【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်ရွေးကောက်ပွဲက ..... မျှတမှုရှိမလား

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်ရွေးကောက်ပွဲက ..... မျှတမှုရှိမလား

ရီပတ်ဗလစ်ကန်သမ္မတလောင်းအဖြစ် သမ္မတဟောင်း ထရမ့် ပြန်လည်ရွေးကောက်ခံရန် သေချာလာသည်နှင့်အမျှ ထရမ့်အပေါ် စွဲချက်များမှာ ပို၍ပြင်းထန်လာခဲ့ပြီဖြစ်သည်။

ဒီမိုကရက်တစ် ကိုယ်စားပြု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အမျိုးသမီးကျန်းမာရေးနဲ့ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးတွေ၊ တစ်နိုင်တစ်ပိုင် ကျန်းမာရေးစောင့်ရှောက်မှုပုံစံကို ဆက်လက်ထိန်းသိမ်းဖို့တွေကို အဓိကအကြောင်းအရာအဖြစ် ဦးစားပေး စည်းရုံးခဲ့သည်။

ပြိုင်ဘက် ရီပတ်ဗလစ်ကန် သမ္မတဟောင်း ထရမ့်ကတော့ ကိုယ်ဝန်ဖျက်ချခွင့်ကိစ္စ ပြောဆိုခဲ့တာရှိသော်လည်း သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မပြောသေးပေ။ထရမ့်မှာ လက်ရှိတွင် မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေကနေ အများပြည်သူကို လိမ်ညာမှုနှင့် နယူးယောက်ပြည်နယ် တရားရုံးမှာ တရားစွဲဆိုခံရတဲ့ အမှုတွေ ရှုံးနိမ့်သွားခြင်းကြောင့် အာမခံကြေး အချိန်မီပေးနိုင်ဖို့ အာရုံစိုက်နေရသည်။ထို့ပြင် အမေရိကန်သမ္မတဟောင်း ထရမ့်၏ နှုတ်ပိတ်ခအမှုကို ဆောင်ရွက်နေသည့်  တရားသူကြီး ဂျူအန် မားချန့်က မတ်လ ၂၆ ရက်တွင် ထရမ့်အပေါ် သက်သေများ၊ အစိုးရရှေ့နေများနှင့် ဂျူရီအဖွဲ့ဝင်များကို ထိုးနှက်ခြင်းမပြုဖို့၊ လွတ်လပ်စွာပြောဆိုဝေဖန်ခြင်းကို တားဆီးပိတ်ပင်သည့် အမိန့်ကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပိတ်ပင်ခြင်းကြောင့် ထရမ့်အနေဖြင့် သူကိုစွဲဆိုထားသည့် နှုတ်ပိတ်ခပေးသည့်အမှုနှင့်ပတ်သက်ပြီး  သက်သေများ၏ အခန်းကဏ္ဍနှင့်ပတ်သက်လို့ လူသိရှင်ကြား ထွက်ဆိုချက်များကို ထုတ်ပြောခြင်း (သို့မဟုတ်) အခြားသူများကို ထွက်ဆိုရန် ညွှန်ကြားခြင်း မပြုနိုင်တော့ပေ။ထို့အပြင် အစိုးရရှေ့နေများနှင့် တရားရုံးဝန်ထမ်းများအပေါ် မှတ်ချက်ပေးခြင်းမှာလည်း တားမြစ်ခံထားရသဖြင့် ထရမ့်အတွက် ရွေးကောက်ပွဲခရီးမှာ ပို၍ခက်ခဲလာနေပြီဖြစ်သည်။

ထူးဆန်းသည်မှာ ထရမ့်အပေါ် ကန့်သတ်မှုအတွက် ရီပတ်ဗလစ်ကန်များဘက်က  ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်သော အသံတွေ မထွက်လာခြင်းဖြစ်သည်။သို့ရာတွင် ထရမ့်၏ ရွေးကောက်ပွဲမတိုင်ခင် ခပ်ရမ်းရမ်း စကားများက ကမ္ဘာ့အင်အားကြီး နေရာယူထားလိုသည့် အမေရိကန်နိုင်ငံရေးသမားများနှင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများအပေါ် ထိတ်လန့်စေခြင်းဖြစ်သည်။ထရမ့်၏ သူသာ ရွေးကောက်ခံရပါက ယူကရိန်းစစ်ပွဲကို ရုတ်ခြည်းရပ်တန့်လို့ရသည်ဆိုသော မှတ်ချက်နှင့် နေတိုး၏ ဥရောပအဖွဲ့ဝင်များက ကာကွယ်ရေးအတွက် မစိုက်ထုတ်ပါက အမေရိကန်က ဥရောပလုံခြုံရေးကို တာဝန်မယူဆိုသည့် မှတ်ချက်များသည် ဥရောပနိုင်ငံကြီးများနှင့် အမေရိကန်ကာကွယ်ရေး စက်မှုလုပ်ငန်းကြီးများအနေဖြင့် ထရမ့် ရွေးကောက်ခံလာရမည်ကို စိုးရိမ်စိတ်ဖြစ်စေသည်။

