【 နိုင်ငံတကာဆောင်းပါး 】 အပြန်အလှန် အကျိုးရှိခြင်းလား၊ အပြန်အလှန် ဆုံးရှုံးခြင်းလား

【 နိုင်ငံတကာဆောင်းပါး 】 အပြန်အလှန် အကျိုးရှိခြင်းလား၊ အပြန်အလှန် ဆုံးရှုံးခြင်းလား

မြူးနစ်လုံခြုံရေးညီလာခံသည် နိုင်ငံတကာလုံခြုံရေးမူဝါဒများနှင့်ပတ်သက်ပြီး ဆွေးနွေးငြင်းခုံကြသည့် နေရာတစ်ခုဖြစ်သည်။

၂၀၂၄ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံ အစီရင်ခံစာတွင် အရှေ့ဥရောပ၊ အင်ဒို-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် ဆာဟာရဒေသတို့ကို အဓိကပါဝင်ပြီး မူဝါဒနယ်ပယ်သုံးခုအဖြစ် ကမ္ဘာလုံးဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း၊ ရာသီဥတုမူဝါဒနှင့် နည်းပညာတိုးတက်မှုတို့ ပါဝင်သည်။

မြူးနစ်လုံခြုံရေးညီလာခံသည် သမိုင်း၏ မျက်မြင်သက်သေတစ်ခုဖြစ်ပြီး ပြောင်းလဲလျက်ရှိသော နိုင်ငံတကာအခြေအနေတွင် ဂျာမနီနှင့် ဥရောပတို့၏ အမြင်ကို ထင်ဟပ်စေသည်။ဥရောပသည် ပထဝီဝင်ဆိုင်ရာ မဟာဗျူဟာများတွင် အပြောင်းအလဲများဖြစ်လာခြင်းကို ပို၍ထိလွယ်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံသည် ဥရောပအတွက် ရှုပ်ထွေးမှု၊ တုံ့ဆိုင်းမှုနှင့် သုံးသပ်ခြင်းတို့ကိုသာဖြစ်စေပြီး အပြန်အလှန်ဆုံးရှုံးစေသည့် ပုံစံများသည် မူဝါဒနယ်ပယ်များစွာနှင့် ဒေသများစွာတွင် ပေါ်ထွက်လာသည်ကို တွေ့ရသည်။

ပထမအချက်မှာ ထိုညီလာခံကို ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတို့ ဖြစ်ပွားနေချိန်တွင် ကျင်းပခြင်းဖြစ်ပြီး ထိုဒေသတွင်းပဋိပက္ခများကို မည်သို့ဖြေရှင်းမည်နည်းဟူသော ပြဿနာမှာ ဥရောပအတွက် အရေးပေါ်ဖြစ်လာခြင်းဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ၂၀၂၄ တွင် ရွေးကောက်ပွဲများ များစွာရှိနေပြီး ဥရောပလွှတ်တော်နှင့် အမေရိကန်ရွေးကောက်ပွဲတို့ ရှိနေခြင်းဖြစ်သည်။

အမေရိကန်တွင် ထရမ့် ပြန်လည်ရောက်ရှိလာပါက အတ္တလန္တိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးကို မည်သို့ထိခိုက်စေမည်နည်းဟူသော မေးခွန်းက ဥရောပ၏ ဆုံးဖြတ်ချက်ချမှတ်သူ ခေါင်းဆောင်များအပေါ် စိတ်ရှုပ်ထွေးစေပြီး အမေရိကန်နှင့် မည်သို့ ဆက်ဆံရေးတည်ဆောက်ရမည်နည်းဟူ၍ အကြီးအကျယ် စဉ်းစားလာရခြင်းဖြစ်သည်။

တတိယအချက်အနေဖြင့် လုံခြုံရေးသည် နိုင်ငံတကာအသိုက်အဝန်းအတွက် အဓိကပြဿနာဖြစ်နေပြီး စီးပွားရေးလုံခြုံမှု၊ အယူအဆလုံခြုံမှုနှင့် သမားရိုးကျလုံခြုံမှုများသည် အတူပေါင်းစပ်နေခြင်းဖြစ်သည်။လုံခြုံရေးပြဿနာများကို မည်သို့ဖြေရှင်းရမည်နည်းဟူသော မေးခွန်းသည် ဥရောပအတွက် ကိုယ်ပိုင်မဟာဗျူဟာများကို ပြန်လည်သုံးသပ်စေပြီး ထို့ကြောင့်ပင် ညီလာခံတွင် မဟာဗျူဟာကျပြိုင်ဆိုင်မှု၏ ထောင်ချောက်ကို နိုင်ငံတကာအသိုက်အဝန်းက မည်သို့ရှောင်ရှားပြီး အပြန်အလှန်ထိခိုက်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန် အဓိကဆွေးနွေးကြခြင်းဖြစ်သည်။

