【 နိုင်ငံတကာ 】 ယူကရိန်းကို လက်နက်မပေးပို့တော့ဘူးလို့ ပိုလန်ပြော

【 နိုင်ငံတကာ 】 ယူကရိန်းကို လက်နက်မပေးပို့တော့ဘူးလို့ ပိုလန်ပြော

နယူးယောက်၊ စက်တင်ဘာ - ၂၁

ကိယက်ဗ်က ရုရှားကို ပြန်တိုက်ခိုက်ရာတွင် အရေးပါနေသော အချိန်အခိုက်အတန့်၌  မဟာမိတ်နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ခဲ့ပြီး ပိုလန်သည် ယူကရိန်းအား လက်နက်ပေးပို့တော့မည် မဟုတ်ကြောင်းနှင့် ၎င်းအစား ကိုယ်ပိုင်ကာကွယ်ရေးကို အာရုံစိုက်တော့မည်ဟု ပိုလန်က ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှ သီးနှံတင်ပို့မှုနှင့်ပတ်သက်၍ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသော ပဋိပက္ခတွင် ကုလသမဂ္ဂ၌ သမ္မတ ဗိုလိုဒိုမာ ဇီလင်စကီး၏ ပြောကြားချက်ကို ကန့်ကွက်ရန် ပိုလန်သည် ယူကရိန်းသံအမတ်အား ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်ခဲ့ပါတယ်။

ယူကရိန်းခေါင်းဆောင်က ရုရှားကသိမ်းယူထားသော မြေယာများကို ပြန်လည်ရယူရန် တန်ပြန်ထိုးစစ်တစ်ခုလုပ်သည့်အတွက် နိုင်ငံအချို့က ၎င်း၏နိုင်ငံကို ဟန်ဆောင်ထောက်ခံနေကြတာလို့ ပြောခဲ့ပါတယ်။

ထိုအချက်ကို ဝါဆောက စော်ကားတယ်လို့ ယူဆခဲ့ပါတယ်။

ရုရှားက  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အထူးစစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် ယူကရိန်းကို အခိုင်မာဆုံး ထောက်ခံသူများထဲ ပိုလန်နိုင်ငံလည်း ပါဝင်လာခဲ့ပြီး ကိယက်ဗ်၏ အဓိကလက်နက်ထောက်ပံ့ပေးပို့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံသို့ အမေရိကန်နှင့် အခြားနိုင်ငံများမှ ပေးပို့သော လက်နက်အများစုမှာ ပိုလန်ကိုဖြတ်၍သွားရပြီး ပိုလန်အနောက်ဘက်ပိုင်းတွင်  ယူကရိန်းနယ်စပ်ရှိနေပါတယ်။

ပိုလန်သည် ယူကရိန်းဒုက္ခသည် ၁ သန်းခန့်ကို လက်ခံပေးထားပြီး ၎င်းတို့မှာ ပိုလန်အစိုးရ ထောက်ပံ့ကူညီမှုအမျိုးမျိုးမှ အကျိုးခံစားခဲ့ရသူများလည်းဖြစ်ပါတယ်။

ဝါဆောနှင့် ကိယက်ဗ်ကြား တင်းမာမှုသည် ၎င်း၏ကိုယ်ပိုင်လယ်သမားများကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ယူကရိန်းသီးနှံတင်သွင်းမှုအပေါ် ပိုလန်က ပိတ်ပင်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ယင်းအငြင်းပွားမှုကြားမှ ကိယက်ဗ်ကို ၎င်း၏နိုင်ငံက ဆက်လက်ကျောထောက်နောက်ခံပေးမည်လားဟု မေးခြင်းကို ပိုလန်ဝန်ကြီးချုပ် မိုရာဝီရက်စကီက ဖြေခဲ့ပါတယ်။

“ကျွန်တော်တို့ အခု ပိုလန်ကို ခေတ်မီလက်နက်တွေ တပ်ဆင်နေတာကြောင့် ယူကရိန်းကို လက်နက်တွေ လွှဲပြောင်းမပေးတော့ဘူး” ဟု မိုရာဝီရက်စကီက ပြောခဲ့ပါတယ်။

ကိယက်ဗ်က စားနပ်ရိက္ခာတင်ပို့မှုနဲ့ပတ်သက်ပြီး အရှေ့ဥရောပနိုင်ငံအချို့ရဲ့ ပိတ်ပင်ခဲ့မှုအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တနင်္လာနေ့က တိုင်ကြားခဲ့ပါတယ်။

မိုရာဝီရက်စကီက သီးနှံတင်ပို့ခြင်း အငြင်းပွားမှု ပြင်းထန်လာပါက တင်သွင်းခွင့်ပိတ်ပင်ထားသည့် ယူကရိန်းထုတ်ကုန်များစာရင်းကို သက်တမ်းတိုးမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့ပါတယ်။

“ပိုလန်ကို နိုင်ငံပေါင်းစုံ ဖိုရမ်တွေမှာ ဖိအားပေးတာ ဒါမှမဟုတ် နိုင်ငံတကာတရားရုံးတွေဆီ တိုင်ကြားစာပို့တာဟာ ကျွန်တော်တို့နိုင်ငံတွေကြား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့ သင့်လျော်တဲ့နည်းလမ်းမဟုတ်ဘူး” လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၎င်း၏သံအမတ်ကို ဆင့်ခေါ်ခဲ့သည့် ပိုလန်အား “စိတ်ခံစားချက်ကို ဘေးဖယ်ထားရန်” ကိယက်ဗ်က တုံ့ပြန်ခဲ့ပြီး အငြင်းပွားမှုတွင် အပြုသဘောဆောင်သော ချဉ်းကပ်မှုတစ်ရပ်ကို ချမှတ်ရန် ဝါဆောအား တိုက်တွန်းခဲ့ပါတယ်။

Linko
Ref - CMG