【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် “မဟာတူးမြောင်းကြီး” (အပိုင်း -၂)

【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် “မဟာတူးမြောင်းကြီး” (အပိုင်း -၂)

မဟာတူးမြောင်းကြီးကို မြစ်ဝါမြစ်၏ ရေလွှမ်းမိုးမှုကြောင့် မကြာခဏ ပြင်ဆင်ခဲ့ရသည်များရှိခဲ့သလို စစ်မက်ဖြစ်ပွားနေချိန်အတွင်း စစ်ရေးအရလုပ်ဆောင်ချက်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များလည်း ရှိခဲ့ပါသေးတယ်။

ဒါကြောင့် မင်းဆက်အသစ်တက်လာတိုင်း ထိုမင်းဆက်က တူးမြောင်းကြီးကို ပြန်လည်ပြုပြင်ရလေ့ရှိပါတယ်။ တရုတ်ရှေးမင်းဆက်ခေတ်များတွင် မင်းဆက်အသစ်တက်လာတိုင်း ထိုမင်းဆက်အနေဖြင့်အရင်ဦးစွာ လုပ်ဆောင်ရသည့် ကိစ္စနှစ်ရပ်မှာမဟာတံတိုင်းကြီးနှင့် မဟာတူးမြောင်းကြီးကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။

မဟာတူးမြောင်းကြီးကို ဆောက်လုပ်ရာမှာတူးမြောင်းအပိုင်းအားလုံးနီးပါးကို လူလုပ်ဖောက်လုပ်တည်ဆောက်ထားခြင်းမဟုတ်ပဲ တချို့သောနေရာတွေမှာ သဘာဝအလျောက် မြစ်ကြောင်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ် လာသည်များလည်းရှိခဲ့ကာ ထိုအပိုင်းများကိုတော့ မူလမြစ်ကြောင်းနှင့် ဆက်သွယ်နိုင်ရန် တူးမြောင်းဖောက်လုပ်ကာ ချိတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ဝန်းကျင်များတွင် မဟာတူးမြောင်းကြီးအတွင်းမှ သင်္ဘောများကြောင့် ရေထုအလွန်ညစ်ညမ်းလာပြီး အနံ့ဆိုးများ ထွက်ပေါ်လာခဲ့ပြီး ရေမှာ အနက်ရောင်သို့ ပြောင်းလဲသွားခဲ့တာကြောင့် ၂၀၀၁ ခုနှစ်တွင် ရေကို အနံ့အသက်မရှိတော့သည်အထိ ရေအရည်အသွေးကို မြှင့်တင်ပေးပြီး ရေနေသက်ရှိသတ္တဝါများ ပြန်လည် ရှင်သန်နိုင်ရေးအတွက် ဒေါ်လာ ၂၅၀ မီလီယံတန် စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ရပါတယ်။

ဒါပေမယ့် မဟာတူးမြောင်းကြီးကတော့ ဘီစီခေတ်ကတည်းက ယနေ့ခေတ်အထိ အသုံးဝင်လျက်ရှိနေပါသေးတယ်။  တရုတ်အစိုးရကတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရဲ့ ၄၀ ရာခိုင်နှုန်းကို မဟာတူးမြောင်းကြီးကနေ တင်ပို့ နိုင်ဖို့ရည်ရွယ်ပြီး သောင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ယခုအခါ စန်းတုန်းပြည်နယ်၊ ကျန်းစုပြည်နယ်၊ ကျဲ့ကျန်းပြည်နယ်ရှိ ထွက်ကုန်များကို မဟာတူးမြောင်းမှ တစ်ဆင့် ပေကျင်းမြို့တော်အထိ အန္တရာယ်ကင်းစွာ တင်ပို့နိုင်ပြီ ဖြစ်ပါတယ်။ နှစ်ပေါင်းထောင်ချီကြာ စီးဆင်းနေသော မဟာတူး မြောင်းကြီးဟာ ကျဲ့ကျန်းပြည်နယ်(Zhejiang)တွင် ပေါင်းကူးတံတားများ၊ ရှေးဟောင်းလမ်းများ၊ အထင်ကရမြို့များ၊ ရိုးရာအော်ပရာတေးပြဇာတ်များ၊ လူမှုဓလေ့ထုံးတမ်းများနှင့် ဒဏ္ဍာရီပုံပြင်များ အစရှိတဲ့ ခမ်းနားလှသော သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် အများအပြားကိုထင်ကျန်စေခဲ့ပါတယ်။

