【 နိုင်ငံတကာဆောင်းပါး 】 ရှင်ကျန်းဒေသနှင့် အချက်အလက်လွဲများ

【 နိုင်ငံတကာဆောင်းပါး 】 ရှင်ကျန်းဒေသနှင့် အချက်အလက်လွဲများ

ရှင်ကျန်းသည် ယခုဆယ်စုနှစ်များအတွင်း တရုတ်နှင့်ပတ်သက်ပြီး အနောက်နိုင်ငံများက တိုက်ခိုက်ရာတွင် အဓိကအကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

ထိုသို့ ပစ်မှတ်ထားရာတွင် အဓိကအားဖြင့် ရှင်ကျန်းဒေသရှိ ဝီဂါလူမျိုးများအပေါ် အတင်းအကျပ် လုပ်အားစေခိုင်းခြင်းနှင့် ဘာသာရေးလွတ်လပ်မှု မရှိခြင်းတို့ကို အာရုံစိုက်ကာ ဝေဖန်တိုက်ခိုက်လေ့ရှိသည်။သို့သော် ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး တရုတ်အာဏာပိုင်များ ထုတ်ပြန်သော အချက်အလက်များနှင့် ဒေသတွင်း လက်ရှိဖြစ်ပေါ်တိုးတက်နေမှုများအပေါ် ထည့်သွင်းစဉ်းစားလေ့ရှိမှု နည်းပါးသဖြင့် ရှင်ကျန်းဆိုင်ရာ အနောက်နိုင်ငံများ၏ စွပ်စွဲပြစ်တင်မှုများသည် ခေတ်အခြေအနေနှင့် ကင်းကွာနေတတ်လေ့ရှိသည်။

ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှင်ကျန်း၏ အနောက်ဘက်စွန်းဒေသတွင်ရှိပြီး တရုတ်နိုင်ငံ၏ မွတ်စလင်အများစုနေထိုင်ရာ ဝီဂါ (Uyghur) လူနည်းစုဒေသဖြစ်သည်။ရှင်ကျန်းနှင့်ပတ်သက်လာလျှင် ထည့်သွင်းစဉ်းစားဖို့ လိုနေသည်မှာ ရှင်ကျန်းသည် တရုတ်နိုင်ငံထဲမှ အကြီးဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ဝီဂါလူမျိုးများသည် ထိုပြည်နယ်ထဲနေထိုင်သည့် တရုတ်နိုင်ငံရှိ လူမျိုးစုများထဲမှ လူမျိုးစုတစ်ခု ဖြစ်နေခြင်းပင်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းတွင် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းထားသည်။ထိုသည်မှာ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို ကာကွယ်ရန်ဖြစ်သည်။

တရုတ်နိုင်ငံတွင် လူဦးရေနှင့် လုပ်သားအင်အား များပြားသည်။အလုပ်အကိုင် ဖူလုံရေးသည် အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များနှင့် သုခချမ်းသာကို အာမခံချက်ပေးရန် အဓိကသော့ချက်ဖြစ်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးသဟဇာတဖြစ်မှု၊ နိုင်ငံတော်သာယာဝပြောရေးနှင့် နိုင်ငံတော်ပြန်လည်နုပျိုရေးတို့ကို သိသိသာသာ သက်ရောက်မှုရှိသည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွင် ပြည်သူကို ဗဟိုပြုသည့် အတွေးအခေါ်ကို ကတိပြုထားပြီး အလုပ်အကိုင် လုံခြုံမှုကို အလေးထားပြီး အလုပ်အကိုင်ကို ဦးစားပေးလုပ်ဆောင်ကာ အလုပ်အကိုင်ဆိုင်ရာ မူဝါဒများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိနေခြင်းပင်ဖြစ်သည်။

