【 ဆောင်းပါး 】 ဘရစ်တနီ၏ ဆက်လက်ကြိုးပမ်းမှုများ

【 ဆောင်းပါး 】 ဘရစ်တနီ၏ ဆက်လက်ကြိုးပမ်းမှုများ

ရှေ့ကဆောင်းပါးမှာ ဘရစ်တနီက သူနဲ့ သူ့အဖွဲ့၊ သူ့ဌာန တိုးတက်ဖို့အတွက် ကွင်းဆက်ထုံး လေ့လာသင်ယူမှု နည်းစနစ်နဲ့ အလုပ်လုပ်ရင်း သင်ယူ၊ ပြီးတော့ လက်တွေ့အသုံးချကြည့်၊ လိုအပ်တာကို ထပ်မံမွှမ်းမံကြည့် စတဲ့နည်းနဲ့ လုပ်လာရင်း အောင်မြင်မှုလမ်းစလေးပေါ်လာပြီးတဲ့နောက်မှာ၊ နောက်ထပ်အဆင့် ထပ်တက်နိုင်ဖို့ ဘယ်လိုထပ်ကြိုးစားပြီး၊ မန်နေဂျာကောင်းတစ်ယောက် အရည်အချင်းပါ ပြည့်ဝလာပုံလေးတွေကို ဆက်လေ့လာကြည့်လိုက်ကြရအောင်။

          ကွင်းဆက်ထုံးလေ့လာသင်ယူမှုနဲ့ ဘရစ်တနီရဲ့ ဆက်လက်ကြိုးပမ်းမှုများ

နောက်ထပ် သီတင်းပတ်အနည်းငယ်အကြာ ရောကျော်အဖွဲ့နဲ့ အစည်းအဝေးမှာ သူမက မေးခွန်းထပ်ထုတ်လိုက်ပြန်တယ် “လူနာတွေကို ပိုကောင်းအောင် ကျွေးမွေးဖို့ သင့်မှာ ဘာစိတ်ကူးအကြံဉာဏ်ရှိသလဲ” အဖွဲ့တွေက ဒီတစ်ခါမှာတော့ ပိုစိတ်လှုပ်ရှားလာကြသလို အကြံဉာဏ်တွေကိုလည်း ပိုတင်ပြလာကြတယ်။အဲထဲမှာ “လိုတဲ့အချိန်မှာ အစားအသောက်တွေ ပြတ်လပ်သွားတာမျိုးမဖြစ်အောင် ကျွန်တော်တို့ အစီအစဉ်ကောင်းကောင်းဆွဲထားရင် ဘယ်လိုနေပါမလဲ” ဆိုတဲ့ အကြံဉာဏ်မျိုးတွေ ပါလာပါပြီ။

ဘရစ်တနီက “စိတ်ကူးကောင်းပဲ။ဒီအပတ်အတွင်းထဲမှာပဲ အဖွဲ့ငယ်လေးတွေဖွဲ့ပြီး အစီအစဉ်ဝိုင်းဆွဲကြရအောင်၊ အဆင်ပြေမလား” လို့ ပြန်ပြောခဲ့လိုက်တယ်။

တကယ်လည်း ဝိုင်းလုပ်ဖြစ်ခဲ့ကြတယ်။နည်းပြ စတိကို ပြန်ပြောပြတော့ သူက သူမရဲ့တိုးတက်မှုကို ချီးကျူးလိုက်တယ် ပြီးတော့ နောက်ထပ်မွမ်းမံပြင်ဆင်သင့်တာလေးတွေကို ကြိုတင်တိုင်ပင် စီစဉ်ကြတယ်။

တတိယ ကွင်းဆက်ထုံး လေ့လာသင်ယူမှုအတွက်တော့ သူမက အကြံဉာဏ်ရအောင် ညှစ်ထုတ်ယူခြင်း အနုပညာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သွားပါပြီ၊ ဝန်ထမ်းတွေက လိုက်နာဆောင်ရွက်ပါမယ်ဆိုတဲ့ ကတိကဝတ် သေသေချာချာရလာအောင်လည်း လုပ်တတ်လာပါပြီ။အဲလိုနဲ့ ဘရစ်တနီက ပြဿနာတော်တော်များများကို ဖော်ထုတ်ဖြေရှင်းပြီးနောက် ကွင်းဆက်ထုံး သင်ကြားလေ့လာမှု နှစ်ဒါဇင်ကျော်ကို လေ့လာသင်ယူပြီးဖြစ်သွားပါပြီ။သူမရဲ့ အထက်လူကြီးကလည်း ရောကျော်အစည်းအဝေးတွေကို မကြာခဏတက်ရောက်တတ်လာပြီး သူ့အမြင် အကြံဉာဏ်တွေကိုလည်း တုန့်ပြန်ပေးသွားတတ်ပါတယ်။ဘရစ်တနီက တန်ဖိုးရှိတဲ့ အစည်းအဝေးအချိန်တွေကို ကြေညာချက်တွေနဲ့ ဖြုန်းမပစ်ဘဲ ချွေတာသုံးစွဲတတ်လာပါပြီ။

