【 ဆောင်းပါး 】ကချင်ပြည်နယ်တစ်ဖက်ကမ်းကထိန်ချုံးမြို့

【 ဆောင်းပါး 】ကချင်ပြည်နယ်တစ်ဖက်ကမ်းကထိန်ချုံးမြို့ 

မြန်မာနိုင်ငံတွင်းက ကချင်ပြည်နယ်ရဲ့ တစ်ဖက်ကမ်းမှာတော့ ရှေးဟောင်းမြို့လေးတစ်မြို့ တည်ရှိပါတယ်။ မြို့လေးဟာ နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပြီး ထိန်ချုံးမြို့ (Tengchong) လို့ အမည်ပေးထားပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်းမှာ ထိန်ချုံးမြို့တည်ရှိပါတယ်။မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အနီးမှာ တည်ရှိနေတာဖြစ်ပြီး၊ ခရီးသွားလာ လည်ပတ်လို့‌ကောင်းတဲ့ မြို့ငယ်လေးလည်းဖြစ်ပါတယ်။

ထိန်ချုံးမြို့ဟာ မြို့ငယ်လေးဆိုပေမယ့် ကြွယ်ဝတဲ့ ကိုယ်ပိုင်သမိုင်းကြောင်းတွေ ပြည့်နှက်နေပါတယ်။ 'ဟန်' မင်းဆက် လက်ထက်မှာ ချိုင့်ဝှမ်းဒေသလို့ လူသိများပြီး၊ 'ထန်' မင်းဆက်လက်ထက်မှာတော့ တရုတ်ပြည် နဲ့ တိဗက်၊ အိန္ဒိယ၊ အရှေ့တောင်အာရှတို့ကို ဆက်သွယ်ပေးတဲ့ ကုန်သွယ်မှုလမ်းကြောင်းအဖြစ် အရေးကြီးတဲ့ ဗဟိုချက်နေရာ တစ်ခုဖြစ်လာခဲ့ပါတယ်။

ထိုခေတ်ကာလမှာ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတို့ ထိန်ချုံးမြို့မှာ ထွန်းကားခဲ့ပြီး ဘုရားကျောင်းတွေနဲ့ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းတွေကို မြို့အတွင်း တည်ဆောက်ခဲ့ပါတယ်။လက်ရှိမှာတော့ ထိန်ချုံးမြို့အတွင်း ဗုဒ္ဓဘုန်းတော်ကြီးကျောင်း ၄၀၀ ကျော် တည်ရှိပြီး အများစုကို 'ထန်' နဲ့ 'မင်' မင်းဆက်ခေတ်တွေမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

၁၃ ရာစုအရောက်မှာတော့ ထိန်ချုံးမြို့ကို မွန်ဂိုအင်ပါယာက သိမ်းပိုက်ခဲ့ပြီး၊ 'မင်' မင်းဆက်ခေတ်ကို အရောက်မှာတော့ အဆိုပါဒေသတွင်း သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ရေပူစမ်းအိုင်တွေကြောင့် လူသိများခဲ့ပြီး၊ မြန်မာပြည်နဲ့ နယ်နိမိတ် ထိစပ်နေတာကြောင့် စစ်ရေးအရ အမာခံနယ်မြေတစ်ခုလည်းဖြစ်ခဲ့သလို ကုန်သွယ်မှု အချက်အခြာနေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

တရုတ်ပြည်ရဲ့ နောက်ဆုံးသော မင်းဆက် 'ချင်း' မင်းဆက်ခေတ်မှာတော့ နယ်ချဲ့ ဗြိတိသျှများနဲ့ အချို့သော အနောက်နိုင်ငံတွေက ထိန်ချုံးမြို့ဒေသကို ထိန်းချုပ်ခဲ့ပြီး၊ တော်လှန်ပုန်ကန်မှုနဲ့ အုံကြွမှုအများအပြားလည်း ဖြစ်ပွားခဲ့ပါတယ်။ ၂၀ ရာစုအရောက်မှာတော့ ဒုတိယတရုတ်-ဂျပန် စစ်ပွဲဖြစ်ပွားမှုအတွင်း မြို့ငယ်လေးဟာ ထိခိုက်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ထိန်ချုံးမြို့လေးကို သွားရောက်လည်ပတ်နိုင်ဖို့အတွက် မြန်မာပြည်တွင်းက ခရီးသွားလုပ်ငန်းတွေဟာလည်း ခရီးစဉ်တွေ စီစဉ်ပေးလျက်ရှိပါတယ်။မြန်မာနိုင်ငံအတွင်းမှ ခရီးသွားလာ သူတွေဟာလည်း ကချင်ပြည်နယ်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ထိန်ချုံးမြို့ကို သွားရောက်လည်ပတ်လေ့ရှိပြီး၊ သဘာဝ အလှတရားတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကြည့်ရှုခံစားလေ့ရှိကြပါတယ်။ထိန်ချုံးမြို့‌မှာ ကမ္ဘာ့အကြီးဆုံး ပယင်းစျေးကွက်တည်ရှိပြီး၊ ငါးရက်တစ်စျေးအနေနဲ့ မြန်မာ့ပယင်းနဲ့ ကျောက်စိမ်းတွေ ရောင်းချတာကို လေ့လာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သဘာဝရေပူစမ်းများ၊ လှပသော တောင်တန်းရှုခင်းများ၊ မီးတောင်ဖွဲ့စည်းပုံများနဲ့ သမိုင်းဝင် နေရာတွေကြောင့်လည်း ထိန်ချုံးမြို့ဟာ နာမည်ကျော်ပါတယ်။ထိန်ချုံးမြို့ရဲ့ တောင်တန်းတွေမှာ ဇန်နဝါရီ လ အတွင်း ဆီးနှင်းများဖွေးဖွေးလှုပ်ကျရောက်လေ့ရှိပြီး၊ လှပစိမ်းစိုနေတဲ့ စိုက်ခင်းတွေနဲ့အတူ သဘာဝပန်းချီကား တစ်ချပ်ကို ကြည့်ရှုရသလို ခံစားနိုင်မှာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က ထိန်ချုံးမြို့ကို လာရောက်လည်ပတ်ပြီး ကြည့်ရှုစစ်ဆေးကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်တွေချမှတ် မှာကြားခဲ့ပါတယ်။ ယနေ့ အချိန်မှာတော့ ထိန်ချုံးမြို့ဟာ အရှေ့တောင်အာရှနဲ့ နီးကပ်စွာ တည်ရှိနေတဲ့ မဟာဗျူဟာကျ တည် နေရာကြောင့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အတွက် အရေးပါသော အချက်အခြာနေရာ တစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိနေပါတော့တယ်။

 မိုးသီဟန်