【 နိုင်ငံတကာ】အမေရိကန် သမ္မတ ကိုဗစ်ကူးစက်ခံရ

【 နိုင်ငံတကာ】အမေရိကန် သမ္မတ ကိုဗစ်ကူးစက်ခံရ 

အိမ်ဖြူတော်ရဲ့ စာနယ်ဇင်း အတွင်းရေးမှူး ကာရင် ဂျင်း-ပီရီမှ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန် ကိုဗစ်ကူးစက်ခံထားရကြောင်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခံထားရတဲ့ ဘိုင်ဒန်အနေနဲ့ အလွန်ပျော့ပြောင်းတဲ့ ရောဂါလက္ခဏာများသာ ခံစားနေရပြီး၊ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါး Paxlovid ကို သောက်သုံးနေကြောင်း အတွင်းရေးမှူးမှ ပြောကြားပါတယ်။

အမေရိကန်နိုင်ငံအတွင်း ပြင်းထန်ရောဂါဖြစ်နိုင်ခြေပိုများတဲ့ အသက် ၁၂ နဲ့အထက် လူများမှာ အပျော့စားနဲ့ အလယ်အလတ် ကိုရိုနာဗိုင်းရပ်စ်ကို ကုသရန်အတွက် အဆိုပါ Paxlovid ဆေးကို အသုံးပြုလျက်ရှိကြောင်း CNN ရဲ့ အဆိုအရ သိရပါတယ်။

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်ဟာ အသက် ၇၉ နှစ်ရှိပြီဖြစ်တာကြောင့် ပြင်းထန်တဲ့ ရောဂါဖြစ်နိုင်ချေ များပြားလျက်ရှိတာဖြစ်ပါတယ်။ CDC [Centers for Disease Control and Prevention] ရဲ့ လမ်းညွှန်ချက်များနဲ့အညီ သမ္မတကို အိမ်ဖြူတော်မှာပဲ သီးခြားခွဲထားမှာဖြစ်ပြီး၊ သီးခြားနေထိုင်စဉ်အတွင်းမှာလည်း ၎င်းရဲ့ လုပ်ငန်းတာဝန်များကို အပြည့်အဝ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဂျင်း-ပီရီမှ ပြောကြားပါတယ်။

"သမ္မတဟာ အိမ်ဖြူတော် ဝန်ထမ်းအဖွဲ့ဝင်များကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီး၊ အိမ်ဖြူတော်မှာ စီစဉ်ထားတဲ့ အစည်းအဝေးတွေမှာတော့ ဖုန်းနဲ့ Zoom ကနေ ပါဝင်သွားမှာဖြစ်ပါတယ်" လို့လည်း ဂျင်း-ပီရီမှ ဆိုပါတယ်။ သမ္မတ ဂျိုး ဘိုင်ဒန်မှာ ယခု ကိုဗစ်-၁၉ ရောဂါ‌ပိုး တွေ့ရှိခြင်းဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ကြာသပတေးနေ့ နံနက်မှာတော့ သမ္မတမှာ အဖျားမရှိခဲ့ကြောင်း အိမ်ဖြူတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ညှိနှိုင်းရေးမှူး အရှစ်ရ် ဂျာမှ ပြောကြားပါတယ်။

ဒါပေမဲ့ သမ္မတမှာ နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့လို ရောဂါလက္ခဏာများတော့ ပြသနေကြောင်း ဂျာမှ ဆိုပါတယ်။ ဘိုင်ဒန်ဟာ သမ္မတအဖြစ် တာဝန်မယူသေးမီအချိန်မှာ Pfizer ဆေး နှစ်ကြိမ်ကို ထိုးနှံထားပြီးဖြစ်ကြောင်း Associated Press မှ ဖော်ပြခဲ့ပါတယ်။ထို့နောက်မှာတော့ စက်တင်ဘာ ၂၇ ရက်နေ့နဲ့ မတ် ၃၀ ရက်တို့မှာလည်း ထပ်ဆောင်း ဆေးများထိုးခဲ့ပြီးလည်းဖြစ်တဲ့အတွက် စုစုပေါင်း ကိုဗစ်ကာကွယ်ဆေး လေးကြိမ်တိတိ ထိုးနှံထားပြီးဖြစ်ပါတယ်။

Linko

Ref - Scroll

ဝါရှင်တန်၊ ဇူလိုင် ၂၂