【 နိုင်ငံတကာ 】 လစ်ဗျား ကမ်းရိုးတန်းမြို့ ဒါနာမှာ ရေကြီးမှုကြောင့် သေဆုံးခဲ့သူဦးရေ ၁၁၃၀၀ အထိ မြင့်တက်လာ

【 နိုင်ငံတကာ 】 လစ်ဗျား ကမ်းရိုးတန်းမြို့ ဒါနာမှာ ရေကြီးမှုကြောင့် သေဆုံးခဲ့သူဦးရေ ၁၁၃၀၀ အထိ မြင့်တက်လာ

ဒါနာ၊ စက်တင်ဘာ - ၁၅

မိုးသည်းထန်စွာရွာသွန်းပြီး ဆည်နှစ်ခုကျိုးကျကာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တဲ့ လစ်ဗျားနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ ဒါနာမှာ သေဆုံးခဲ့သူအရေအတွက်ဟာ ၁၁၃၀၀ အထိ တိုးလာခဲ့ကြောင်း လစ်ဗျား လခြမ်းနီအဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။

မုန်တိုင်း ဒန်နီရယ်လ်ကြောင့် ဖြစ်ခဲ့တဲ့ ဒီပျက်စီးမှုတွေ သက်သာလျော့ပါးစေရေးအတွက် လစ်ဗျားအောက်လွှတ်တော်က လစ်ဗျားဒိုင်နာ ၁၀ ဘီလီယံ (ဒေါ်လာ ၂ ဘီလီယံခန့်) အရေးပေါ်ဘတ်ဂျက်ကို ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

၂၀၁၁ ခုနှစ်တွင် နေတိုးကျောထောက်နောက်ခံပြု လူထုအုံကြွမှုနဲ့ မွမ်မာ ကဒါဖီကို ဖြုတ်ချပြီးကတည်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချုပ်ကိုင်ထားနိုင်ခြင်းမရှိတဲ့ အစိုးရမရှိကာ လူဦးရေ ၇ သန်းကျော်ရှိတဲ့ တိုင်းပြည်မှာ စစ်ပွဲတွေဖြစ်ပွားနေပြီး နိုင်ငံရေးဆိုးကျိုးတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဟန့်အတားဖြစ်နေပါတယ်။  

ဒါနာမြို့တော်ဝန် အဗ္ဗဒူမီလ်နာမာအယ်လ်ဂယ်ဟ်သီက Al Arabiya ရုပ်မြင်သံကြားသို့ ပြောကြားရာမှာ‌တော့ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော ခရိုင်အရေအတွက်ပေါ်မူတည်၍ မြို့ရဲ့သေဆုံးသူအရေအတွက်ဟာ ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

လစ်ဗျားအာဏာပိုင်များကတော့ နိုင်ငံ၏ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးဒဏ်ကြောင့် အံ့အားသင့်ဖွယ်ရာ လူသေဆုံးမှုများအတွက် လူသားများရဲ့ ပျက်ကွက်မှုမှာ အပြစ်ရှိ/မရှိ စုံစမ်းစစ်ဆေးရန် တောင်းဆိုထားပါတယ်။

တနင်္ဂနွေနေ့ညက အင်အားပြင်းမုန်တိုင်းတစ်ခုကြောင့် ဆည်များပေါက်ထွက်ကာ အရှေ့ဘက် ဒါနာမြို့ကိုဖြတ်ပြီး အတွင်းမှာအိပ်နေသည့် မိသားစုများစွာရှိသော အထပ်မြင့်တိုက်များကို တိုက်ချကာ မြစ်ကြမ်းပြင်ထဲ ရောက်စေခဲ့ပါတယ်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ စစ်ဖြစ်နေသည့် လစ်ဗျားနိုင်ငံအတွင်း မိုးလေဝသအေဂျင်စီတစ်ခုသာရှိခဲ့ပါက ကြီးမားသော အသက်ဆုံးရှုံးမှုကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့မှ ပြောကြားခဲ့ပါတယ်။

လစ်ဗျားရေဘေးအတွက် အီဂျစ်၊ တူနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီနှင့် ကာတာတို့မှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီဖြစ်ပါတယ်။

Linko
Ref - CMG