ကမ္ဘာကြီးသည် ပုံစံအသစ်၊ အခြေအနေအသစ်သို့ ကူးပြောင်းလာချိန်တွင် ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့၏ မူဝါဒများကို ပြန်လည်သုံးသပ်နေကြပြီဖြစ်သည်။ကမ္ဘာကြီးသည် ပြီးခဲ့သော ၇၅ နှစ်အတွင်းတွင် ကွဲပြားမှုအများဆုံးအခြေအနေကို ရင်ဆိုင်နေရခြင်းဖြစ်ပြီး ဥရောပအနေဖြင့် မည်သို့နေရာယူရမည်ကို ဆုံးဖြတ်ရန် ရုန်းကန်နေရခြင်းဖြစ်သည်။ဥရောပသည် အတ္တလန္တိတ်ဖြတ်ကျော် စိတ်တူကိုယ်တူ မဟာမိတ်များဖြင့် ပူးပေါင်းဆောင်ရွက်ရေးကို လိုလားပါက ပထဝီရေးရာ ပြိုင်ဆိုင်မှုများဖြစ်လာပြီး အားလုံးကို ထိခိုက်စေမည်ဖြစ်သည်။ထိုသို့မဟုတ်ဘဲ တရုတ်အပါအဝင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ပါက ခေတ်သစ် စစ်အေးတိုက်ပွဲကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

တရုတ်နှင့် သက်ဆိုင်သော အကြောင်းအရာများစွာကိုလည်း ညီလာခံတွင် ဆွေးနွေးခဲ့ကြသည်။တရုတ်အနေဖြင့်မူ တရုတ်သည် ပြောင်းလဲနေသော ကမ္ဘာကြီးတွင် တည်ငြိမ်သော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေကြောင်းကို ဥရောပနှင့် ကမ္ဘာ့နိုင်ငံများအား သတင်းစကားပါးပြီးဖြစ်သည်။ထို့ကြောင့်ပင် တရုတ်သည် အတူအလုပ်တွဲလုပ်ရန် ကောင်းမွန်သော တာဝန်ယူမှု တာဝန်ခံမှုရှိသည့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတွင် တရုတ်ကို ချန်လှပ်ထားခြင်းက ကြီးမားသော မှားယွင်းမှုဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းသည် ကြီးမားသောအန္တရာယ်ဖြစ်ပြီး တစ်ဖက်သတ်ဆန်ခြင်းများသည် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေမည်သာဖြစ်သည်။များစွာသောနိုင်ငံများသည် အပြန်အလှန်ဆုံးရှုံးစေခြင်း အခြေအနေများတွင်သာ ရှိနေသည်ကို သတိပြုရမည်။မည်သူက ပို၍အကျိုးရမည်နည်းဟူသော အခြေအနေမဟုတ်ဘဲ မည်သူ့ကို ပို၍ဆုံးရှုံးခြင်းဖြစ်စေရမည်နည်းဟု ပို၍အာရုံစိုက်လာကြသည်။

မြူးနစ်ညီလာခံတွင် ဖော်ပြခဲ့သလိုပင် အစိုးရများအနေဖြင့် အပြန်အလှန်အကျိုးရစေမည့် ပူးပေါင်းဆောင်ရွက်ခြင်းတွင် ပို၍ပါဝင်ပြီး အားလုံးအတွက် အကျိုးရှိစေမည့် နိုင်ငံတကာစနစ်တစ်ခုကို တည်ထောင်ရန် လိုအပ်သည်။

ထို့ကြောင့်ပင် အပြန်အလှန် ဆုံးရှုံးစေခြင်းအစား အပြန်အလှန် အကျိုးရစေခြင်း မူဝါဒများကို ဖော်ဆောင်ပြီး ဘက်ပေါင်းစုံပါဝင်သည့် မျှတသော ကမ္ဘာကြီးနှင့် အားလုံးအကျိူးရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းများကို ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | Win-win or lose-lose ?