【နိုင်ငံတကာဆောင်းပါး】တောင်တရုတ်ပင်လယ်အားပြိုင်မှုထဲက ဖိလစ်ပိုင်

【နိုင်ငံတကာဆောင်းပါး】တောင်တရုတ်ပင်လယ်အားပြိုင်မှုထဲက ဖိလစ်ပိုင်

မကြာသေးမီက မနီလာသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ခရီးစဉ်တွင် ဒေသတွင်း လှုပ်ခတ်မှုကြီးမားနိုင်သည့် စကားတစ်ခွန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောခဲ့သည်။မနီလာတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်းရစ် မာနာလိုနှင့်အတူ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က တောင်တရုတ်ပင်လယ်တွင် ရေရှည်မဟာမိတ် ဖိလစ်ပိုင်ကို လက်နက်ကိုင်တိုက်ခိုက်မှုမှ ကာကွယ်ပေးရန် သံမဏိကတိကဝတ်ကို လိုက်နာမည်ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ဘလင်ကန်က  “ကျနော်တို့က ဖိလစ်ပိုင်နဲ့အတူ ရပ်တည်ပြီး အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်အရ ကျနော်တို့ရဲ့ သံမဏိကတိကဝတ်ကို အကောင်အထည်ဖေါ်ဖို့ အသင့်ရှိတယ်"ဟုပြောခဲ့သည်။ ထိုသို့ ပြောခြင်းကို တရုတ်ဘက်ကကန့်ကွက်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ပြောခဲ့ကာ တောင်တရုတ်ပင်လယ်ပြဿနာနဲ့ ပတ်သက်တဲ့ နိုင်ငံမဟုတ်ဘဲ တရုတ်နဲ့ ဖိလစ်ပိုင်အကြား ရေကြောင်း ပြဿနာမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လီကျန်းက တုံ့ပြန်ခဲ့သည်။

ထိုသို့ပြောဆိုမှုသည် လတ်တလော ဖိလစ်ပိုင်နှင့် ပဋိပက္ခဖြစ်နေသည့် တရုတ်ကို ဦးတည်ပြောဆိုနေခြင်း ဖြစ်သဖြင့် ဒေသတွင်းတင်းမာမှုကို မီးထိုးသလို ထပ်ဖြစ်လာဖွယ်ရှိနေသည်။ ထို့ကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂၀ ရက်တွင် မီဒီယာများသို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး၏ မှတ်ချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ခဲ့သည်။ ထိုတုံ့ပြန်ပြောဆိုမှုတွင် တောင်ပင်လယ် အခြေအနေ တင်းမာမှုများသည် တရုတ်နိုင်ငံမှ နှိုးဆော်ခြင်းမဟုတ်၊ တရုတ်နိုင်ငံသည် ယင်းအပေါ် တာဝန်မရှိကြောင်း၊ ထိပါးနှောင့်ယှက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်နိုင်ငံသည် မိမိ၏ ပိုင်နက်အချုပ်အခြာအာဏာနှင့် ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော အစီအမံများကို မဖြစ်မနေ လုပ်ဆောင်ရကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ မှတ်ချက်များသည် ဖြစ်ရပ်မှန်များကို လျစ်လျူရှုထားပြီး တောင်ပင်လယ်တွင် တရုတ်နိုင်ငံ၏ တရားဝင်လုပ်ဆောင်မှုများကို အခြေအမြစ်မရှိ စွပ်စွဲကာ အမေရိကန်နှင့် ဖိလစ်ပိုင်တို့အကြား အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်၏ တာဝန်ဝတ္တရားဆိုသည်ကို အကြောင်းပြကာ တရုတ်အား တစ်ဖန် ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းအပေါ် မိမိတို့ ပြတ်သားစွာ ကန့်ကွက်ကြောင်း ပြောခဲ့သည်ကိုတွေ့ရသည်။

