【 နိုင်ငံတကာဆောင်းပါး 】 အားကောင်းလာသည့် အာဖရိက-တရုတ် ဆက်ဆံရေး

【 နိုင်ငံတကာဆောင်းပါး 】 အားကောင်းလာသည့် အာဖရိက-တရုတ် ဆက်ဆံရေး

တရုတ်-အာဖရိက ဆက်ဆံရေးသည် တရုတ်နှင့် အာဖရိကနိုင်ငံများကြား သံတမန်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများကို ရည်ညွှန်းသည်။
 
ဤဆက်ဆံရေးများသည် ဆယ်စုနှစ်များစွာကြာ တိုးတက်ပြောင်းလဲလာခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ပိုမိုအရေးပါလာခဲ့သည်။
 
သမိုင်းကြောင်းအရ အာဖရိကနိုင်ငံများနှင့် တရုတ်၏ ထိတွေ့ဆက်ဆံမှုသည် ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရန် ကြိုးပမ်းမှုတွင် အာဖရိကနိုင်ငံများကို ပံ့ပိုးပေးခဲ့သည့် ၁၉၅၀ ခုနှစ်များဆီသို့ ပြန်လည်ခြေရာခံနိုင်သည်။ထိုအချိန်မှစ၍ တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများကို အကူအညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအကူအညီများ ပေးအပ်ခဲ့သည်။
 
အပြန်အလှန်အားဖြင့်၊ အာဖရိကနိုင်ငံများသည် နိုင်ငံတကာကိစ္စရပ်များတွင် တရုတ်နိုင်ငံအား ပံ့ပိုးကူညီခဲ့ကြသည်။
 
စီးပွားရေးကဏ္ဍတွင် တရုတ်သည် အာဖရိကအတွက် အရေးပါသော ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသည်။အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နှင့် နှစ်စဉ် ကုန်သွယ်မှုပမာဏသည် နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာအထိ ရောက်ရှိခဲ့သည်။တရုတ်နှင့် အာဖရိကတိုက် နိုင်ငံများကြား ကုန်သွယ်မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ဆက်တိုက်တိုးတက်လာခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် COVID-19 ကြောင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်သဖြင့် တရုတ်-အာဖရိက ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၇၆ ဘီလီယံသာရှိပြီး ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၉၂ ဘီလီယံထက် ကျဆင်းခဲ့သည်။သို့သော် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၁ ဘီလီယံသို့ ပြန်တက်လာခဲ့သည်။ 
 
၂၀၂၁ ခုနှစ်တွင် အာဖရိကမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့သူမှာ တောင်အာဖရိကဖြစ်ပြီး နောက်တွင် အန်ဂိုလာနှင့် ကွန်ဂိုနိုင်ငံတို့ ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ဂျီးရီးယားသည် တရုတ်ကုန်ပစ္စည်း အများဆုံးဝယ်ယူသူဖြစ်ပြီး တောင်အာဖရိကနှင့် အီဂျစ်တို့မှာ ၎င်းနောက်တွင် ရှိနေခဲ့သည်။
 
၂၀၂၂ခုနှစ် ပထမသုံးလပတ်တွင် အာဖရိကသည် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၀၅.၉ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ၄၃.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။တရုတ်နိုင်ငံသည် ရေနံ၊ အဖိုးတန် ဓာတ်သတ္တုများနှင့် သတ္တုများအပြင် အာဖရိကမှ လယ်ယာထွက်ကုန်နှင့် ကုန်ထုတ်ကုန်ပစ္စည်းများ တင်သွင်းမှု တိုးလာလျက်ရှိသည်။
 
တရုတ်နိုင်ငံမှ အာဖရိက၏ တင်သွင်းမှုသည် အီလက်ထရွန်နစ်ပစ္စည်း၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ၊ နည်းပညာကဲ့သို့သော ကုန်ပစ္စည်းများကို အဓိကထား တင်သွင်းခဲ့သည်။
 
နှစ်ပေါင်း ၂၀ အတွင်း အာဖရိကနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် အဆ ၂၀ မြင့်တက်ခဲ့ပြီး ကိန်းဂဏန်းအချက်အလက်များကို ကြည့်ပါက တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးမားဆုံး နှစ်နိုင်ငံကုန်သွယ်ဖက်များထဲမှ တစ်ခုဖြစ်ကြောင်း ပြသနေသည်။မကြာမီက တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများနှင့် ကုန်သွယ်မှုကွာဟချက်ကို ထိန်းညှိရန်အတွက် ၂၀၂၅ ခုနှစ်တွင် အာဖရိကထုတ်ကုန်များ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ဖိုး တင်သွင်းရန် ကတိပြုခဲ့သည်။တရုတ်နိုင်ငံသို့ အာဖရိကမှ အကောက်ခွန်မဲ့ တင်ပို့နိုင်သည့် ကုန်ပစ္စည်း ပမာဏကိုလည်း တိုးမြှင့်ခဲ့သည်။
 
