【 နိုင်ငံတကာ 】 ဆစ်ခ်ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုတွင် အိန္ဒိယအချိတ်အဆက်ပါဝင်မှုကို ကနေဒါနှင့် အမေရိကန် နီးကပ်စွာ စုံစမ်းနေ

【 နိုင်ငံတကာ 】 ဆစ်ခ်ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုတွင် အိန္ဒိယအချိတ်အဆက်ပါဝင်မှုကို ကနေဒါနှင့် အမေရိကန် နီးကပ်စွာ စုံစမ်းနေ

အော့တဝါ၊ စက်တင်ဘာ - ၂၀

ယခုနှစ်အစောပိုင်းက ဗြိတိသျှကိုလံဘီယာတွင် ဆစ်ခ်ခေါင်းဆောင်တစ်ဦး အသတ်ခံရမှု၌ အိန္ဒိယအေးဂျင့်များ ပါဝင်နိုင်မှုကို ထောက်လှမ်းရာတွင် ကနေဒါသည် အမေရိကန်နှင့် အလွန်နီးကပ်စွာ လုပ်ဆောင်နေကြောင်း ကနေဒါအစိုးရ အကြီးတန်းသတင်းရင်းမြစ်တစ်ခုက အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဇွန်လအတွင်းက အသက် ၄၅ နှစ်ရှိ ဟာဒီဆင်းနင်ဂျာကို ပစ်ခတ်မှုတွင် နယူးဒေလီ၏ အေးဂျင့်များနှင့် ဆက်စပ်နေကြောင်း ယုံကြည်ရလောက်သော စွပ်စွဲချက်များကို ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီများက ထိထိရောက်ရောက် လိုက်ရှာနေကြောင်း တနင်္လာနေ့တွင် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ထုတ်ပြန်ခဲ့ပါတယ်။

“မနေ့က လူသိရှင်ကြားထုတ်ဖော်မှုအပါအဝင် အမေရိကန်နဲ့ နီးနီးကပ်ကပ် ကျွန်တော်တို့ လက်တွဲလုပ်ဆောင်နေပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။

သတင်းအချက်အလက် ထိရှလွယ်မှုကြောင့် ကနေဒါနိုင်ငံ၏ လက်ဝယ်ရှိ အထောက်အထားများကို “အချိန်တန်ရင်” မျှဝေမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိက ပြောခဲ့ပါတယ်။

ထရူးဒိုးက အဆိုပါကိစ္စသည် နိုင်ငံတကာဥပဒေတွင် ကြီးမားသော အကျိုးဆက်များရှိကြောင်း သတင်းထောက်များအား အင်္ဂါနေ့က ပြောကြားခဲ့ပြီး ယခုကိစ္စကို အလေးအနက်ထားပြီး အပြည့်အဝစုံစမ်းစစ်ဆေးဖို့ အိန္ဒိယအစိုးရကို ကနေဒါက တိုက်တွန်းခဲ့ပါတယ်။

ထရူးဒိုး၏ ပြောဆိုချက်ကို အဓိပ္ပာယ်မဲ့အဖြစ် အိန္ဒိယက လျင်မြန်စွာပယ်ချခဲ့ပြီး အိန္ဒိယထိပ်တန်းထောက်လှမ်းရေးပုဂ္ဂိုလ်ကို ကနေဒါက တနင်္လာနေ့မှာ နှင်ထုတ်ပြီးနောက် ကနေဒါသံတမန်တစ်ဦးကို အိန္ဒိယက ပြန်လည်နှင်ထုတ်မှုဖြစ်ခဲ့ပါတယ်။

ကနေဒါတွင် ဆစ်ခ်ခွဲထွက်ရေး လှုပ်ရှားမှုကြောင့် စိတ်မသက်မသာဖြစ်ရသည့် နယူးဒေလီအတွက် ယင်းအငြင်းပွားမှုသည် နှစ်ပေါင်းများစွာ ကွဲကွာနေသော သံတမန်ဆက်ဆံရေးတွင် ထိုးနှက်ချက်အသစ်တစ်ခု ဖြစ်လာပါတယ်။

“ဒီပြဿနာကို ဖြေရှင်းနေချိန်မှာ နှစ်နိုင်ငံအစိုးရကြား ပုံမှန်ဆွေးနွေးမှုတွေ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်” ဟု ထရူးဒိုး၏ နိုင်ငံခြားရေးမူဝါဒအကြံပေးဟောင်းနှင့် အော့တဝါတက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ ရိုလန်ပဲရစ်စ်က ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့အစောပိုင်းတွင် အမေရိကန်အာဏာပိုင်များက ကနေဒါ၏ စုံစမ်းစစ်ဆေးမှုကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

Linko
Ref - Reuters