【 ဆောင်းပါး 】 တစ်မျိုးစီဆိုး လူမိုက်မျိုး

【 ဆောင်းပါး 】 တစ်မျိုးစီဆိုး လူမိုက်မျိုး

လူမိုက်ဆိုတာ မိမိလက်ရှိဘဝ‌ကိုရော နောက်ဘဝကိုပါ ပျက်စီးစေ၊ အကျိုးယုတ်စေသည်။

လူမိုက်တစ်ယောက်ကြောင့် သူကိုယ်တိုင်အကျိုးရော အခြားသူများအကျိုးပါ ပျက်စီးစေသည်။လူမိုက်မိတ်ဆွေရှိခြင်းထက် လူလိမ္မာရန်သူရှိခြင်းက ပိုကောင်းသည်။လူမိုက်တစ်ယောက်ကြောင့် အခြားလူတစ်ယောက်၊ လူတစ်စု၊ လူများစွာ ပျက်စီးနိုင်သည်။

တချို့က ကိုယ်လုပ်တာကို မှားလို့ မှားမှန်း မသိကြ။နောက်တစ်ခါထပ်၍ မှားသည်။ထပ်ကာထပ်ကာ ဆက်တိုက်မှားသည်။သူတို့ဘာ သူတို့တော့ မှန်နေမည် ထင်နေကြသည်။ထို့ကြောင့်လည်း နောင်တမရဘဲ၊ သူတို့ကိုယ်သူတို့ မပြုပြင်ကြဘဲ ဆက်မှားနေခြင်းဖြစ်သည်။သူတို့ကတော့ တကယ့်လူမိုက်စစ်စစ်တွေဖြစ်သည်။

တချို့ကတော့ မှားမှန်း သိသည်။သို့သော်လည်း အမှားကိုမပြုပြင်ဘဲ နောက်တစ်ကြိမ် ထပ်မှားသည်။သူတို့က လူမိုက်အစစ် မဖြစ်သေးပါ။လူလည်ကျနေတာ။သူတို့အသိကို လောဘနှင့် လဲစားနေသူတွေဖြစ်သည်။သူတို့မိုက်သည့်အပေါ်မှာ ဆင်ခြေတစ်ခုခုတော့ရှိတတ်သည်။ဥပမာ သူများပစ္စည်းခိုးတာ မကောင်းမှန်းသိ၏။သို့သော် သူ့မိသားစု သူ့တပည့်တပန်းတွေကို ပေးဖို့ ကျွေးဖို့ပါလို့ ဆင်ခြေပေးသည်။

သူတို့ရဲ့ လွဲမှားနေသည့် အသိများက သူတို့ကို တစ်ချိန်ချိန်မှာ ကောင်းကောင်းဒုက္ခပေးမှာကို သူတို့မတွေးမိကြပါ။အကယ်၍ တွေးမိလျှင်လည်း နောက်ဆုတ်မှာတော့ မဟုတ်ပေ။နောက်ထပ် ဆင်ခြေတစ်ခုပေး၍ လောဘနောက်ဆက်လိုက်ကာ ဆက်မိုက်နေဦးမှာ သေချာသည်။

လူဆင်းရဲခြင်း ချမ်းသာခြင်း၊ အမျိုးမြတ်ခြင်းနိမ့်ခြင်း၊ အသားဖြူခြင်းမည်းခြင်း၊ မည်သည့်လူမျိုး ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ မည်သည့်ဘာသာ ကိုးကွယ်ခြင်း၊ မကိုးကွယ်ခြင်းသည် အဓိကမဟုတ်ပါ။အဓိကအချက်က အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်ကို ခွဲခွဲခြားခြား ဆင်ခြင်နိုင်သည့် အသိဉာဏ်ပညာရှိရန်သာ လိုပါသည်။

တချို့လူများသည် အကြောင်းအကျိုးကို သေသေချာချာ ဂဃနဏ မခွဲခြားဘဲ သူများလုပ်၍ လိုက်လုပ်တတ်ကြသည်။

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်သည်။ဘုရားလောင်းသည် ပုဏ္ဏားမျိုးရိုး၌ဖြစ်သည်။မိဘများသည် သူ့ကိုဖွားမြင်သောနေ့က ဖွားမြင်မီးကိုယူ၍ သိမ်းထားကြသည်။ပုဏ္ဏားများသည် ဖွားမြင်မီးကို မသေစေဘဲ သက်ဆုံးတိုင် ကျွေးမွေးပြုစုသွားခဲ့လျှင် ကွယ်လွန်သောအခါ ဗြဟ္မာ့ပြည်သို့ရောက်သည်ဟု ယုံကြည်ကြသည်။ထို့ကြောင့် ဘုရားလောင်း ပုဏ္ဏားသည် အရွယ်ရောက်၍ မိဘများကွယ်လွန်သောအခါ မိဘတို့ဆန္ဒအတိုင်း ဗြဟ္မာဖြစ်အောင် သူ၏ဖွားမြင်မီးကိုယူ၍ တောထဲသို့ဝင်ပြီးလျှင် မီးကို ရိုသေစွာပြုစု လုပ်ကျွေးသည်။

