【 ဆောင်းပါး 】 ဖျော့တော့တော့ နွေညများ

【 ဆောင်းပါး 】 ဖျော့တော့တော့ နွေညများ

   ညတွေကို ကျနော် ဘယ်လိုအကျွမ်းဝင်သနည်းဆိုသည်ကို ကာလများစွာကြာသည့်အခါ ကျနော်ကိုယ်တိုင် ပြန်လည်ဆန်းစစ်ရမည်ဖြစ်သည်။ 
   ည၏သင်္ကေတမှာ အမှောင်ဖြစ်သော အမည်းရောင်ဖြစ်သည်။အမည်းရောင်ကို လွတ်လပ်ခြင်းသင်္ကေတအဖြစ် ကျနော်တို့က ယူဆသည်။အမှောင်ထဲတွင် ကျနော်တို့ အားလုံးတန်းတူဖြစ်သည်။အမှောင်သည် ကျနော်တို့၏ ရင်ဘတ်ဖြစ်သည်။လွတ်လပ်သော ထိုအမှောင်ထဲ ကျနော်တို့ ဖန်တီး သမျှသည် လွတ်လပ်စွာ စီးဆင်းလေသည်။
                                                                (၁)
   ညဘက်တွေမှာ ကောင်းကင်ကို မော့ကြည့်ဖူးပါသလား။လက တိမ်များဖြင့် အမှောင်ကို ကန့်သတ်ရန် ကြိုးစားနေသည်ကို မြင်ရမည်ဖြစ်သည်။သို့သော် ဘယ်သောအခါမှ ညသည် အလင်းဖြင့် ဖွဲ့ထားသည်ကို တွေ့ ရမည် မဟုတ်ပေ။အမှောင်နှင့် အလင်းသည် တချို့သောညများတွင် ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်နိုင်မည်ဖြစ်သော်လည်း ညဆိုသည်မှာ အမှောင်ဖြင့် ဖွဲ့ထားသည်ဖြစ်၍ အမှောင်ကသာ ညကို ကြီးစိုးမည်ဖြစ်သည်။
   ညတွင် ဂီတသံကို ကြားရမည်ဖြစ်သည်။တစ်ခါတရံ ငှက်တို့၏အသံ၊ တစ်ခါတရံ လူတို့၏‌ယောင်ရမ်းသံ၊တစ်ခါတရံ တချို့သော လေညင်းတို့၏ လှုပ်ခတ်ကျီစယ်သံတို့ဖြင့် ညဆိုသည်ကို  တန်ဆာဆင်ထားတတ်သည်။ညတွင် ဂီတဆိုတာရှိသည်။ဆိတ်ငြိမ်ခြင်းဆိုတာရှိသည်။လူ့စိတ်၏အနက်ရှိုင်းဆုံးသာ အဇ္ဇုတကို ညများတွင် တူးဆွလို့ရသည်။ငိုချင်သောသူများအတွက် ညသည် ရင်ခွင်တစ်ခုဖြစ်သည်။ကြေကွဲနေသောသူအတွက် ညသည် ခံစားချက်များကို လက်ခံနားထောင်ပေးသည်။အိပ်စက်ခြင်းကို မခုံမင်သူများအတွက် ညသည် အရန်သင့်ရှိနေသာ အဖော်ဖြစ်သည်။
   ကျနော်တို့ ညများစွာတွင် ရယ်သံများကို ဂရုတစိုက်နားထောင်ခဲ့ကြသည်။တစ်စုံတစ်ယောက်သော သူ၏ လေးစားအပ်သော မှာသံများကို ညဘက်တွင် ဂရုတစိုက်နားထောင်ခဲ့သည်။ဂစ်တာများသည် ညများတွင် လက်များတစ်ခုဆီမှ တစ်ခုဆီသို့ ကူးကာ မတူသော သံစဉ်များကို ထွက်ပေါ်စေခဲ့သည်။ညသည် နုပျိုသူများ၏ လတ်ဆတ်သော တေးသံများကို နားဆင်ရန် ဘယ်သောအခါမှ ငြင်းဆန်ခြင်းမပြုခဲ့။အသံများသည် ညများတွင် ဟိုမှသည်မှ ခုန်ပေါက်ထွက်လာသောအခါ ပျော်ခဲ့ရသောညများရှိခဲ့သည်။မနက်ဖြန်ဆိုသည့် ခေါင်းစဉ်အောက် မရောက်ခင် ဖြတ်ရသော ညများထဲတွင် အမျိုးမျိုးသော စိတ်ခံစားချက်များ၊ ရည်မှန်းချက်များ၊ အဖြေများ၊ အောင်မြင်မှုများနှင့် နောက်ဆုံးဆိုသော ချစ်ခင်ရသော လူတချို့၏ နှုတ်ဆက်ခြင်းများလည်းရှိခဲ့သည်။ညသည် အထီးတည်းကျန်သည် မရှိသည်။ဖွဲ့တည်အပ်သော မြတ်နိုးခြင်းဖြင့် နုပျိုသော အသံများကို ထွေးပွေ့ထားရန် အသင့်ရှိလေသည်။ 