တရုတ်ဘဏ်များသည် အာဖရိက ဆာဟာရအောက်ပိုင်းရှိ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ စီမံကိန်းများသို့ ထုတ်ချေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်ဘဏ်များသည် အာဖရိက အခြေခံအဆောက်အအုံ စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ထုတ်ချေးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံနှင့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ ထုတ်ချေးခဲ့သည်။
 
၂၀၂၁ခုနှစ်က ကျင်းပသော FOCAC ညီလာခံတွင် တရုတ်သမ္မတ ရှီက တရုတ်၏ Belt and Road Initiative နှင့် China-Africa ပူးပေါင်းဆောင်ရွက်ရေး မျှော်မှန်းချက်၂၀၃၅ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာဖရိကရှိ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ကတိပြုခဲ့သည်။ထိုထဲတွင် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းရည်မြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ဖလှယ်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး စသည့် ပရောဂျက် ၉ ခု ပါဝင်ခဲ့သည်။
 
၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ အဆိုပြုခဲ့သော ဖွံ့ဖြိုးတိုးတက်မှုဗျူဟာတစ်ခုဖြစ်သည့် Belt and Road Initiative သည် အာဖရိကနိုင်ငံများစွာ၏ အခြေခံအဆောက်အအုံကဏ္ဍကို ကြီးမားစွာထောက်ကူပေးခဲ့သည်။တရုတ်နိုင်ငံသည် လမ်းများ၊ ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍများကဲ့ သို့သော အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသည်။
 
တရုတ်ကုမ္ပဏီများသည် တိုက်ကြီးတစ်ဝန်းရှိ ကဏ္ဍအသီးသီးတွင် အလုပ်အကိုင်ဖန်တီးရေးနှင့် နည်းပညာလွှဲပြောင်းရေးတို့တွင်လည်း ပံ့ပိုးကူညီခဲ့သည်။
 
BRI သည် ဆိပ်ကမ်းများနှင့် မီးရထားလမ်းသစ်များမှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဖရိကကြား သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများကို ပိုမိုကောင်းမွန်စေခဲ့သည်။ထို့အပြင် အာဖရိကတိုက်အတွင်းနှင့် အာဖရိကနှင့် အခြားဒေသများ ကြား ချိတ်ဆက်မှု တိုးတက်စေရန် ကူညီပေးခဲ့သည်။ဥပမာအားဖြင့် ကင်ညာရှိ Mombasa-Nairobi Standard Gauge မီးရထားသည် သယ်ယူပို့ဆောင်ရေး ထိရောက်မှုကို သိသိသာသာ တိုးတက်စေသည့် BRI အောက်ရှိ အထင်ကရပရောဂျက်တစ်ခုဖြစ်သည်။
 
တရုတ်ရင်းနှီးမြုပ်နှံမှုများသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး ပြည်တွင်းစက်မှုလုပ်ငန်းများ မြှင့်တင်ခြင်းဖြင့် အာဖရိကနိုင်ငံများစွာ၏ စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ပေးခဲ့သည်။
 
တရုတ်-အာဖရိက ဆက်ဆံရေးမှာ ဝေဖန်မှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည်။တရုတ် ရင်းနှီးမြှုပ်နှံမှုများသည် အာဖရိကနိုင်ငံများထက် တရုတ်အကျိုးစီးပွားကို ဦးစားပေးလေ့ရှိသည်ဟု အချို့က ငြင်းခုံကြသည်။တရုတ်ပရောဂျက်အချို့နှင့် ဆက်စပ်နေသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အလုပ်သမားအလေ့အကျင့်များနှင့် ကြွေးမြီရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် စိုးရိမ်မှုများကို ထောက်ပြကြသည်။သို့သော် တရုတ်၏ ရင်းနှီးမြုပ်နှံမှုသာ မရှိခဲ့ပါက ယနေ့အာဖရိကတွင် မြင်ရသော အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနှင့် စိုက်ပျိုးရေးတွင် ဝမ်းစာလုံလောက်အောင် ထောက်ပံ့မှုမှာ မြင်ရဖွယ်မရှိနိုင်ဟု သုံးသပ်မှုများရှိသည်။
 