ထိုမှတ်ချက်ကြောင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ထရမ့် ရွေးကောက်မခံရခင် ဥရောပနှင့် နေတိုးအဖွဲ့ကို အားကောင်းအောင် စီမံထားရမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

စစ်ရေးတင်းမာမှု မြင့်တက်နေသည့် ယခုအချိန်တွင် အမေရိကန်၏ မဟာမိတ်များဖြစ်သည့် ဥရောပနှင့် အာရှမှ နိုင်ငံများက ထရမ့်ကို ဖျက်မြင်းအဖြစ် ရှုမြင်ကြသည်။နောက်ပိုင်းတွင် ထရမ့်က ထိုမှတ်ချက်များကို ထပ်ပြင်ကာ နေတိုးအဖွဲ့မှ ၎င်း၏ ဥရောပအဖွဲ့ဝင်များသည် ကာကွယ်ရေးအတွက် ပိုမိုသုံးစွဲပါက နေတိုးအဖွဲ့ဝင်များကို ရုရှားက နောင်လာမည့် တိုက်ခိုက်မှုမှ ကာကွယ်ရန် အမေရိကန်က ကူညီမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့သို့အခြေအနေများကြောင့် ယခုနှစ် ရွေးကောက်ပွဲတွင် ထရမ့်သာ ရွေးကောက်ခံရပါက အမေရိကန်ပြည်တွင်းနှင့် ဥရောပနိုင်ငံရေးအခြေအနေပါ များစွာပြောင်းလဲသွားမည်ကို စိုးရိမ်နေကြသည်။အထူးသဖြင့် ယူကရိန်းကို ကျူးကျော်နေသည် ရုရှားအတွက် အနိုင်ရကာ ထွက်ပေါက်ရသွားနိုင်သည်။

သို့သော် အမေရိကန်ရွေးကောက်ပွဲသည် အမေရိကန်ပြည်တွင်းရေး တစ်ခုတည်းသက်သက်သာမဟုတ်၊ ရွေးကောက်ခံရသော အမေရိကန်သမ္မတ၏ မူဝါဒက ကမ္ဘာ့အရေးများကို သက်ရောက်စေသောကြောင့် ကမ္ဘာက ရင်တမမ စောင့်ကြည့်ရသော ရွေးကောက်ပွဲဖြစ်သည်။ရွေးကောက်ပွဲတွင် ထရမ့်သာ အနိုင်ရခဲ့ပါကဆိုသော ဖြစ်နိုင်ခြေသည် အမေရိကန်မဟာမိတ်များသာမက ရုရှား၊ တရုတ် စသော ကမ္ဘာ့နိုင်ငံကြီးများ၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒများအထိပါ သက်ရောက်မည်ဖြစ်သည်။

ထရမ့် ရွေးကောက်ခံရနိုင်မှုသည် ပါတီတွင်းရွေးကောက်ခံရမှုနှင့် သိသိသာသာ ခြားနားသော လမ်းကြောင်းဖြစ်သည်။ထရမ့်အနေဖြင့် အိမ်ဖြူတော်သို့ ပြန်ရောက်နိုင်ရန်မှာ ၂၀၂၀ ရွေးကောက်ပွဲကို လွှမ်းမိုးရန် ကြိုးပမ်းမှုအတွက် ရာဇ၀တ်မှု ၈၈ ခုနှင့် ရင်ဆိုင်နေရသောကြောင့် မဖြစ်နိုင်သော လောင်းကြေးတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ၎င်း၏ မိန့်ခွန်းများတွင် ဘိုင်ဒင်ကို ရည်ညွှန်းကာ အမေရိကန်သမ္မတသည် “လွန်ကဲစွာ အရည်အချင်းမရှိသူ” ဟူသော အယူအဆကို မကြာခဏဖော်ပြကာ ယင်းကဲ့သို့ အရည်အချင်းမရှိမှုသည် ဒီမိုကရေစီကို ခြိမ်းခြောက်ခြင်းဟုပြောပြီး မဲဆွယ်ခဲ့သည်။အကြမ်းဖက် ရုပ်ဆိုး အကျဉ်းတန်သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် ဖြစ်ရပ်ကို ပြည်ဖုံးကားချလိုသည့် ထရမ့်အတွက် ထိုအမှုများကို ယခုအချိန်မှ ရင်ဆိုင်နေရခြင်းက ထရမ့်ကို ရွေးကောက်ပွဲမှ ဖယ်ရှားလိုခြင်းဖြစ်ပြီး တရားမျှတသည့် သဘောမျိုးဖြစ်စေရန် ရွေးကောက်ပွဲနားကပ်ကာမှ ဆက်တိုက်ဆိုသလို ရင်ဆိုင်စေခြင်းဖြစ်သည်။
 