နောက်ဆုံးဖြစ်ခဲ့သည့် တရုတ်နှင့် ဖိလစ်ပိုင်ကြားထိပ်တိုက်တွေ့မှုသည် မတ်လ ၅ ရက်က ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်ကို တရုတ်ဘက်က ဖော်ပြမှုတွင် ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်နိုင်ငံ နန်ဆားကျွန်းစု Ren'ai Reef နှင့်အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းသို့ ထပ်မံဝင်ရောက်ပြီး တရားမဝင် “သောင်တင်”နေသော စစ်သင်္ဘောသို့ ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ ဖိလစ်ပိုင်ပင်လယ်ကမ်းခြေစောင့် ရဲသင်္ဘော အမှတ်၄၄၀၇ကို တရုတ်ဘက်မှ ထပ်ခါတလဲလဲ သတိပေးခဲ့ရာ သတိပေးချက်များကို လျစ်လျူရှုပြီး အန္တရာယ်ရှိသော နည်းလမ်းဖြင့် တရုတ်ပင်လယ်ကမ်းခြေစောင့် ရဲသင်္ဘော အမှတ် ၂၁၅၅၅ကို တိုက်မိခဲ့ရာမှာ အနည်းငယ်ခြစ်ရာများ ဖြစ်ပေါ် စေခဲ့ကြောင်း၊ ထို့ကြောင့် တရုတ်ပင်လယ်ကမ်းခြေစောင့် ရဲတပ်ဖွဲ့သည် ဖိလစ်ပိုင်သင်္ဘောများကို ဥပဒေအရ လိုအပ်သော စီမံထိန်းချုပ်မှုကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် သီးခြားသတင်းတစ်ခုအဖြစ် ဖိလစ်ပိုင်သင်္ဘောပေါ်တွင် ပုန်းအောင်းကာ Cable News Network (CNN) မှ သတင်းထောက်တစ်ဦး ပါရှိနေပြီး ၎င်း၏သတင်းထောက်က CNN မှတစ်ဆင့်  ဖိလစ်ပိုင်သင်္ဘောကို တရုတ်သင်္ဘောများက ဝိုင်းထားသည့် ဓာတ်ပုံတစ်ပုံတင်ပြီး တရုတ်နှင့်ဖိလစ်ပိုင်တို့ကြား “အကြီးအကျယ် ထိပ်တိုက်ရင်ဆိုင်မှု” ကို မြင်တွေ့ခဲ့ရသည်ဟု အဖြစ်အပျက်များကို ဖော်ပြသည့် အထူးသတင်းအစီရင်ခံစာကို ဖော်ပြခဲ့ကာ ပြည်ပ ဆိုရှယ်မီဒီယာများစွာသို့ပေးပို့ဖော်ပြခဲ့ကြောင်း ဖော်ပြခဲ့သည်ကိုတွေ့ရသည်။

ထိုသည်ကို တရုတ်ဘက်က ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် ပြဿနာများဖြစ်ရန် မကြာခဏ လှုံ့ဆော်ကာ တရုတ်နိုင်ငံသည် ၎င်း၏ စစ်ရေးသာလွန်မှုကို အားကိုးကာ ဖိလစ်ပိုင်အား “အနိုင်ကျင့်” နေသည်ဟူသော သတင်းစကားဖုံးလွှမ်းနေအောင် တမင်ပြုလုပ်နေသည့်ရည်ရွယ်ချက်ကိုဖော်ပြခဲ့သည်။

မတ်လ ၅ ရက်မတိုင်မီ ဖိလစ်ပိုင် အထက်လွှတ်တော်က "ပင်လယ်ဒေသ ဥပဒေကြမ်း"ကို အတည်ပြုခဲ့သည်။ ထိုသို့ပြုခြင်းအပေါ် မတ် ၅ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက "ပင်လယ်ဒေသ ဥပဒေကြမ်း" ကို ဖိလစ်ပိုင် အထက်လွှတ်တော်က အတည်ပြုကာ ပြည်တွင်းဥပဒေပြု ခြင်းပုံစံဖြင့် တောင်ပင်လယ်ဆိုင်ရာ တရားမဝင်အနုညာတစီရင်ချက်ကို ခိုင်မာအောင် လုပ်ဆောင်ပြီး တရုတ်နိုင်ငံ၏ ဟွမ်ယန်ကျွန်းနှင့် နန်ဆားကျွန်းစုမှ ကျွန်း၊ ကျောက်ဆောင်အများစုနှင့် ကပ်လျက် ပင်လယ်ရပ်ဝန်းများကို ၎င်း၏ ပင်လယ်ရပ်ဝန်းထဲတွင် တရားမဝင် ထည့်သွင်းရန် ကြံစည်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ တောင်ပင်လယ်၌ ပိုင်နက်နယ်မြေ အချုပ် အခြာအာဏာနှင့် ပင်လယ်ရေးရာ အခွင့်အရေးနှင့် အကျိုးစီးပွားကို ပြင်းထန်စွာ ကျူးလွန်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောခဲ့သည်ကိုတွေ့ရသည်။

မတ် ၆ ရက်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက "တောင်တရုတ်ပင်လယ်မှာ ပြဿနာရှာဖို့ ဖိလစ်ပိုင်ကို စစ်တုရင်နယ်ရုပ်အဖြစ် အသုံးမပြုဖို့ တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုကို တောင်းဆိုကြောင်း ပြောခဲ့သည်။ မတ် ၅  တရုတ်-ဖိလစ်ပိုင်ဖြစ်စဉ်ကို ဖော်ပြကာထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တရုတ်ရဲ့လုပ်ရပ်များဟာ  ရန်စခြင်းဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြစ်တင်ရှုတ်ချခြင်းနှင့်ပတ်သက်ပြီး ပြောခဲ့ခြင်းဖြစ်သည်။