(ကွင်းဆက်ထုံး လေ့လာသင်ယူမှု သင်ခန်းစာကို လက်တွေ့အသုံးချခြင်း)။

သတင်းအချက်အလက်ပြောပြတာကို လျှော့ချပြီး ပြဿနာဘယ်လိုဖြေရှင်းရမည်ဆိုတဲ့ အကြောင်းအရာပေါ်မှာ ပိုအချိန်ယူ ဆွေးနွေးတတ်လာတယ် (နောက်ထပ် ကွင်းဆက်ထုံး သင်ယူမှုတစ်ခု)။

ဝန်ထမ်းတွေကို သူမက မန်နေဂျာတစ်ယောက်အနေနဲ့ ဘာတွေပံ့ပိုးပေးရမလဲလို့ မေးတတ်လာပြီ (နောက်ထပ် ကွင်းဆက်ထုံး သင်ယူမှု)။ရှေ့က ဆွေးနွေးခဲ့တဲ့ အကြံဉာဏ်ကို အကောင်အထည်ဖော်တာအပေါ် တိုးတက်မှုဖြစ်စဉ်ကို ပြန်လှန်မေးမြန်းစစ်ဆေးတတ်လာပြီ (နောက်ထပ် ကွင်းဆက်ထုံး သင်ယူမှုတစ်ခု)။စသဖြင့် စသဖြင့်ပေါ့။

ဘရစ်တနီက ဒီသင်ခန်းစာတွေကို သင်ယူနေစဉ်အတောအတွင်းမှာ နှိမ့်ချရိုကျိုးစွာ လေ့လာခဲ့ပါတယ်။သူ့အထက်လူကြီးက ကျွန်တော်တို့ရဲ့ သင်ယူခြင်း အမှတ်ပေးကဒ်မှာ “သူမဟာ သူမအကုန်လုံးနားလည်ပြီလို့ မခံယူဘဲ ကြိုးစားတယ်” လို့ ချီးကျူးတဲ့ မှတ်ချက်ပေးခဲ့တယ်။သူမဟာ တိုးတက်အောင် ကြိုးစားရာမှာ အရေးကြီးတဲ့ခံယူချက်ဖြစ်တဲ့ သူမရဲ့မအောင်မြင်မှုကနေလည်း သင်ခန်းစာယူတတ်ခဲ့တယ်။ကျွန်တော်တို့ရဲ့ ကွင်းဆက်ထုံး လေ့လာသင်ယူခြင်း အမှတ်ပေးကဒ်မှာ သူမရဲ့အထက်လူကြီးက ဘရစ်တနီကို (“အပြည့်အဝ သဘောတူပါတယ်”) (“အမှားထပ်ခါ မဖြစ်အောင် မအောင်မြင်မှုကနေ သင်ခန်းစာယူတဲ့နေရာမှာ ထူးချွန်တယ်” ဆိုတဲ့ ဖော်ညွှန်းချက်တွေမှာ အမှတ်အများကြီးပေးခဲ့တယ်။ကျွန်တော်လို့ရဲ့ လူ ၅,၀၀၀ အချက်အလက်စာရင်းမှာ ဒီလိုအမှတ်မြင့်မြင့်ရတဲ့သူ ၁၇ ရာခိုင်နှုန်းပဲရှိပါတယ်။အဲဒီထဲက တစ်ဝက်လောက်က အမှတ်နည်းနည်း ဒါမှမဟုတ် အရမ်းနည်းတဲ့ အမှတ်ပဲရပြီး ဒီအချက်က ရှုံးနိမ့်မှု မအောင်မြင်မှုကနေ သင်ခန်းစာယူတတ်တဲ့သူတွေက အကျိုးကျေးဇူးပိုရတတ်တယ်လို့ ဖော်ပြနေတဲ့ သဘောပါ။

