【 နိုင်ငံတကာ 】 မော်ရိုကို၌ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၂၉၆ ဦးသေဆုံးပြီး ၁၅၃ ဦးဒဏ်ရာရ

【 နိုင်ငံတကာ 】 မော်ရိုကို၌ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၂၉၆ ဦးသေဆုံးပြီး ၁၅၃ ဦးဒဏ်ရာရ

ရာဘတ်၊ စက်တင်ဘာ - ၉

မော်ရိုကိုနိုင်ငံရှိ အတလပ်စ်အမြင့်ပိုင်းတောင်တန်းများတွင် သောကြာနေ့ (စက်တင်ဘာ ၈ ရက်) ညနှောင်းပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂၉၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အဆောက်အအုံများကို ပျက်စီးစေကာ မြို့ကြီးများတွင် နေထိုင်သူများကို ၎င်းတို့၏ နေအိမ်များမှ အပြေးအလွှား ထွက်ပြေးစေခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ကနဦးစာရင်းအရ သေဆုံးသူအရေအတွက်မှာ အထက်ပါစာရင်းအတိုင်းဖြစ်ပြီး ဒဏ်ရာရသူ ၁၅၃ ဦးရှိကြောင်း ပြောခဲ့ပါတယ်။သေဆုံးသူအများစုသည် လက်လှမ်းမမီနိုင်သော တောင်ပေါ်ဒေသများတွင်ဖြစ်ကြောင်း ဒေသခံအရာရှိတစ်ဦးက ပြောပါတယ်။

ငလျင်ဗဟိုချက်နှင့် အနီးဆုံးမြို့ကြီးဖြစ်သည့် Marrakech မှ ဒေသခံများက  ယူနက်စကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်ခံရသည့် မြို့ဟောင်းတွင် အဆောက်အအုံအချို့ ပြိုကျခဲ့ကြောင်း ပြောကြားခဲ့ပြီး ဒေသဆိုင်ရာ ရုပ်မြင်သံကြားတွင် ပြိုကျနေသော ဗလီတစ်လုံး၏ ရုပ်ပုံများကို ပြသခဲ့ပါတယ်။

အမည်မဖော်လိုသည့် ဒေသခံသတင်းရင်းမြစ်များကို ကိုးကားကာ ငလျင်ကြောင့်  မိသားစုတစ်စုမှ လူငါးဦးသေဆုံးခဲ့ကြောင်း Pan-Arab al-Arabiya သတင်းချန်နယ်က ဖော်ပြခဲ့သည်။

သေဆုံးသူအရေအတွက်နှင့်ပတ်သက်သည့် ရုပ်မြင်သံကြားမှ ထုတ်ပြန်ချက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက စိတ်လှုပ်ရှားမှုမရှိဖို့ တိုက်တွန်းထားပြီး ငလျင်သည် Al Haouz ၊ Ouarzazate ၊ Marrakech ၊ Azilal ၊ Chichaoua နှင့် Taroudant ပြည်နယ်များကို လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ဗဟိုချက်အနီး အဆာနီ (Asni) တောင်ရွာမှ ဒေသခံတစ်ဦးဖြစ်သူ မွန်တာဆာအီတရီက အိမ်အများစု ပျက်စီးသွားကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့အိမ်နီးချင်းတွေ အပျက်အစီးတွေအောက်ရောက်နေလို့ လူတွေက ရွာထဲမှာ ရနိုင်တဲ့နည်းလမ်းတွေသုံးပြီး ကယ်ဆယ်ဖို့ ကြိုးစားနေကြတယ်” ဟု ၎င်းကပြောခဲ့ပါတယ်။
    
အနောက်ဘက် ထရူးဒန်း (Taroudant) အနီးရှိ ဆရာမ ဟာမစ်အက်က်ဖာက သူသည် ၎င်း၏နေအိမ်မှ ထွက်ပြေးခဲ့ရပြီး ကနဦးငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“မြေကြီး စက္ကန့် ၂၀ လောက် လှုပ်နေတယ်။ဒုတိယထပ်ကနေ အောက်ထပ်ကို အမြန်ဆင်းလိုက်တော့ တံခါးတွေပွင့်လာပြီး အလိုလိုပိတ်သွားတယ်” ဟု ၎င်းကဆိုပါတယ်။

မော်ရိုကိုနိုင်ငံ၏ ဘူမိရုပ်ပိုင်းဆိုင်ရာစင်တာက ငလျင်ကို  ပြင်းအား ၇.၂ ရှိပြီး အက်တလပ်အမြင့်ပိုင်း အီဂဟေးလ် (Ighil) ဧရိယာတွင် လှုပ်ခတ်ခဲ့ကြောင်း ဆိုပါတယ်။

US Geological Survey က ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ဖြစ်ကာ အနက် ၁၈.၅ ကီလိုမီတာကို ဗဟိုပြုခဲ့ကြောင်း ဆိုပါတယ်။  

Linko
Ref - AsiaOne