ထို မတ်လ ၅ ရက်ဖြစ်ရပ်ပြီးနောက်  မတ် ၈ ရက်တွင် တောင်တရုတ်ပင်လယ်အတွင်းရှိ Zhujiangမြစ် ပင်လယ်ဝင်ပေါက်မြေချိုင့်ဝှမ်းဒေသတွင် ရေနံတန်ချိန်၁၀၂သန်းနှင့် ညီမျှသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိသည့် တရုတ်နိုင်ငံပထမဆုံး ရေနက်ပိုင်း ရေနံမြေဖြစ်သည့် Kaiping Southရေနံမြေကို တွေ့ရှိခဲ့ကြောင်း တရုတ်ဘက်က ထုတ်ပြန်ခဲ့သည်။ မတ် ၁၀ ရက်က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထိုတွေ့ရှိမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးပွဲကျင်းပခြင်းဖြင့် အရင်းအမြစ်များ တူးဖော်ခြင်းအပါအဝင် ပင်လယ်ရေးရာ အငြင်းပွားမှုများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန်စွဲကိုင်ထားကြောင်း၊ တောင်ပင်လယ်အရေးသည် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ အရေးကိစ္စပင်ဖြစ်ကြောင်း၊ ဒေသတွင်းမဟုတ်သော နိုင်ငံများအား ဆွဲခေါ်ပြီး တောင်ပင်လယ်အရေးတွင် ဝင်ရောက်စွက်ဖက်လျှင် အခြေအနေပိုမိုရှုပ်ထွေးစေမည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်ကိုတွေ့ရသည်။

မတ် ၁၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်တရုတ်ပင်လယ်ဖော်ပြချက်နှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူကဆိုရာမှာ တရုတ်နိုင်ငံသည် တောင်ပင်လယ်ကျွန်းစုများအပေါ်  ငြင်းခုံ၍မရသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိပြီး၊ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်ပင်လယ်တွင် နယ်မြေ ငြင်းခုံမှုမရှိကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုနှင့် တောင်ပင်လယ် အေးချမ်းတည်ငြိမ်မှုကို ရှေးရှုပြီး၊ ပင်လယ်ရေကြောင်းအခြေအနေ စီမံထိန်းချုပ်ရန်နှင့် ပင်လယ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တရုတ်မှ ဖိလစ်ပိုင်သို့ ကမကထ ပြုလုပ်ခဲ့ကြောင်းပြောခဲ့တာကိုတွေ့ရသည်။

ထိုမတ် ၁၂ ရက်တွင်ပဲ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးရိုင်မွန်ဒိုက ကုမ္ပဏီများအဖွဲ့ကို ဦးဆောင်ပြီး ဖိလစ်ပိုင်မှာ ခရီးလှည့်လည်စဉ် မနီလာမှာ ဖိလစ်ပိုင်ကို တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ တစ်ဆ တိုးလာအောင် အကူအညီပေးမည်ဟု ပြောခဲ့သည်။ ထိုသို့မတိုင်ခင် ဖိလစ်ပိုင်မှာ အမေရိကန်ကုမ္ပဏီတွေ ဒေါ်လာ သန်း ၁၀၀၀ (တစ်ဘီလီယံ)ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရိုင်မွန်ဒိုက ကြေညာခဲ့သည်။ 

ဒူတာတေးလက်ထက် တရုတ်နှင့် အလွှမ်းသင့်ခဲ့သော ဖိလစ်ပိုင်-တရုတ်ဆက်ဆံရေးသည် မားကိုစ့် ဂျုနီယာ သမ္မတဖြစ်လာပြီးနောက် ရုတ်ခြည်းဆိုသလို နောက်ကြောင်းပြန်လှည့်သွားသည်။ထို့ကြောင့် တောင်တရုတ်ပင်လယ်ကို မကြည့်ဘဲ တရုတ်ကို ၀ိုင်းပတ်ထားလိုသည့် အမေရိကန်၏ အာရှ-ပစိဖိတ်ဗျူဟာအရဆိုလျှင် ဘာကြောင့် အမေရိကန်အား ဖိလစ်ပိုင်ကို နယ်ရုပ်လို အသုံးမချရန် တရုတ်၏တောင်းဆိုမှု ဆိုလိုရင်းကို သိနိုင်မည်ဖြစ်သည်။ ထို့ပြင် ရုတ်ခြည်းဆိုသလို တရုတ်နှင့် တင်းမာမှုလမ်းကြောင်းကို ဖိလစ်ပိုင်က ရွေးချယ်လိုက်ခြင်း၏ ရည်ရွယ်ချက်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းလာခဲ့သည်။

