【 ပြည်တွင်း 】 ကော့ကရိတ်မြို့ပေါ်မှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့

【 ပြည်တွင်း 】 ကော့ကရိတ်မြို့ပေါ်မှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့

ကော့ကရိတ်၊ ဖေဖော်ဝါရီ - ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား မနေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်အစောပိုင်းကစပြီး ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက် ခရိုင်ရုံးအနီးတစ်ဝိုက်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း အမှတ် ၂ ရပ်ကွက်ရှိ ဝင်းကြီး ဓမ္မရာမကုန်းအရှေ့ဘက်နဲ့ တောင်စွန်းတံတားအနီး ဘုရင့်နောင်လမ်းပေါ်မှ လူနေအိမ် ၆ လုံးထက်မနည်း မီးလောင်ကျွမ်းနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

နှစ်လကျော်ကြာလာပြီဖြစ်တဲ့ တိုက်ပွဲကြောင့် ဒေသခံများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန် ကော့ကရိတ်မြို့ပေါ်က နေအိမ်တွေဟာ နေ့စဉ်လိုလို မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း နေ့စဉ်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ကို စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံဦးရေဟာ သုံးသောင်းကျော်ရှိပြီး အဆိုပါစစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေလည်း ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေထံမှ သိရပါတယ်။

Photo - CJ