တစ်နေ့တွင် ဆွမ်းကျွေးအိမ်မှ ရရှိလာသော ထောပတ်ရောသည့် နို့ဃနာကိုယူကာ မီးကိုရည်ရွယ်၍ အရှင်မီးမင်းအား ဦးစွာသောက်စေအံ့ဟုဆို၍ မီးထဲသို့ လောင်းထည့်လိုက်သည်။ထိုအခါ မီးသည် အရှိန်ပြင်းစွာတောက်လောင်ကာ ကျောင်းတစ်ဆောင်လုံး ကူးစက်ပြီး ပြာကျသွားသည်။ပုဏ္ဏားလည်း ခက်ခဲပင်ပန်းစွာ ဆောက်လုပ်ခဲ့ရသော ကျောင်းဆောင်ကို ဤမီးသည် မညှာမတာလောင်ကျွမ်း၏။အဆွေခင်ပွန်းကို ဖျက်ဆီးတတ်သော သင့်ကို အလိုမရှိဟုဆိုပြီး မီးကိုငြိမ်းသတ်လိုက်လေသည်။ရှေ့ဆက်၍လည်း မီးကို မကိုးကွယ်တော့ပေ။

အချို့လူများသည် အန္တရာယ်ဖြစ်ရန် သေချာနေသည်ကို အများစုကပင် သိရှိနိုင်သည့်အပြင် သူတို့ထက် ဗဟုသုတရှိသော အသိဉာဏ်ရှိသူ ဆရာသမားများက သတိပေးသည်ပင် လက်မခံဘဲ ဇွတ်တိုးလုပ်တတ်ကြသည်။

ဘဝတစ်ခုတွင်ဘုရားလောင်းသည် စည်းစိမ်ဥစ္စာများကိုစွန့်ကာ ရသေ့ဝတ်သည်။ဟိမဝန္တာတောတွင် တရားကျင့်ပြီး မကြာမီမှာပင် စျာန်သမာပတ်များရရှိသည်။အချိန်ကြာညောင်းလာသောအခါ ရသေ့ငါးရာကို အုပ်ချုပ်ရသော ဂိုဏ်းဆရာကြီးဖြစ်လာသည်။တစ်နေ့တွင် ဆရာကြီး၏ တပည့်ငါးရာထဲမှ ရသေ့တစ်ပါးသည် မြွေဟောက်တစ်ကောင် ဖမ်းယူလာကာ ဝေဠုကဟု အမည်ပေးပြီး ဝါးဆစ်ပိုင်းတစ်ခုထဲတွင် ထည့်၍ မွေးထားသည်။ဆရာကြီးက မြွေဟောက်ဟူသည် မွေးထား၍ ကောင်းသော တိရစ္ဆာန်မဟုတ်ကြောင်းနှင့် တစ်နေ့တွင် သင်ကိုယ်တိုင်ကိုဖြစ်စေ၊ တခြားတစ်ယောက်ယောက်ကိုဖြစ်စေ အန္တရာယ်ပေးနိုင်ကြောင်း၊ အသက်ပင်ဆုံးပါးနိုင်ကြောင်း ပြောဆို တားမြစ်သည်။

သို့သော်လည်း ထိုရသေ့သည် ဆရာကြီးစကားကို နားမထောင်ဘဲ မြွေဟောက် ဝေဠုကကို သူ့သားသမီးလို သဘောထားပြီး ဆက်လက်မွေးမြူထားသည်။သူ့ကို ကျန်ရသေ့များက ဝေဠုက အဖေဟု ခေါ်ကြသည်။

ရက်အနည်းကြာပြီး တစ်နေ့တွင် ရသေ့များသည် သစ်သီးပေါများသောအရပ်သို့ သွားရောက်ကာ သစ်သီးရှာဖွေကြသည်။သူတို့သည် သုံးရက်ကြာပြီးနောက် လိုအပ်သော သစ်သီးများနှင့်အတူ ပျော်ရွှင်စွာပြန်လာကြသည်။ဝေဠုက အဖေ ရသေ့သည် ရောက်ရောက်ချင်းပင် ဝါးဆစ်ပိုင်းကိုယူ၍ သူ့သား ဝေဠုကတစ်ကောင် အစာဆာနေပြီလားဟူသော အတွေးနှင့် ဝါးဆစ်ကိုဖွင့်ရင်း လက်ဝါးဖြန့်ကာ သူ့သား ဝေဠုကကို ခေါ်လိုက်သည်။

သုံးရက်လုံးလုံး အစာမစားရဘဲ လှောင်ပိတ်ခံထားရသည့် မြွေဟောက် ဝေဠုကသည် ဒေါသတွေထွက်ကာ ရသေ့၏ လက်ဝါးကို ပေါက်လိုက်ပြီး တောထဲသို့ ဝင်သွားလေသည်။ရသေ့လည်း နေရာမှာပင် တုန်းခနဲလဲကာ အသက်ထွက်သွားလေတော့သည်။