မဟာတူးမြောင်းကြီးတစ်လျှောက်မှာလည်း ခရီးသွားတွေစိတ်ဝင်စားစေမယ့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေများစွာတည်ရှိသလို ခရီးသွားလာရေးဆိုင်ရာ အရင်းအမြစ်များစွာလည်း တည်ရှိနေတာကြောင့် တရုတ်နိုင်ငံရဲ့ ခရီးသွားကဏ္ဍအတွက်ပါ အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။

မဟာတူးမြောင်းကြီးဟာ ကျဲ့ကျန်းပြည်နယ်ရဲ့ မြို့(၅)မြို့ကို ဖြတ်သန်းစီးဆင်းပြီး တူးမြောင်းတစ်လျှောက်မှာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အရင်းအမြစ်များနှင့် သမိုင်းဝင်အမွေအနှစ်များ ပေါကြွယ်ဝလှတာကြောင့် ခရီးသွားတွေကို အကြိုက်တွေ့မယ့်နေရာတွေဖြစ်ပါတယ်။

ဒါကြောင့်ပဲ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့ ပါဝင်ပေါင်းစည်းသွယ်တန်းထားသော ရေလမ်းကြောင်းအသစ်တစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ။

ပေကျင်း - ဟန်ကျိုး မဟာတူးမြောင်း (ဟန်ကျိုးအပိုင်း)ရဲ့ ကမ်းနှစ်ဖက်တွင် သဘာဝဂေဟပတ်ဝန်းကျင်ရှုမျှော်ခင်းများကို အဓိကမဏ္ဍိုင်အဖြစ်လည်းကောင်း၊ ရှေးဟောင်းသမိုင်းဝင်နယ်မြေ၊ ယဉ်ကျေးမှုဥယျာဉ်၊ ပြတိုက်များ၊ ဘုရားကျောင်းနှင့် သီလရှင်ကျောင်းများ၊ ရှေးဟောင်းအမွေအနှစ်များကို အရေးပါသောဆုံမှတ်အဖြစ်ထားရှိသည့် ယဉ်ကျေးမှုအပန်းဖြေစင်္ကြံလမ်းနှင့် အကောင်းမွန်ဆုံး ရေလမ်းခရီးသွားလာမှု ခရီးစဉ်လမ်းကြောင်းတို့ ဖြစ်ပေါ်လာခဲ့ပါတယ်။

ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်း၏ ရေလမ်းကြောင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၂၂ခုနှစ် မေလ အကုန်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်ပြီးစီးခဲ့ပြီး ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်း (ဟန်ကျိုးအပိုင်း)၏ ကမ်းနှစ်ဖက်ရှိ ဖုန့်ချီလမ်း (Fengqi) မှ ရှီရှန်လမ်း (Shixiang) အထိ ကီလိုမီတာ (၃၀)ကျော် ရှည်လျားသော အစိမ်းရောင်လမ်းကို တစ်လမ်းလုံးပေါက်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်း (ဟန်ကျိုးအပိုင်း)သည် ဝူယွဲ့ယဉ်ကျေးမှု(Wuyue)နှင့် စုန့်ခေတ်ယဉ်ကျေးမှုတို့ကို ဖော်ညွှန်းပြသနေပြီး တရုတ်ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှု၊ ပေါင်းစည်းမှုနှင့် ဆွဲဆောင်မှုတို့ကို ဖော်ပြသည့် အရေးပါသော ပြတင်းပေါက်တစ်ချပ်ပင် ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ခန့်မောင်