【 နိုင်ငံတကာဆောင်းပါး 】 အာရှဖြတ်ကျော် ရထားလမ်းတွင် အရေးပါသည့် တရုတ်-ထိုင်း ရထားလမ်း

【 နိုင်ငံတကာဆောင်းပါး 】 အာရှဖြတ်ကျော် ရထားလမ်းတွင် အရေးပါသည့် တရုတ်-ထိုင်း ရထားလမ်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်အပြီး တနင်္လာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်မှုတွင် တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထားလမ်း ဖောက်လုပ်မှုကို တရုတ်နှင့် ထိုင်းနိုင်ငံတို့က အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ဖော်ပြခဲ့သည်။

ထိုရထားလမ်းသည် ဖောက်လုပ်ချိန် ကြာမြင့်နေသလို အာရှဖြတ်ကျော်ရထားလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သဖြင့် ထိုလမ်းပိုင်းပြီးစီးဖို့မှာ နှစ်နိုင်ငံအတွက်သာမက အာရှ-ဥရောပရှိ အခြားနိုင်ငံများအတွက်ပါ အရေးပါနေလေသည်။

ဘဏ္ဍာရေးထောင်ချောက်ဟု အချို့က ရှုမြင်ကြသည့် နှစ်နိုင်ငံအကြား မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မှုသည် တရုတ်-လာအို ရထားလမ်းအပြီးတွင် ဒေသတွင်း ပိုမိုစိတ်ဝင်စားမှုခံလာရသလို ယခုထက်ပို၍ အရှိန်မြင့်ရန် လိုအပ်လာသည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်တွင် နှစ်ဘက်စလုံးက ထုတ်ဖော်ပြောလာကြသည်။

ဘန်ကောက်တွင် တရုတ်နိုင်ငံခြားရေး၀န်ကြီး ဝမ်ယိနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံပြီးနောက် တရုတ်-ထိုင်း ရထားလမ်း သတ်မှတ်ချက်အတိုင်း ပြီးစီးရန် တွန်းအားပေးမှုသည် ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့သည်။

Thai-China High-Speed Rail (HSR) ပရောဂျက်ဟု လူသိများသော အဆိုပါ တရုတ်-ထိုင်း ရထားလမ်းသည် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နှင့် ထိုင်း-လာအို နယ်စပ်ရှိ နွမ်ခိုင်း (Nong Khai) သို့ ဆက်သွယ်မည်ဖြစ်သည်။ထိုရထားလမ်းသည် လာအိုနိုင်ငံကိုဖြတ်ကာ  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့နှင့် ချိတ်ဆက်ကာ အင်ဒိုချိုင်းနားဒေသကို လူဦးရေတစ်ဘီလျံခွဲနီးပါးရှိသည့် တရုတ်စျေးကွက်နှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။

အာရှဖြတ်ကျော် မီးရထား၏ အစိတ်အပိုင်းဖြစ်သည့် ယင်းရထားလမ်းမှာ အာရှ၊ ဥရောပနှင့် အာဖရိကတို့ကြား အခြေခံအဆောက်အအုံ ချိတ်ဆက်မှုများ တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းသည့် Belt and Road Initiative (BRI) ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်နေသည်။

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှအကြား သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှု တိုးမြှင့်ရန်၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်သည့် ယင်းရထားလမ်းသည် ထိုင်းနိုင်ငံတွင် ကီလိုမီတာ ၈၇၃ ခန့် အကွာအဝေးရှိမည်ဖြစ်သည်။ထိုရထားလမ်းကို  မြန်နှုန်းမြင့်ရထားလမ်း နည်းပညာကို အသုံးပြု၍ တည်ဆောက်မည်ဖြစ်ပြီး ဘန်ကောက်နှင့် နွမ်ခိုင်းကြား ခရီးသွားကြာချိန်ကို ၁၀ နာရီဝန်းကျင်မှ လျှော့ချနိုင်မည်ဖြစ်သည်။

