်။လွန်ခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံခြားလုပ်ငန်းရှင်များ တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံခြင်းဖြင့် နှစ်စဉ် အကျိုးအမြတ် ၉ ရာခိုင်နှုန်းခန့်ရရှိခဲ့ရာ ကမ္ဘာ့နိုင်ငံများထဲ ထိပ်တန်းစာရင်းဝင်ဖြစ်ခဲ့သည်။ထိုသည်မှာ  ပြီးခဲ့သောနှစ်များအတွင်း ၎င်း၏ စီးပွားရေးပတ်ဝန်းကျင်ကို ပွင့်လင်းမြင်သာအောင် မြှင့်တင်ဆောင်ရွက်ခဲ့သည့် ကြိုးပမ်းမှုများ၏ ရလဒ်များဖြစ်သည်။ထိုသည်မှာ ပြီးခဲ့သည့်နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ညီလာခံက ချမှတ်ခဲ့သည့် အဆင့်မြင့်တံခါးဖွင့်ဝါဒနှင့် ရင်းနှီးမြုပ်နှံသူများကို အကာအကွယ်ပေးသော မူဝါဒများက အဓိကကျလေသည်။

လက်ရှိတွင် နိုင်ငံတကာ၌ စီးပွားရေးတိုးတက်မှု နှေးကွေးလာနေပြီး ကမ္ဘာတစ်ဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှုန်း ကျဆင်းလာနေရာ ရင်းနှီးမြုပ်နှံသူများအနေဖြင့် အကျိုးအမြတ် မသေချာသောနေရာထက် သေချာသောနေရာကို ယခင်ကထက်ပို၍ စိစစ်ရွေးချယ်လာနေကြသည်။

စာရင်းအင်းများအရ တရုတ်နိုင်ငံတွင် အသစ်တည်ထောင်ထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းအရေအတွက်သည် ၂၀၂၃ ခုနှစ်တွင် ၅၃,၇၆၆ သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၃၉.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်ကို ဆွဲဆောင်လျက်ရှိနေသည်။

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အချက်အလက်များအရ တရုတ်နိုင်ငံ၏ FDI သည် ၂၀၂၀ ခုနှစ်တွင် ပထမအကြိမ် ယွမ် ၁ ထရီလီယံ (ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုအပါအဝင်) ကို ကျော်လွန်ခဲ့ပြီး ၂၀၂၁ နှင့် ၂၀၂၂ တို့တွင် တည်ငြိမ်သော တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် သမိုင်းဝင် မြင့်မားသောအဆင့်သို့ ရောက်ရှိခဲ့ပြီး ယွမ် ၁.၁၃ ထ ရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈.၈၉ ဘီလီယံခန့်) ကျော်အထိ ရှိခဲ့သည်။ယမန်နှစ်က ပြင်သစ်၊ ဗြိတိန်၊ နယ်သာလန်၊ ဆွစ်ဇာလန်နှင့် သြစတြေးလျတို့မှ ဝင်လာသော FDI သည် ယခင်နှစ်များထက် ၈၄.၁ ရာခိုင် နှုန်း၊ ၈၁ ရာခိုင်နှုန်း၊ ၃၁.၅ ရာခိုင်နှုန်း၊ ၂၁.၄ ရာခိုင်နှုန်းနှင့် ၁၇.၁ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့သည်။

တရုတ်ဈေးကွက်နှင့်ပတ်သက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အကောင်းမြင်မှုက ကြီးကြီးမားမားရှိနေသည်။မကြာသေးမီက တရုတ်နိုင်ငံရှိ ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်းမှ ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် စစ်တမ်းကောက်ယူသည့် ကုမ္ပဏီများ၏ ၅၉ ရာခိုင်နှုန်းခန့်က တရုတ်နိုင်ငံကို ၎င်းတို့၏ ထိပ်တန်းရင်းနှီးမြှုပ်နှံမှု ၃ ခုအနက်မှ တစ်ခုအဖြစ် ရှုမြင်နေကြဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုသည်ကို ကြည့်လျှင် အနာဂတ်အပေါ် ၎င်း၏ယုံကြည်မှုကို သက်သေပြရန် နိုင်ငံခြားငွေလုံးငွေရင်းများသည် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ခြင်းကို မြင်ရမည်ဖြစ်သည်။

နိုင်ငံ၏ တံခါးကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖွင့်ရန် သန္နိဋ္ဌာန်ချထားခြင်းသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအတွက် လူကြိုက်များ နေရာတစ်ခုအဖြစ် ၎င်း၏ ဆွဲဆောင် တောက်ပနေမှုကို ထိန်းသိမ်းရန် ကူညီပေးပါသည်။

စိုးငြိမ်း