【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် “မဟာတူးမြောင်းကြီး” - အပိုင်း (၃)

【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် “မဟာတူးမြောင်းကြီး” - အပိုင်း (၃)

ကျားရှင်းမြို့(Jiaxing)ကတော့ ကျဲ့ကျန်းပြည်နယ်၏ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး အရှေ့ဘက်မှာ ပင်လယ်ကြီးကို မျက်နှာမူလျက် တောင်ဘက်မှာတော့ ချန်ထန်မြစ်(Qiantang)ကို အမှီသဟဲပြုကာ မြောက်ဘက်မှာလည်း ထိုက်ဟူကန်(Taihu) တည်ရှိသလို အနောက်ဘက်တွင် ထျန်းမူတောင်(Tianmu)နှင့် ဆက်စပ်နေပြီး မဟာတူးမြောင်းကြီးဟာ ကျားရှင်းမြို့ကို ဖြတ်သန်းသွားတာဖြစ်ပါတယ်။

ယင်းမြို့မှာလည်း နှစ်ပေါင်း(၇၀၀၀)ရှည်လျားသော ယဉ်ကျေးမှုသမိုင်း၊ နှစ်ပေါင်း(၂၅၀၀)ကြာမြင့်သော စာပေမှတ်တမ်းသမိုင်းနှင့် မြို့တည်သမိုင်းသက်တမ်း နှစ်ပေါင်း (၁၇၀၀)ရှိသော သမိုင်းဝင်ယဉ်ကျေးမှု အထင်ကရမြို့တို့ တည်ရှိပါတယ်။

သမိုင်းမတင်မီခေတ်ယဉ်ကျေးမှု၊ တူးမြောင်းယဉ်ကျေးမှု၊ ရှေးဟောင်းမြို့ယဉ်ကျေးမှုနှင့် တရုတ်နိုင်ငံ၏ အနီရောင်ယဉ်ကျေးမှုတို့ကို အဲဒီနေရာမှာ ပေါင်းစုံစုစည်းပြီး ယန်စီမြစ်တောင်ပိုင်းဒေသ၏ အနှစ်သာရဆွဲဆောင်မှုနှင့် အသက်ဝိညာဉ်တို့အဖြစ် ဖြစ်ပေါ်လာပြီး နက်ရှိုင်းသောသမိုင်းကြောင်းတို့ကိုလည်း ထိတွေ့ခံစားနိုင်ပါတယ်။

ကျားရှင်းမြို့တွင် ယန်စီမြစ်တောင်ပိုင်း ရေပေါ်မြို့ရွာ၏ သာယာလှပမှုနှင့် ငြိမ်သက်အေးချမ်းမှုတို့ကို ခံစားနိုင်ပါတယ်။ မဟာတူးမြောင်းကြီးက ကျားရှင်းမြို့ကိုဖြတ်ကာ ဝူးကျန့်မြို့နှင့် ရှီးထန်ရှေးဟောင်းမြို့တို့သည် ကြယ်နှစ်စင်းအလား လင်းလက်တောက်ပနေပြီး ကျီချန်းရှေးဟောင်းမြို့ အမွေအနှစ်ဥယျာဉ်တို့သည်လည်း သက်ဝင်လှုပ်ရှားစွာ ရှိနေပါတယ်။

ဒါ့အပြင် နင်ပေါ်မြို့ဟာလည်း မဟာတူးမြောင်းကြီး၏ တောင်ဘက်စွန်းပိုင်းဖြစ်သည့်အလျောက် မဟာတူးမြောင်းကြီးနှင့် ကျယ်ပြောလှသောပင်လယ်ကြီးတို့ ထိစပ်နေသောနေရာတွင် တည်ရှိနေပါတယ်။ ယင်းသည် ပင်လယ်ရေကြောင်းပိုးလမ်းမကြီးရဲ့ အစပြုရာနေရာဖြစ်တဲ့အပြင် အရှေ့ဘက်ရှိစတင်ထွက်ခွာရာ ဆိပ်ကမ်းမြို့ လည်းဖြစ်ပါတယ်။

နင်ပေါ်မြို့ဟာ ပထဝီဝင်အနေအထားအရ တရုတ်နိုင်ငံရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့ကို ဆက်သွယ်ပေးရုံသာမက ယဉ်ကျေးမှုပိုင်းတွင်လည်း အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများအပေါ် လွှမ်းမိုးသက်ရောက်မှုရှိစေပါတယ်။

ယင်းမြို့မှာလည်း နှစ်ပေါင်းထောင်ချီ ရှည်ကြာသောသမိုင်းကြောင်းကို ဖြတ်သန်းပြီး ကမ္ဘာ့အဆင့် ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် “မဟာတူးမြောင်းကြီး”နှင့် “ပင်လယ်ရေကြောင်းပိုးလမ်းမကြီး” နှစ်ခုတို့၏ ကြည်နူးနှစ်သက်ဖွယ်ရာ ဆုံစည်းမှုတို့ကို သက်သေပြနေပါတယ်။