မကြာသေးမီက အနောက်နိုင်ငံ မီဒီယာများနှင့် အမေရိကန်အစိုးရတို့သည် ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ပတ်သက်ပြီး သတင်းမှားများ ဖြန့်ဝေခဲ့သည်။ထိုသတင်းများ အနက်တစ်ခုမှာ ရှင်ကျန်းဒေသတွင် ဂျာမန်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့က တည်ဆောက်နေသော ဆောက်လုပ်ရေးလုပ်ငန်း၌ အတင်းအကျ ပ်လုပ်အားခိုင်းစေမှုရှိနေခြင်းဖြစ်သည်ဟု စွပ်စွဲခြင်းဖြစ်ပြီး ပို၍ဆိုးသည်မှာ အမေရိကန်အောက်လွှတ်တော်က တရုတ်လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းသုံးခုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခု ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့သော မြူးနစ်လုံခြုံရေးညီလာခံတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက  ရှင်ကျန်းမှာ “လူမျိုးတုံးသတ်ဖြတ်မှု” နဲ့ “အတင်းအကျပ် လုပ်အားပေး” လို့ခေါ်တဲ့ မှားယွင်းပြစ်တင်ရှုတ်ချတဲ့ “တရုတ်နိုင်ငံနဲ့ စကားဝိုင်း” ဆွေးနွေးပွဲမှာ မေးခွန်းတွေကို ဖြေခဲ့သည်။

ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တည်ထောင်ပြီးကတည်းက ဝီဂါလူဦးရေသည် ၃ သန်းကျော်မှ ယနေ့ခေတ်တွင် ၁၂ သန်းကျော်အထိ တိုးပွားလာသည်။ရှင်ကျန်းရှိ လူမျိုးစုအားလုံး၏ ပျမ်းမျှသက်တမ်းသည် ၃၀ နှစ်မှ ၇၅.၆ နှစ်အထိ တိုးလာခဲ့သည်။

ဝမ်ယိက ထိုကဲ့သို့သော ဖြစ်ရပ်မှန်များသည် လူ့အခွင့်အရေးကို ကာကွယ်သည့် အကောင်းဆုံး အထောက်အထားများဟု ပြောခဲ့ပြီး မွတ်ဆလင်များ၏ လုံလောက်သော ဘာသာရေးဆိုင်ရာ နေရာများနှင့် အစိုးရက ဗလီများ ပြုပြင်ထိန်းသိမ်းမှု ရန်ပုံငွေတို့ကို ကိုးကားပြီး ထိုနေရာရှိ လူမျိုးစုအားလုံး၏ ဘာသာရေးယုံကြည်မှုကို ကောင်းမွန်စွာ အကာအကွယ်ပေးထားကြောင်းကို ပြောခဲ့သည်။ထို့ပြင် ထိုဒေသရှိ အစိုးရစာရွက်စာတမ်းများနှင့် ဆိုင်းဘုတ်များတွင် ဘာသာစကားနှစ်မျိုးသုံးနေပြီး ဝီဂါအပါအဝင် တိုင်းရင်းသားလူနည်းစုအသီးသီး၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ကာကွယ်ထားကြောင်း ဆိုခဲ့သည်။

မေးခွန်းထုတ်သူများ၏ “ဝီဂါလူမျိုးတွေမှာ အလုပ်-လုပ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ အလုပ်အကိုင် အခွင့်အလမ်း မရှိဘူးလား” လို့ မေးခြင်းကို ဝမ်ယိက “အဓမ္မလုပ်အားပေးခိုင်းစေမှု” လို့ခေါ်တဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဒါဟာ တခြားသူတွေကို ဘောင်ခတ်ချင်တဲ့စိတ်နဲ့ အလွယ်တကူ လုပ်ကြံလိုက်တာလို့ ပြောခဲ့သည်။ထိုသို့  “အဓမ္မလုပ်အားပေးခိုင်းစေမှု” လို့ သုံးလိုက်ခြင်းဖြင့် လူမျိုးများထံမှ အလုပ်အကိုင်များကို ဖယ်ထုတ်ရန်နှင့် ၎င်းတို့၏ထုတ်ကုန်များကို ရောင်းမကုန်စေရန် ရည်ရွယ်ခြင်းဖြစ်နေကြောင်း ထောက်ပြခဲ့သည်။