သို့သော် သိမြင်မှုနယ်ပယ်ကိုကျော်လွန်၍ ထိုသို့လုပ်ဆောင်မှုမှ ဖိလစ်ပိုင်သည် မည်သည့်ရေရှည် အကျိုးအမြတ်များ ရရှိနိုင်မည်နည်းဆိုသည်မှာ စိတ်ဝင်စားဖို့ ကောင်းသည်။ အချို့သော လေ့လာသုံးသပ်သူများက  ဖိလစ်ပိုင်၏ အရဲကိုးသော လှုပ်ရှားမှုများနှင့် စစ်ရေးအရ တိုးချဲ့ခြင်းသည် တရုတ်ကို နောက်ထပ်မျက်နှာစာဖွင့်သော အမေရိကန်၏ ဗျူဟာမြောက်လှုပ်ရှားမှုတစ်ခုအဖြစ်သာ ရှုမြင်ကြသည်။

မကြာသေးသည့် ဖေဖော်ဝါရီ ၉ ရက်က အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် သုံးလအတွင်း တတိယအကြိမ် ရေကြောင်းနှင့်လေကြောင်းမှ ပူးတွဲ ကင်းလှည့်လည်မှုကို ဖိလစ်ပိုင်ကမ်းလွန်တွင် ပြုလုပ်ခဲ့သည်။ ပူးတွဲကင်းလှည့် လည်မှုတွင် အမေရိကန်၏ တိုက် သင်္ဘော USS Gabrielle Giffords နှင့် MH-60 S Sea Hawk ရဟတ်ယာဉ်တစ်စင်း ပါဝင်ခဲ့ကာ ဖိလစ်ပိုင်ရေတပ်၏ စစ်သင်္ဘော BRP Gregorio Del Pilar နှင့် AW109 ရဟတ်ယာဉ်တစ်စင်းလည်း ပါဝင်ခဲ့သည်။ထိုသို့ကင်းလှည့်မှု၏ရည်ရွယ်ချက်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်ကို တန်ပြန်ရန် ဖိလစ်ပိုင်၏ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၏ မကြာသေးမီက ဟနွိုင်းသို့ နိုင်ငံတော်ခရီးစဉ်သည် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကြား ရေကြောင်းလုံခြုံရေးနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ မဟာဗျူဟာမြောက် ပေါင်းစည်းမှုအဖြစ် အားထုတ်ခဲ့သည်ကိုတွေ့ခဲ့ရသေးသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်အတွက် အနာဂတ်နှစ်နိုင်ငံ ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အတည်ပြုခဲ့သည်။နှစ်နိုင်ငံအကြားအမြင်များ ပေါင်းစည်းမှုသည် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ မားကို့စ်သည် ယခုနှစ်နှောင်းပိုင်းတွင် ဖိလစ်ပိုင်ရှိ MARPOLEX ရေတပ်လေ့ကျင့်မှုတွင် အင်ဒိုနီးရှားနှင့် ဂျပန်တို့နှင့်အတူ ပါဝင်ရန် ဗီယက်နမ်ကို ဖိတ်ကြားခဲ့သည်။

တောင်တရုတ်ပင်လယ်ကို ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် ပွက်ပွက်ဆူနေသော နေရာအခင်းအကျင်းအဖြစ် နိုင်ငံတကာအာရုံစိုက်လာစေရန် ဖိလစ်ပိုင်၏ ကြိုးပမ်းအားထုတ်မှုများနောက်ကွယ်တွင် မည်သို့သော အခင်းအကျင်းရှိနေမှာ မှန်းဆမရပေ။ သို့သော် အဆိုပါဒေသတွင်း နဂိုရှိပြီးသား အမေရိကန်နှင့် တရုတ်အားပြိုင်မှုတွင် ဖိလစ်ပိုင်မှာ နယ်ပယ်သစ်တစ်ခုဖြစ်လာနေသည်မှာ အထင်အရှားဖြစ်သည်။ သို့အတွက် ထိုအင်အားကြီးနှစ်နိုင်ငံအားပြိုင်မှုထဲ အန္တရာယ်ကင်းအောင် ဖိလစ်ပိုင် မည်မျှကစားနိုင်မည်လဲဆိုသည်မှာ ပို၍ စိတ်ဝင်စားဖွယ်ကောင်းလာပြီ ဖြစ်သည်။ 

စိုးငြိမ်း