အချို့လူများ၏ မဆင်မခြင်ပြုမူသော လုပ်ဆောင်ချက်ကြောင့် သူတို့သံယောဇဉ်ရှိသော၊ချစ်ခင်သောသူများပင် အသက်ဆုံးရှုံးတတ်ပါသည်။

ရွာတစ်ရွာမှာ လက်သမားတစ်ယောက်သည် သစ်ရွေးနေသည်။ထိုစဉ် မှက်တစ်ကောင်သည် သူ၏ဦးခေါင်းထက်မှာ လာနားကာ အဆက်မပြတ်ကိုက်လေ၏။စူးခနဲ စူးခနဲ နာနေသော်လည်း သူ့ကိုလာအပ်ထား‌သော အလုပ်က အရေးကြီးနေ၍ မှက်ကို မောင်းမထုတ်နိုင်သေးဘဲ လုပ်လက်စအလုပ်ကို လုပ်ဆက်လုပ်နေရင်း အနီးမှာရှိသော သားဖြစ်သူကို လှမ်းပြောကာ မှက်ကို မောင်းခိုင်းသည်။သားဖြစ်သူသည် သစ်သားများကိုခုတ်နေရာမှ ပုဆိန်ကိုယူလာကာ ဘခင်၏ခေါင်းမှာရှိသော မှက်ကို အားရပါးရ ခုတ်ချလိုက်လေတော့သည်။လက်သမား၏ ခေါင်းကို ကိုက်နေသော မှက် ဘယ်ရောက်သွားသည် မသိရသော်လည်း လက်သမားခမျာမှာတော့ သားဖြစ်သူ၏ ပုဆိန်ခုတ်ချက်ကြောင့် ခေါင်းနှစ်ခြမ်းကွဲကာ သေဆုံးခဲ့ရရှာလေသည်။

ထိုအချိန်တွင် သားဖြစ်သူလည်း သေနေသော ဘခင်အနားမှာ မှိုင်မှိုင်တွေတွေ ထိုင်နေရင်း သူ့ကြောင့် ဘခင်သေရသည်ဆိုကာ ဝမ်းနည်းပက်လက် ငိုကြွေးနေရှာတော့သည်။

တကယ်တော့ လက်သမား၏ သားသည် သူ့ဘခင်ကို ချစ်သောကြောင့် ဘခင်ကို မှက်မကိုက်စေလိုသော စေတနာနှင့် သူ့လက်ထဲမှ ပုဆိန်ဖြင့် မှက်ကို ခုတ်သတ်လိုက်ခြင်းဖြစ်၏။သို့သော်လည်း သူ၏ အသိဉာဏ်ကင်းမဲ့မှုကြောင့် အကျိုးအကြောင်း မဆင်ခြင်နိုင်ခဲ့သဖြင့် သူ့ဘခင်သည် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရသည်။

ဘုရားရှင်က ထိုဇာတ်ကိုဟောအပြီး “မိမိ၏ ရန်သူဖြစ်စေကာမူ ထိုရန်သူသည် အသိဉာဏ်ပညာရှိပါက မိမိအတွက် အန္တရာယ်မရှိ၊ မိမိ၏ချစ်သော သားသမီးဖြစ်စေကာမူ အသိဉာဏ်ပညာမရှိပါက အန္တရာယ်ကြီးမား၏” ဟူ၍ ဆုံးမတော်မူခဲ့သည်။

ထို့ကြောင့် ဘုရားရှင်က မင်္ဂလာတရားသုံးဆယ့်ရှစ်ပါးတွင် ပထမဦးဆုံး မင်္ဂလာအဖြစ်  လူမိုက်ကို ရှောင်ကြဉ်ခြင်းသည် မင်္ဂလာဖြစ်ကြောင်း ဆုံးမထားသည်။

တချို့လူတွေဆိုလျှင် ဘာသာသာသနာကို သိနေပါလျက်နှင့် အတောမသတ်နိုင်သောသူတို့ လောဘကြောင့် ပရိယာယ်အမျိုးမျိုး အကြောင်းပြချက်အမျိုးမျိုးနှင့် အမှားကျူးလွန်တတ်ကြ၏။လူဘုံအလယ်မှာ ဘုရားက ဘယ်လိုကောင်းအောင် ဆုံးမသည်။ထို့ကြောင့် သူတို့လည်း ဘုရားစကားနားထောင်သည်၊ ဘုရားမှန်မှန်ရှိခိုးသည်ဟု အသံကောင်းဟစ်ပြီး တကယ့်လက်တွေ့မှာတော့ ဘုရားမျက်နှာလည်းမထောက် ဘုရားစကားလည်း နားမထောင်ဘဲ ဆိုးချင်တိုင်း ဆိုးနေကြသည်။

သူတို့သည် ဘုရားရှင်၏ သာသနာကို ဖျက်မှန်းမသိဘဲ ဖျက်နေကြလေပြီ။

ရိုက်မောင်း