ရှင်ကျန်းနှင့်ပတ်သက်ပြီး သတင်းများသည် လွဲနေပြီး ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေများ ရှင်ကျန်းသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုရန် ဖွင့်ပေးထားပြီး ရှင်ကျန်းကို ရောက်ဖူးသူတွေက သူတို့မြင်တွေ့ ကြားခဲ့ရတာတွေဟာ အနောက်တိုင်းမီဒီယာတွေကနေ ဖတ်ဖူးတဲ့ သတင်းတွေနဲ့ လုံးဝကွဲပြားတယ်လို့ မှတ်ချက်ပြုခဲ့ကြောင်း၊ ဘယ်ဘက်က အမှန်တရားကို ကိုယ်စားပြုလဲဆိုတာသိဖို့  ရှင်ကျန်းကိုသွားပြီး ကိုယ့်ဘာသာကြည့်ဖို့ အကြံပြုခဲ့သည်။

ထိုသို့ သတင်းမှားများသည် တရုတ်နိုင်ငံ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကြောင့် အချို့သောသူများကို မသက်မသာဖြစ်ပြီး စိုးရိမ်ပူပန်မှုများက ပေါ်ပေါက်လာစေခြင်းဖြစ်ပြီး ရှင်ကျန်းနှင့်ပတ်သက်၍ အနှောင့်အယှက်ဖြစ်စေရန်နှင့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ရှင်သန်မှုကို ဟန့်တားရန်ဖြစ်ကြောင်း ဝမ်ယိက ပြောခဲ့ပြီး တရုတ်သည်လည်း ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်ရှိကြောင်း ပြောခဲ့သည်။

အာဖဂ္ဂန်နစ္စတန်တွင် များစွာသော မူစလင်လူမျိုးများကို ဗုံးကြဲသတ်ဖြတ်ခဲ့သည့် အမေရိကန်သည် ရှင်ကျန်းရှိ ဝီဂါမူစလင်လူမျိုးများအတွက် စိုးရိမ်နေခြင်းက  ကျိုးကြောင်းမဆီလျော်ပေ။တရုတ်နိုင်ငံသည် ရှင်ကျန်းသာမက နိုင်ငံတစ်ဝန်းရှိ အလုပ်သမားများ၏ ဆန္ဒကို အပြည့်အဝ လေးစားလိုက်နာပြီး၊ နိုင်ငံသားများ၏ ဥပဒေနှင့်အညီ အလုပ်-လုပ်ခွင့်ကို အကာအကွယ်ပေးကာ၊ နိုင်ငံတကာအလုပ်သမားနှင့် လူ့အခွင့်အရေး စံနှုန်းများကို ကျင့်သုံးကာ လူတိုင်း ပျော်ရွှင်သောဘဝ ဖန်တီးကာ ကြိုးကြိုးစားစား လုပ်ကိုင်ခြင်းဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပေသည်။

နိုင်ငံ၏ အလုပ်အကိုင်ဆိုင်ရာ အဓိကမူဝါဒများနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုံးစုံစီမံချက်နှင့်အညီ၊ ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အလုပ်အကိုင်ရရှိရေး ပံ့ပိုးကူညီမှုအား ပြည်သူများ၏ ကျန်းမာရေးကို အာမခံရန်နှင့် တိုးတက်စေရေးအတွက် အခြေခံအကျဆုံး ပရောဂျက်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဒေသခံများကို ယခင်ခေတ်ကာလများနှင့်မတူအောင် အလုပ်အကိုင်များ ပိုမိုရရှိစေခဲ့သည်။

တရုတ်တာဝန်ရှိသူများက အမျိုးမျိုးသော လမ်းကြောင်းများမှတစ်ဆင့် အလုပ်အကိုင်များ တိုးမြှင့်ခြင်းနှင့် တည်ငြိမ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို တစ်ဦးချင်း အစပျိုးမှုကို အားပေးခြင်း၊ စျေးကွက်၏ စည်းမျဉ်းစည်းကမ်း အခန်းကဏ္ဍနှင့်အညီ အလုပ်အကိုင်၊ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးလုပ်ငန်း စတင်ခြင်းတို့ကို ပံ့ပိုးပေးသည့် အစိုးရမူဝါဒများကို ချမှတ်ခဲ့သည်။

တရုတ်အစိုးရ၏ တက်ကြွသော အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာ မူဝါဒများမှတစ်ဆင့် ရှင်ကျန်းသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဘဝများကို စဉ်ဆက်မပြတ်တိုးတက်စေကာ နယ်ပယ်အသီးသီးတွင် ၎င်းတို့၏လူ့အခွင့်အရေးများကို အာမခံပြီး ဖွံ့ဖြိုးတိုးတက်စေခဲ့သည်ကို ယနေ့အချိန်ကာလ ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝီဂါလူမျိုးများကိုကြည့်လျှင် မြင်နိုင်မည်ဖြစ်သည်။