သို့ရာတွင် ကိုဗစ်နှင့် တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရာတွင် ကြုံရသည့် ရန်ပုံငွေပြဿနာ၊ နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ စသည့် အကြောင်းအရာအမျိုးမျိုးကြောင့် ပြီးစီးရန် ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံသည် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်ခဲ့ပြီး ကုန်သွယ်ရေးလမ်းကြောင်းသစ်အဖြစ် ဗဟိုအာရှမီးရထားလမ်းအပါအဝင် ပရောဂျက်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုကို ကမ်းလှမ်းခဲ့ရာ အာရှဖြတ်ကျော်ရထားလမ်းထဲပါသည့် တရုတ်-ထိုင်းရထားလမ်းမှာ အရေးစိုက်စရာဖြစ်လာခဲ့သည်။အာရှနှင့် ဥရောပကို တစ်ဆက်ဆက်တည်း ဆက်သွယ်မည့် အာရှဖြတ်ကျော် ရထားလမ်းအတွက် ထိုင်းကိုဖြတ်မည့် ရထားလမ်း၏ ဆောက်လုပ်ရေးအရှိန်ကို ဒီထက်ပိုအရှိန်မြင့်ရန် လိုအပ်နေသည်။ထို့ကြောင့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ထိုင်းခရီးစဉ်အတွင်း  ထိုင်းဝန်ကြီးချုပ်နှင့်တွေ့စဉ် လက်ရှိဆောင်ရွက်မှုထက် ပိုမိုမြန်ဆန်ရန်လိုကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

အာရှ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံအသီးသီးကို ချိတ်ဆက်ရန် ရည်ရွယ်သော အဆိုပြုထားသော ရထားလမ်းကွန်ရက်တစ်ခုဖြစ်သော အာရှဖြတ်ကျော်ရထားလမ်းကို  နယ်စပ်ဖြတ်ကျော် ကုန်စည်များ၊ လူများနှင့် ဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စေမည့် ကျယ်ကျယ်ပြန့်ပြန့် ရထားလမ်းကွန်ရက်အဖြစ် မျှော်မှန်းထားသည်။ထိုကွန်ရက်မှတစ်ဆင့် ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်သည့် နိုင်ငံများအကြား တိုးတက်စေရန် ရည်ရွယ်ထားသည်။

အဆိုပြုထားသော မီးရထားကွန်ရက်တွင် မတူညီသော ဒေသများကို လွှမ်းခြုံထားသော လမ်းကြောင်းများစွာ ပါဝင်သည်။၎င်းတို့တွင် မြောက်-တောင်စင်္ကြံ၊ အရှေ့-အနောက်စင်္ကြံ၊ အနောက်တောင်စင်္ကြံနှင့် အခြားအရာများပါဝင်သည်။အဆိုပါလမ်းကြောင်းများသည် အာရှရှိ အဓိကမြို့ကြီးများနှင့် စီးပွားရေးအချက်အချာ နေရာများကို ချိတ်ဆက်နိုင်ရန် ဒီဇိုင်းထုတ်ထားပြီး ချောမွေ့စွာ နယ်စပ်ဖြတ်ကျော်ကာ သွားလာရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါရထားလမ်းဖောက်လုပ်မှု အရှိန်မြင့်ရန် ပြောဆိုမှုသည် ယခုနှင့်ဆို နှစ်ကြိမ်ရှိပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ပေကျင်း၌ ပြုလုပ်ကျင်းပသည့် Belt and Road ဖိုရမ်တွင် ထိုင်းဝန်ကြီးချုပ် စေထာသာဗင်ဆင်က ကာလကြာရှည် နှောင့်နှေးနေသည့် တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး အရှိန်မြှင့်ရန် ထိုင်း၏ကတိကဝတ်ကို ဖော်ပြခဲ့သည်။စေထာက ဒေသတွင်း ရထားလမ်းများနှင့် တရုတ်-လာအို မီးရထားတို့ကြား ချိတ်ဆက်မှုကို ထိုင်းဘက်က တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