                                                                (၂)
   စဉ်းစားတွေးခေါ်ခြင်းကို ညဘက်တွင် စတင်ခဲ့သည်။တစ်နေ့လုံး ဖြစ်တည်သော စိတ်ခံစားချက်များကို ညတွင် ဖောက်ခွဲသည့်အခါ ဂီတဖြစ်လာသည်။ကျနော်တို့ခေတ်၏ ဂီတသည် မိုနိုလည်းဖြစ် ချင်ဖြစ်မည်။စတူဒီယိုလည်း ဖြစ်ချင်ဖြစ်မည်။တူညီမှုများနှင့် ကွဲလွဲမှုများကြားတွင် သေချာသည်ကတော့ စစ်မှန်သော သံစဉ်ဖြစ်ခြင်းနှင့် စစ်မှန်သော ကိုယ်စားပြုခြင်းပင်ဖြစ်သည်။ထိုစစ်မှန်မှုကြောင့် ဂီတနှင့်ယှဉ်သော တွေးတောခြင်းက နုပျိုသောလူငယ်များ၏ စိတ်အခံအဖြစ် ယနေ့တိုင် ဖြစ်တည်နေဆဲဖြစ်သည်။ထိုစစ်မှန်မှုတွင် ကြောက်ရွံခြင်း သည့် ရွေးသားမျှပင် ပါလေ့မရှိချေ။
   ကြောက်ရွံခြင်းသည် ညကိုမြတ်နိုးသူများကို မခြောက်လှန့်နိုင်။ညတွင်ပျော်သူများအဖို့ ဆက်၍ ဖန် တီးချင်သော အရာများသာရှိသည်။ထိုဖန်တီးခြင်းထဲတွင် သံစဉ်များလည်းဖြစ်နိုင်သလို စာသားများလည်း ဖြစ်နိုင်သည်။အများစုအားဖြင့် လှပသော ကဗျာများသည် ညဘက်တွင် ဖြစ်တည်လေ့ရှိသည်။ရနံ့များ၊ ပန်းများ၊ စွန့်စားခြင်းများနှင့် အိပ်မက်များသည် ညဘက်တွင် ပိုမွှေးပျံ့သည်။လူတစ်ဦးတစ်ယောက်၏ လှပသော မနက်ခင်းဆိုသည်မှာ ညကို ကျော်ဖြတ်ရချည်းသာဖြစ်သည်။ 
   ကျနော်တို့ခေတ်၏ ညများကို မကျေနပ်ခြင်းက လွှမ်းမိုးထားသည်။ယနေ့ခေတ်၏ ညများကို ဖိနှိပ်ခြင်းက လွှမ်းမိုးထားသည်။မသေချာမရေရာသော ခေတ်တွင် မွေးဖွားလာရသူများအတူ ရင်ဘတ်များနှင့် ခံစားမှုများက ခံပြင်းခြင်းထဲ နစ်ဝင်ရခြင်းတူနေသည်က သိပ်ပြီးဆန်းကျယ်သည့်အဖြစ်တော့မဟုတ်။ 
                                                                (၃)
   ညဆိုသည်မှာ နေ့တစ်နေ့၏ ကုန်ဆုံးခြင်းနှင့် နေ့တစ်နေ့၏ အစပြုခြင်းကို အချိုးညီစွာ ရောစပ်ထားသည်။ကျနော်တို့သည် ကုန်ဆုံးခြင်းတွင် နေမလား၊ အစပျိုးခြင်းတွင် နေမလားဆိုသည်မှာ ကျနော်တို့၏ လွတ်လပ်လိုသော စိတ်အခြေခံကို အခြေတည်ကာ ရွေးချယ်ကြသည့်အပေါ် မူတည်သည်။ 
   အမှောင်သည် ကျနော်တို့၏ ရင်ဘတ်ဖြစ်သည်။လွတ်လပ်သော ထိုအမှောင်ထဲ ကျနော်တို့သည် လွတ်လပ်စွာ စီးဆင်းလေသည်။
   လင်းနိုင်ကျော်စိုး