ဘရစ်တနီရဲ့ တိုးတက်မှုကို လေ့လာကြည့်တဲ့အခါ ကွင်းဆက်ထုံး တစ်ခုချင်းရဲ့ အရည်အသွေးက တိုးတက်မှုကိုဖြစ်စေပြီး အရည်အတွက်မဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်။သူမကသာ သူမရဲ့မအောင်မြင်မှုကနေ သင်ခန်းစာမယူဘဲ ထပ်ခါတလဲလဲ မရပ်မနားကြိုးစားနေမယ်၊ အကြံဉာဏ်လည်းမယူဘူး၊ ပြုပြင်မွမ်းမံလုပ်ကြည့်ခြင်းလည်း မရှိဘူးဆိုရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှု အများကြီးပေမယ့် တိုးတက်မှုနည်းနည်းလေးပဲ ရမှာပါ။လက်တွေ့ အလုပ်လုပ်ရင်း သင်ယူတယ်ဆိုတာ နာရီပေါင်း ၁၀,၀၀၀ လေ့ကျင့်တာမျိုးမဟုတ်ဘဲ ကွင်းဆက်ထုံးတိုင်းကို ကောင်းကောင်းလုပ်ဆောင်တာသာဖြစ်ပါတယ်။

ဘရစ်တနီက သူ့ကြိုးစားအားထုတ်မှုကနေ ထူးကဲတဲ့ တိုးတက်မှုရတာကို တွေ့ခဲ့ရတယ်။ကျွန်တော်တို့ သူမရဲ့အထက်လူကြီးကို ကွင်းဆက်ထုံး လေ့လာသင်ယူမှု မတိုင်မီနဲ့ သင်ကြားပြီးတဲ့နောက် သူမရဲ့စွမ်းဆောင်ရည်အပေါ်မှာ အမှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။သူမရဲ့ အထက်လူကြီးက မတိုင်မီကို သူမနဲ့ အရည်အချင်းတူ သူအုပ်စုရဲ့ ထိပ်ပိုင်း ၃၀ ရာခိုင်နှုန်းထဲမှာ ထည့်သွင်းအဆင့်သတ်မှတ်ပြီး၊ ကွင်းဆက်ထုံးသင်ယူမှု ၁၈ လပြီးတဲ့နောက်မှာ ထိပ်ပိုင်း ၁၀ ရာခိုင်နှုန်းအုပ်စုထဲကို တိုးမြှင့်သတ်မှတ်ပေးခဲ့လို့ “ထူးချွန်သူ” အဆင့်ထဲ ရောက်ရှိသွားပါတယ်။  

သူမရဲ့ အဖွဲ့စွမ်းဆောင်ရည်ကလည်း တိုးတက်ခဲ့ပါတယ်။အဖွဲ့ဝင်များက တိုးတက်ဖို့အတွက် အခွင့်အလမ်း ၁၀၄ ခုကို ၁၃ လအတွင်း အကြံပေးတင်ပြခဲ့ပြီး ၈၄ ခုကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။အဲဒီ တိုးတက်မှုတွေကို လူအများမြင်နိုင်အောင် ထုတ်ပြန်ကြေညာတဲ့ဘုတ်မှာ ‌ဖော်ပြပေးခဲ့ပြီး ပါဝင်တဲ့အချက်တွေက -

•    အမှိုက်ပုံးတွေရဲ့ အောက်ခြေမှာ အတားအဆီးတစ်ခု ထည့်ထားပြီး အမှိုက်ထည့်နိုင်တဲ့ ပမာဏနည်းအောင် လုပ်ခဲ့တယ်။ (ဒါက ဝန်ထမ်းတွေ ခါးနာတာကို ကာကွယ်နိုင်ခဲ့တယ်။)
•    ရနိုင်တဲ့ အစားအသောက်နဲ့ ဘယ်အချိန်မှာရနိုင်တယ်ဆိုတဲ့ စာရင်းကို ဖော်ပြပေးပြီး အခန်းတွေမှာ အစားအစာထားပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့တဲ့အတွက် လူနာတွေက ပုံမှန်ကျွေးမွေးတဲ့အချိန်ကြားမှာ ဆာရင် ယူစားနိုင်ခဲ့တယ်။
•    နွားနို့ပေးတဲ့ စနစ်ကိုလည်း ကိုယ့်ဖာသာယူနိုင်တဲ့ ရေခဲသေတ္တာလေးတွေကနေ ယူနိုင်အောင် ထားပေးခဲ့လို့ အစားပြင်ဆင်နေတဲ့အချိန်မှာ နို့အေးနေအောင် လုပ်ပေးနိုင်ခဲ့တယ်။