လာအိုမှတစ်ဆင့် ဘန်ကောက်နှင့် ကူမင်းကို ဆက်သွယ်ပေးမည့် ဘန်ကောက်-နွန်ခိုင် အမြန်ရထားလမ်း ဖောက်လုပ်ရေးသည် ၂၀၁၆ ခုနှစ် ထိုင်းနှင့် တရုတ်တို့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းမှ စခဲ့သည်။အဆိုပါစီမံကိန်းတွင် ဆောက်လုပ်ရေးကန်ထရိုက် ၁၅ ခုပါဝင်ပြီး စနစ်ပိုင်းဆိုင်ရာ ကန်ထရိုက်တစ်ခုနှင့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းကန်ထရိုက် ၁၄ ခု ပါဝင်သည်။စီမံကိန်းတွင် တရုတ်နိုင်ငံက နည်းပညာနှင့် မီးရထားစနစ် ကျွမ်းကျင်မှုကို ပံ့ပိုးပေးကာ ထိုင်းနိုင်ငံက စီမံကိန်းကို ရန်ပုံငွေပံ့ပိုးပေးမည်ဖြစ်သည်။

ကပ်ရောဂါနှင့် ဆက်နွယ်သော အဆင်မပြေမှုများ၊ ရန်ပုံငွေပြဿနာများ၊ နယ်မြေဒေသ အခက်အခဲများကြောင့် ဆောက်လုပ်မှု နှောင့်နှေးမှုများရှိသော်လည်း ထိုင်းအစိုးရက ထိုစီမံကိန်းကို ၂၀၂၈ ခုနှစ်တွင် အပြီးသတ်ရန် ၂၀၂၃ ခုနှစ်တွင် ကတိပြုခဲ့သည်။အစိုးရပြောရေးဆိုခွင့်ရှိသူ အာနူချာဘူရာပါချီဆရီက ၂၅၁ ကီလိုမီတာ ရှည်လျားသော အမြန်ရထားလမ်း၏ ပထမအဆင့်သည် ၂၀၂၆ ခုနှစ်တွင် ပြီးစီးမည်ဟု ပြောခဲ့သည်။ ၂၀၂၃ ခုနှစ် သြဂုတ် ၁၇ ရက်အထိ ရထားလမ်း၏ ပထမအပိုင်း ၂၃ ဒသမ ၉၅ ရာခိုင်နှုန်း၊ ဘန်ကောက်မှ နခွန်ရတ်ခ်ျစီမာအပိုင်းအထိ ပြီးစီးနေပြီဖြစ်သည်။ထိုရထားလမ်းသည် BRI ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ရာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့်ပါ စီးပွားရေးပေါင်းစည်းမှုနှင့် ချိတ်ဆက်မှု တိုးမြင့်လာစေရန် အလားအလာများမှာ ထိုရထားလမ်းပြီးစီးမှုအပေါ် မူတည်နေသည်။

အနှစ်သာရအားဖြင့် ဤစီမံကိန်းသည် စီးပွားရေးတိုးတက်မှုကို နှိုးဆွရန်နှင့် ဒေသတွင်းတိုးတက်မှုကို မြှင့်တင်ရန်အတွက် အထောက်အကူတစ်ခုအဖြစ် မျှော်မှန်းထားကြသည်။နှစ်နိုင်ငံစလုံးမှ ဖောက်လုပ်မှု အရှိန်မြင့်ရန် ကတိကဝတ်ပြုထားသည့် ထိုရထားလမ်းသည် တရုတ်နှင့် ထိုင်းနိုင်ငံကြား ခရီးသွားပြည်သူများအတွက် ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြင့်လာခြင်းနှင့် ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုကြောင့် အာရှဖြတ်ကျော်ရထားလမ်း အကောင်အထည်ပေါ်ရန်အတွက် အရေးပါနေရာ အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးမည့် အဆိုပါစီမံကိန်းကို ဒေသတစ်ခုလုံးသာမက အာရှ-အရှေ့အလယ်ပိုင်းနှင့် ဥရောပကပါ စောင့်မျှော်နေကြသည်။

အဆိုပါတရုတ်-ထိုင်း မီးရထားလမ်းသည် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုကို အားကောင်းစေရုံသာမက အရှေ့တောင်အာရှရှိ အခြားစီစဉ်ထားသည့် ရထားလမ်းပရောဂျက်များနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ခြင်းကြောင့် ထိုင်းအတွက်သာမက ဒေသတွင်းအတွက်ပါ ဆက်သွယ်မှုကို တိုးတက်စေပြီး “ရထားလမ်းက ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် လူမှုစီးပွားကို မြှင့်တင်ပေးနိုင်လိမ့်မည်” ဖြစ်သည်။

စိုးငြိမ်း