【 ဆောင်းပါး 】တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သော မြို့ပြများ အပိုင်း (၄)

【 ဆောင်းပါး 】တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သော မြို့ပြများ အပိုင်း (၄)

တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သော မြို့ပြ (၄) ခုအကြောင်းကို အပိုင်း (၄) ပိုင်းခွဲ တင်ဆက်ပေးခဲ့ရာမှာ ယခုအပိုင်းဟာ နောက်ဆုံးပိုင်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့ပြကြီး (၄) ခုဟာ ယခင် ကတော့ ရွာလေးတစ်ရွာအဖြစ်ကနေ ခေတ်ကာလအဆက်ဆက်ကို ကြံ့ကြံ့ခံဖြတ်သန်းပြီးချိန်မှာတော့ ကမ္ဘာကျော်တဲ့ ဆိပ်ကမ်းမြို့၊ စက်မှုလုပ်ငန်းမြို့နဲ့ မြို့တော်ကြီးများအဖြစ် ပြောင်းလဲလာခဲ့တာကိုလည်း အံ့အားသင့်ဖွယ် မှတ်သားခဲ့ရပါတယ်။

ယခုနောက်ဆုံးတင်ဆက်ပေးမယ့် တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်တဲ့ မြို့ပြကတော့ ချုံချင့်မြို့ဖြစ်ပါတယ်။တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အဓိကမြို့တစ်မြို့ဖြစ်တဲ့ ချုံချင့်မြို့တည်ရှိပါတယ်။ယန်ဇီမြစ်နဲ့ ကျားလင်မြစ်ဆုံရာ နေရာမှာ တည်ရှိတာကြောင့် နိုင်ငံရေးနဲ့ ကူးသန်းရောင်းဝယ်ရေးတို့အတွက် ဗဟိုချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

သမိုင်းမှတ်တမ်းများအရ ချုံချင့်မြို့ တည်ရှိတဲ့နေရာမှာ ရှေးလူမျိုးစုတွေ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘီစီ ၃ ရာစု အရောက်မှာတော့ တရုတ်နိုင်ငံကို ပေါင်းစည်းတည်ထောင်လိုက်ချိန်မှာ  အဆိုပါနယ်မြေလည်း ပါဝင်ခဲ့ပြီး 'ချင်' မင်းဆက်က ဗဟိုချုပ်ကိုင်မှုအဖြစ် တရုတ်နိုင်ငံကို ထိန်းချုပ်အုပ်စိုးခဲ့ပါတယ်။ 'ဟန်' မင်းဆက် လက်ထက်မှာတော့ ချုံချင့်ဒေသဟာ အရေးပါလာခဲ့ပြီး စစ်ဘက်ဆိုင်ရာ အမာခံနယ်မြေနဲ့ ကုန်သွယ် ရေးစခန်းအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။

ချုံချင့်ဒေသကို 'ထန်' မင်းဆက်ခေတ်မှာလည်း ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာကျတဲ့ နေရာဒေသအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ နောက်ထပ်မင်းဆက်တွေဖြစ်တဲ့ 'ဆောင်' ၊ 'ယွမ်' နဲ့ 'မင်' မင်းဆက်တွေခေတ်မှာလည်း ချုံချင့်ဒေသဟာ ဆက်လက်ကြီးထွားဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။

၁၉ ရာစု ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ ချုံချင့်မြို့ကို တရုတ်နိုင်ငံရဲ့ ယာယီမြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး၊ စစ်ပွဲပြီးဆုံးချိန်အထိ ယာယီမြို့တော်အဖြစ် သတ်မှတ်ထားရှိခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ် ဂျပန်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ချုံချင့်မြို့အတွင်း ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။

၂၀ ရာစုအစောပိုင်းမှာတော့ တရုတ်အမျိုးသားရေးလှုပ်ရှားမှု၏ ဗဟိုချက်အဖြစ် ချုံချင့်မြို့ဖြစ်လာခဲ့ပြီး၊ တရုတ်ပြည်တွင်းစစ်အတွင်း အဓိကတိုက်ပွဲများဖြစ်ပွားရာ နေရာလည်း ဖြစ်ခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးတဲ့ ၁၉၄၉ ခုနှစ်မှာ နိုင်ငံရဲ့ အဓိကစက်မှုဗဟိုချက်ဖြစ်လာခဲ့ပြီး အကြီးစားစက်မှုလုပ်ငန်းတွေကို အဓိကထားကာ မြို့အတွင်း ဖော်ဆောင်ခဲ့ပါတယ်။ထို့နောက်မှာတော့ ချုံချင့်မြို့မှာ လျင်မြန်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြို့ပြတစ်ခုအဖြစ်ဆီသို့ စတင်ခြေလှမ်းနိုင်ခဲ့ပါတယ်။

သက်တမ်း နှစ်ပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်တဲ့ ချုံချင့်မြို့ဟာ ကြွယ်ဝသောသမိုင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်များနဲ့အတူ လည်ပတ်စရာ နေရာတွေ များစွာတည်ရှိလို့နေပါတယ်။ယန်စီမြစ်တစ်လျှောက် အပျော်စီးသင်္ဘောကို စီးနင်းနိုင်မှာဖြစ်သလို ချုံချင့်မြို့ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေကို လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ အမျိုးသားဘူမိဗေဒဥယျာဉ်လည်း တည်ရှိပြီး ရင်သပ်ရှုမောဖွယ် မြေအောက်မြစ်များနဲ့ ရေတံခွန်များကို လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ချုံချင့်မြို့ဟာ ကြွယ်ဝတဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များနဲ့အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်ကားသော မြို့ကြီးတစ်မြို့အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

မိုးသီဟန်