သို့သော် ဘိုင်ဒင်နှင့် မကျေပွဲ နွှဲလိုသည့် ထရမ့်က ၂၀၂၄ ခုနှစ် မဲဆွယ်စည်းရုံးရေးလမ်းစဉ်တွင် သူသာ ဒီမိုကရေစီ၏ ကယ်တင်ရှင်ဖြစ်ပြီး ဘိုင်ဒင်သည် ခြိမ်းခြောက်မှုဖြစ်ကြောင်း မဲဆွယ်စည်းရုံးမှုများတွင် ပြောခဲ့သည်။သို့သော် ထရမ့်၏ ဒုသမ္မတအဖြစ် တာဝန်ယူခဲ့သည့် မိုက်ပန့်စ်က ထရမ့်ကို လက်မခံကြောင်း ထုတ်ဖော်ပြောခြင်းကို ကြည့်လျှင် ရီပတ်ဗလစ်ကန်များ ဘာကြောင့် ထရမ့်ဘက်က ပြင်းပြင်းထန်ထန် အာသီသမရှိသလဲဆိုသည်ကို မြင်ရမည်ဖြစ်ပြီး ယခုပွဲသည် အမေရိကန်အကျိုးစီးပွားအတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် ဘိုင်ဒင်ကို ရွေးချယ်ထားပြီဖြစ်ကြောင်း သိသာနေသည်။

ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတသင့်သော်လည်း ရာထူးယှဉ်အရွေးခံခြင်းသည် ပြဿနာဖြေရှင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ၊ ကိုယ်ကျင့်တရားဆိုင်ရာ စမ်းသပ်မှုများနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ တွေးခေါ်မှုများ စသည့် အတားအဆီးများရှိနေသည်။အမေရိကန်သမ္မတ ရွေးကောက်ပွဲသည် တခြားသောရွေးကောက်ပွဲများနှင့်မတူဘဲ မဲဆန္ဒရှင်များကို အယုံသွင်းရခြင်းဖြစ်ကာ ပို၍အယုံသွင်းနိုင်သူက အနိုင်ရတတ်သည်။သို့သော် ကောင်းမွန်သော အုပ်ချုပ်မှုသမိုင်းကြောင်းရှိခြင်းကလည်း ရွေးကောက်ပွဲ၏အဖြေကို တစ်မျိုးတစ်မည် ဖြစ်စေတတ်သလို စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်စေသလို အဖြေမထွက်စေသည်မျိုးလည်း ရှိတတ်သည်။

တစ်နှစ်နီးပါးရှိသည့် မာရသွန်ပြိုင်ပွဲတစ်ခုလို ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်သည့်ကာလတွင် စိတ်ရှည်သည်းခံမှု၊ ဟာသဉာဏ်ကောင်းပြီး စိတ်ကောင်းရှိခြင်းကသာ အောင်မြင်စွာ ဖြတ်ကျော်နိုင်သည်။သို့သော် ယခုနှစ်ရွေးကောက်ပွဲသည် ဒီမိုကရေစီကို ခြိမ်းခြောက်ခြင်းနှင့် ကာကွယ်ခြင်းဖြင့် ထရမ့်ရော ဘိုင်ဒင်ကပါ မဲဆွယ်နေကြရာ တကယ်အဖြစ်မှန်နှင့် အတော်ပင်ဝေးကွာနေလေသည်။
 
သမ္မတဟောင်းသည် ၎င်း၏ ရာဇဝတ်ခုံရုံးမှ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိကာ ပုဂ္ဂိုလ်ရေး နိုင်ငံရေး နှိပ်စက်ညှဉ်းပန်းမှုအကြောင်း ဇာတ်ကြောင်းကို ရေးပြရန် ကြိုးစားနေချိန်တွင်၊ အခြားသော နိုင်ငံရေးအင်အားစုများက လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် တန်းတူရည်တူ ပြစ်တင်ဝေဖန်နိုင်သည့် အင်အားစုများရရန် စုရုံးနေကြသည်။ဝါရှင်တန်ကနေ မြောက်ကယ်ရိုလိုင်းနားနဲ့ ကယ်လီဖိုးနီးယားအထိ နိုင်ငံရေးပြဇာတ်အဖြစ် စူပါအင်္ဂါနေ့က ပြင်းထန်တဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အထင်ကြီးလောက်စရာ ရလဒ်တွေကို ရီပတ်ဗလစ်ကန် သမ္မတလောင်း ထရမ့်နဲ့ သမ္မတ ဂျိုးဘိုင်ဒင်တို့ ရရှိခဲ့ခြင်းသည် ပြင်းထန်တဲ့ မဲဆွယ်မှုတွေကို မကြာမီဖြစ်လာမည်ကို မီးမောင်းထိုးပြနေခဲ့သည်။

သို့သော် သေချာနေသည့် အချက်မှာ ရွေးကောက်ခံရသူသည် ဘိုင်ဒင်ဖြစ်စေ၊ ထရမ့်ဖြစ်စေ နှစ်ဦးစလုံးမှာ ကမ္ဘာအတွက် ငြိမ်းချမ်းစေမည့် အလှည့်အပြောင်းဖော်ဆောင်နိုင်မည်သူများ မဟုတ်ခြင်းဘဲ ဖြစ်လေသည်။

စိုးငြိမ်း