နင်ပေါ်မြို့မှာ ရှုမျှော်ခင်းအလှအပများနှင့်အတူ စားကောင်းသောက်ဖွယ်များနှင့် ပြည့်နှက်နေပါတယ်။  တူးမြောင်းတစ်လျှောက် လျှောက်လှမ်းကာ ပင်လယ်ပြင်ကို ရှုစားကြရင်း ပင်လယ်ကမ်းခြေခရီးစဉ် ဝတ်ပြုဆုတောင်းခရီးစဉ်နှင့် ကဗျာခရီးစဉ်များ အကြားတွင် နင်ပေါ်မြို့၏ ပင်လယ်ရေကြောင်းပိုးလမ်းမကြီးယဉ်ကျေးမှု၊ ပင်လယ်အော် ရှုခင်းအလှ၊ ပင်လယ်ထဲက ဗုဒ္ဓနယ်မြေကျွန်းနှင့် ပင်လယ်စာများ လတ်ဆတ်အရသာရှိမှုတို့၏ ဒေသဟန်ပန် ဓလေ့စရိုက် အစုံအ လင်ကို လေ့လာခံစားနိုင်တာကြောင့် ခရီးသွားတွေ အကြိုက်တွေ့စေပါတယ်။

ထို့အတူ စန်းတုန်းပြည်နယ်အတွင်းတွင် ပေကျင်း - ဟန်ကျိုး မဟာတူးမြောင်းသည် တယ်ကျိုးမြို့ ၊ လျောင်ချိန်မြို့ ၊ ထိုက်အန်းမြို့၊ ကျီနင်မြို့နှင့် ဇောင်ကျွမ်းမြို့ အစရှိသည့် မြို့များကို ဖြတ်သန်းစီးဆင်းသွားပြီး အရှည်အားဖြင့် မဟာတူးမြောင်းကြီး တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ရှိပါတယ်။

စန်းတုန်းပြည်နယ်မှာရှိတဲ့ တယ်ကျိုးမြို့ (Dezhou)ဟာလည်း မြစ်ဝါမြစ်ကို အခြေခံ၍ ပေါ်ပေါက်လာပြီး မဟာတူးမြောင်းကြောင့် စည်ပင်ဝပြောလာတဲ့ ဒေသဖြစ်ပါတယ်။ တယ်ကျိုးမြို့အပိုင်း၏ တူးမြောင်းဖောက်လုပ်မှုသမိုင်း သက်တမ်းမှာ ကြာမြင့်ပြီဖြစ်၍ ရေလမ်းကြောင်းအသွင်အပြင်မှာ ရှေးမူရှေးဟန်ဖြစ်ပြီး သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝလှပါတယ်။

ဒီဒေသမှာ ဘုရားပွဲ လည်ပတ်ခြင်း၊ ရိုးရာဓလေ့များ ခံစားလေ့လာခြင်း၊ စားကောင်းသောက်ဖွယ်ရာများ မြည်းစမ်းစားသုံးခြင်း၊ ဖျော်ဖြေတင်ဆက်မှုများ ကြည့်ရှုခြင်းတို့ဖြင့် တယ်ကျိုး မြို့ရဲ့ တစ်မူထူးခြားသော အမှတ်တရများစွာ ရှိနေတဲ့ဒေသ ဖြစ်ပါတယ်။ ဒါကြောင့် မဟာတူးမြောင်းကြီးဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာ တစ်ခုဖြစ်သလို ကမ္ဘာပေါ်တွင် ရှေးအကျ ဆုံး၊ သက်တမ်းအရှည်ဆုံး၊ အရှည်လျားဆုံး လူလုပ်တူးမြောင်းကြီးအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။  နှစ်ပေါင်းထောင်ချီကတည်းက ယနေ့အချိန်အထိ အသုံးပြုလို့ရသော၊ အသုံးပြုနိုင်သေးသော၊ အသုံးပြုလျက်ရှိသော မဟာတူးမြောင်းကြီးလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း မဟာတူးမြောင်းကြီးဟာ တရုတ်ပြည်ရဲ့ စီးပွားရေး၊ သမိုင်းကြောင်း၊ ပြည်သူအကျိုးအတွက် အရေးပါသောအခန်းကဏ္ဍများတွင် ဆက်လက်တည်ရှိနေဆဲ  ဖြစ်ပါတယ်။

မဟာတူးမြောင်းကြီးဟာ  တရုတ်လူမျိုးများ၏ နှစ်ပေါင်း (၂၅၀၀) သက်တမ်းရှိ ရေကြောင်းပို့ဆောင်ရေး ယဉ် ကျေးမှု၏ အဖိုးတန်အမွေအနှစ်ဖြစ်ပြီး တူးမြောင်းယဉ်ကျေးမှုကို ဖြစ်ထွန်းလာစေသည့် အသက်ဇီဝ မူလအစပင် ဖြစ်ပါတယ်။ မဟာတူးမြောင်းတစ်လျှောက်ရှိ ကျေးလက်၊မြို့များရဲ့ အလွှာအသီးသီးရှိ ယဉ်ကျေးမှုထူးခြားချက် ဝိသေသများ၊ လူအများစုတို့၏ လူနေမှုပုံစံများနှင့် ခရီးသွားအရင်းအမြစ်များကို ထင်ဟပ်ပေါ်လွင်စေပါတယ်။

ဒီတူးမြောင်းကြီးဟာ တရုတ်လူမျိုးများ၏ မျိုးဆက်ပေါင်းများစွာကို ပြုစုပျိုးထောင်ပေးခဲ့ပြီး ပြည်သူများ၏ လူမှုဘဝအရာအားလုံးတို့ကို ထမ်းပိုးထားကာ အမျိုးသားရေးစရိုက်လက္ခဏာကို ဖြစ်ထွန်းပေါ်ပေါက်စေ၍ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ပေးထားသော “ရွှေရေကြောင်းလမ်း” ဖြစ်တယ်လို့ တင်စားကြတာဖြစ်ပါတယ်။

ခန့်မောင်