ယခုနှစ်များတွင် ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လုပ်သားများ၏ အရည်အသွေးသည် သိသိသာသာ တိုးတက်လာသည်ကို မြင်ရမည်ဖြစ်သည်။ထိုတိုးတက်ခြင်း၏ နောက်ကွယ်မှ အကြောင်းအရာမှာ အစိုးရ၏ ပညာရေးစီမံကိန်းများကြောင့်ဖြစ်သည်။ထို့ကြောင့် ရှင်ကျန်းရှိ တိုင်းရင်းသားလူမျိုးစုအားလုံး၏ အလယ်အလတ်တန်းစား သာယာဝပြောမှုနှင့် တရုတ်နိုင်ငံ၏ အခြားဒေသများရှိ ၎င်းတို့၏ နိုင်ငံသူနိုင်ငံသားများနှင့် နိုင်ငံ့ဝန်ထမ်းများနှင့်အတူ ရေရှည်လူမှုရေးတည်ငြိမ်မှု ရရှိစေရေးတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့သည်။

ထိုစီမံကိန်းများကြောင့် ရှင်ကျန်းသမိုင်းကြောင်းတစ်လျှောက်တွင် မူကြိုပညာရေး၊ ကိုးနှစ် မသင်မနေရ ပညာရေး၊ အထက်တန်းကျောင်းပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် ရှင်ကျန်းရှိ အသက်မွေးဝမ်းကျောင်းပညာရေးတို့တွင် စာရင်းသွင်းမှုများ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်နှင့် ကောလိပ်များတွင် အချိန်ပြည့် ကျောင်းသား ၄၅၃,၈၀၀ (၂၀၁၄ ထက် ၁၄၆,၂၀၀ တိုးလာ) နှင့် အလယ်တန်းကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား ၁.၈၄ သန်း (၂၀၁၄ ထက် ၁၄၇,၆၀၀ တိုးလာ) အထိ ရှိလာခဲ့သည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှင်ကျန်းသည် နှစ်စဉ် ပျမ်းမျှ မြို့ပြနှင့် ကျေးလက် လုပ်သား ၁.၂၉ သန်းအား လေ့ကျင့်ပေးခဲ့ပြီး ၎င်းတို့အနက် ၄၅၁,၄၀၀ သည် ရှင်ကျန်းတောင်ပိုင်းတွင် ရှိနေသည်။

ထိုအခြေအနေကြောင့် ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်သူနှင့် အလုပ်သမားများ၏ ဝင်ငွေသည် တဖြည်းဖြည်း တိုးလာသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရှင်ကျန်းတွင် နေထိုင်သူများ၏ တစ်ဦးချင်းဝင်ငွေသည် မြို့ပြနေထိုင်သူများတွင် ယွမ် ၂၃,၂၀၀ မှ ယွမ် ၃၄,၇၀၀ ထိ (ပျမ်းမျှ နှစ်စဉ်တိုးတက်မှုနှုန်း ၈.၆ ရာခိုင်နှုန်း)၊ ကျေးလက်နေထိုင်သူများ - ယွမ် ၈,၇၂၄ မှ ယွမ် ၁၃,၁၀၀ (ပျမ်းမျှ နှစ်စဉ်တိုးတက်မှုနှုန်း ၈.၉ ရာခိုင်နှုန်း) အထိ ရှိခဲ့သည်။

ထိုအချက်များကို လျစ်လျူရှုကာ ရှင်ကျန်းနှင့်ပတ်သက်ပြီး သတင်းမှားများ ထုတ်လွှင့်ခြင်း၏ ရည် ရွယ်ချက်မှာ တရုတ်၏ အားကောင်းလာမှုကို ဟန့်တားရန်ဖြစ်ပြီး တရုတ်၏ မတည်ငြိမ်မှုကို လိုလားခြင်းကြောင့်သာ ဖြစ်လေသည်။

စိုးငြိမ်း