ယဉ်ကျေးမှု မျက်နှာစာတွင်၊ တရုတ်နှင့် အာဖရိကကြားတွင် လူသားအရင်းမြစ် ကူးလူးဖလှယ်မှု တိုးလာခဲ့သည်။အာဖရိကကျောင်းသား အများအပြားသည် တရုတ်အစိုးရမှ ကမ်းလှမ်းသော ပညာသင်ဆု အစီအစဉ်များမှတစ်ဆင့် တရုတ်နိုင်ငံတွင် ပညာသင်ကြားကြသည်။ထို့အပြင် ဂီတပွဲတော်များနှင့် အနုပညာပြပွဲများကဲ့သို့သော ယဉ်ကျေးမှုဖလှယ်မှုများလည်း မြင့်တက်လာခဲ့သည်။ခြုံငုံကြည့်လျှင် တရုတ်-အာဖရိက ဆက်ဆံရေးသည် ကဏ္ဍစုံ ဘက်စုံရှိသည်။၎င်းတို့သည် တရုတ်နှင့် အာဖရိကကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုအတွက် အခွင့်အလမ်းများကို ပေးစွမ်းနိုင်သော်လည်း နှစ်ဖက်စလုံးအတွက် အပြန်အလှန်အကျိုးဖြစ် ထွန်းမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် စိန်ခေါ်မှုများလည်း ရှိနေသေးသည်။
 
တရုတ်က အာဖရိက၏ သဘာဝအရင်းအမြစ်များအပေါ်  မှီခိုမှု လွန်ကဲနေသည်ကို လျှော့ချရန် တရုတ်က နည်းပညာလွှဲပြောင်းထောက်ပံ့ကာ ၎င်း၏ကုန်ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးပြီး အာဖရိကရှိ စက်မှုလုပ်ငန်းများကို ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်နေသည်ကို တွေ့ရသည်။
 
အာဖရိကတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် အနောက်နိုင်ငံ အစိုးရများနှင့်မတူသည့် ပုံစံဖြင့် ရှိနေသည်။ချေးငွေပေးခြင်းဖြင့် ၎င်းနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတွင် ဝင်မစွက်ဖက်သည့် ကတိပေးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် ချေးငွေကို ထုတ်ပေးခြင်းဖြစ်သည်။
 
မကြာမီက အာဖရိကနိုင်ငံများသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ခဲ့ပြီး အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များလည်း ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံသို့ တဖွဲဖွဲလာရောက်နေသည်ကို တွေ့မြင်ရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တရုတ်က ၎င်း၏ ကိုဗစ်-သုည မူဝါဒကို ရုတ်သိမ်းပြီးနောက် အာဖရိကခေါင်းဆောင်များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှု ပျားပန်းခတ်ခဲ့သည်။
 
၂၀၂၃ ဇန်နဝါရီမှစကာ ရှစ်လအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်သို့ တန်ဇန်းနီးယား၊ အယ်လ်ဂျီးရီးယား၊ အီရစ်ထရီးယား၊ မော်ရီတေးနီးယား၊ ဘူရွန်ဒီ၊ ဘီနင်နှင့် ဇမ်ဘီယာနိုင်ငံတို့မှ အာဖရိကသမ္မတခုနစ်ဦးနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီသီယိုးပီးယား၊ ဆီယာရာလီယွန်နှင့် ဇင်ဘာဘွေတို့မှ နိုင်ငံခြားရေးဝန်ကြီးငါးဦးတို့ သွားရောက်ခဲ့သည်။
 
အချက်အလက်များအရ ၂၀၀၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ခေါင်းဆောင်များ အာဖရိက နိုင်ငံများ သို့ ၁၀၂ ကြိမ် သွားခဲ့ပြီး၊ အာဖရိကခေါင်းဆောင်များ တရုတ်နိုင်ငံသို့ ၂၃၇ ကြိမ် လာရောက်ခဲ့သည်။သို့ဖြစ်ရာ တရုတ်-အာဖရိက ဆက်ဆံရေးကို မည်မျှခိုင်မာနေသည်ကို တွေ့ရမည်ဖြစ်သည်။
 
အာဖရိကအနေဖြင့် ကိုလိုနီ လက်အောက်မှ နောက်ဆုံးလွတ်မြောက်လာသည့် ကမ္ဘာ့နိုင်ငံများဖြစ်ရာ အာဖရိကခေါင်းဆောင်များက အာဖရိကတိုက် တိုးတက်ဖွံ့ဖြိုးရေးကို အားစိုက်နေရာ နည်းပညာနှင့် အရင်းအနှီး၊ စားနပ်ရိက္ခာနှင့် ကုန်သွယ်မှုအတွက် တရုတ်နိုင်ငံကို အဓိကထားနေရသည်။
 
သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ အရေးပါမှုသည် အနာဂတ် အာဖရိကတွင် ပို၍ထင်ထင်ရှားရှား တွေ့ရဖွယ်ရှိလေသည်။
 
စိုးငြိမ်း