သူမအဖွဲ့တွေ အကြံဉာဏ်စိတ်ကူးထွက်အောင် ကူညီရင်းနဲ့ “မေးခွန်းမေးပုံ ပြောင်းမေးတတ်လာတာဟာ အားလုံးကို ပြောင်းလဲစေခဲ့တယ်” လို့ ဘရစ်တနီက မှတ်ချက်ချခဲ့တယ်။ဒါ့အပြင် အကောင်အထည်ဖော်ခဲ့တဲ့ အကြံဉာဏ် ၈၄ ခုက တကယ်ထိရောက် အကျိုးရှိတဲ့ ရလဒ်တွေကို ရစေခဲ့တယ်။လူနာတွေရဲ့ အစားအသောက်ရဲ့ အပူအအေးပေါ်၊ အစားအသောက် အရည်အသွေးအပေါ်၊ ဝန်ထမ်းတွေရဲ့ ပျူငှာမှုအပေါ် စတဲ့ အားလုံးအပေါ် စိတ်ကျေနပ်မှု တိုးတက်ခဲ့တယ်။ဌာနရဲ့ အစားအသောက်ပြတ်လပ်မှုကလည်း တစ်ပတ် ၂၂ မျိုး ကနေ ခြောက်မျိုးကို ထိုးဆင်းသွားခဲ့တယ်။ဝန်ထမ်းတွေ ခါးနာတဲ့အဖြစ်ကလည်း ငါးခါကနေ သုညဖြစ်သွားပြီ။ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု ရမှတ်ကလည်း ၆၃ ကနေ ၉၈ ဖြစ်ခဲ့ပြီ။ဘရစ်တနီရဲ့ မန်နေဂျာကောင်းဖြစ်ပါ့မလားဆိုတဲ့ သံသယကင်းရှင်းသွားပြီ။သူလုပ်နိုင်ကြောင်း သူသက်သေပြခဲ့ပြီ။သူမရဲ့ ကိုယ်ပိုင်အရည်အချင်း တိုးတက်လာတဲ့အပေါ် သူမရဲ့အထက်လူကြီးနဲ့ နည်းပြတွေရဲ့ ပံ့ပိုးမှုတွေကို သိပ်ကျေနပ်ခဲ့တယ်။အဲဒါတွေသာမရှိခဲ့ရင် ဘယ်လိုဖြစ်မလဲ။တရားဝင်ပံ့ပိုးမှု မရနိုင်တဲ့ အခြေအနေမှာတောင် လူတွေက ကွင်းဆက်ထုံး လေ့လာသင်ယူခြင်းကို လုပ်ယူနိုင်တယ်ဆိုတာ ကျွန်တော်တို့တွေ့ခဲ့ရတယ်။ဘရစ်တနီ သွားခဲ့တဲ့ ခရီးနဲ့ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်တဲ့ အခြားသူတွေရဲ့ အဖြစ်တွေက ဖော်ပြနေတာက အလုပ်လုပ်ရင်း ကောင်းကောင်းသင်ယူနိုင်ကြတဲ့သူတွေဟာ “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” ဗျူဟာ ၆ နည်းကို လိုက်နာကျင့်သုံးကြတယ် ဆိုတာပါ။

ခုလောက်ဆို ကွင်းဆက်ထုံး လေ့လာသင်ယူမှုကို တော်တော်လေး သဘောပေါက်လာမယ် ထင်ပါတယ်။လုပ်ငန်းခွင်ထဲမှာပဲ သင်ယူမှုအသစ်တွေကို စနစ်တကျလုပ်ရင်း မိမိရော မိမိလုပ်ငန်းခွင်/ဌာနအတွက်ရော ပိုအကျိုးစေမယ့်နည်းလေးတွေဖြစ်လို့ Opinion Leaders စာချစ်ပရိသတ်တွေအနေနဲ့လည်း ကျင့်သုံးကြည့်ကြပါလို့ တိုက်တွန်းရင်း မိမိအလုပ်ကို အစွမ်းပြပြီး လုပ်နိုင်ကြသူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

(ကွင်းဆက်ထုံး လေ့လာသင်ယူမှုအကြောင်း အသေးစိတ် ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)