【 ပြည်တွင်း 】 မန္တလေးမှာ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး သိန်း ၂၀၀၀ ကျော် ပါသွား

【 ပြည်တွင်း 】 မန္တလေးမှာ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး သိန်း ၂၀၀၀ ကျော် ပါသွား

မန္တလေး၊ မတ် - ၂၅

မန္တလေးမြို့က ကမ္ဘောဇဘဏ်ခွဲတစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ငွေသိန်းနှစ်ထောင်ကျော် ပါသွားတယ်လို့ သိရပါတယ်။

“ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာတဲ့ လူသုံးယောက်က ဝင်တိုက်သွားတာ၊ သိန်းနှစ်ထောင်ကျော် ပါသွားတယ်လို့ ကနဦးစစ်ဆေးချက်အရ သိရတယ်” လို့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁ လမ်းနဲ့  ၃၂ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲကို ဒီကနေ့မနက် ၁၁ နာရီ ၂၀ မိနစ်ခန့်မှာ ဓားပြဝင်တိုက်သွားတာပါ။

ဓားပြအဖွဲ့မှာ လူသုံးယောက်ပါဝင်ပြီး လိုင်စင်နံပါတ်ပြား မပါတဲ့ ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာပြီး ဓားပြတိုက်သွားတာလို့လည်း သိရပါတယ်။

“တစ်ယောက်က သေနတ်အတို ကိုင်ထားတယ် နောက်တစ်ယောက်က ပုဆိန်နဲ့၊ အပြင်မှာ တစ်ယောက်ကျန်နေခဲ့တယ် ဓားပြသုံးယောက်လုံး မက်စ်တွေ တပ်ထားတယ်၊ နောက်တော့ အပြင်ကတစ်ယောက်ကပဲ ဘဏ်ထဲဝင်လာပြီး ပိုက်ဆံတွေယူသွားတာ” လို့ ဖြစ်စဉ်သိရှိခဲ့တဲ့ မြို့ခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဓားပြတွေဟာ ဘဏ်ထဲမှာ အသင့်ရှိနေတဲ့ ငွေတွေကို ဆာလာအိတ်တွေနဲ့ထည့်ပြီး ယူဆောင်သွားတာ စုစုပေါင်း ငွေကျပ် သိန်း ၂၀၈၀ ပါသွားတယ်လို့ သိရပါတယ်။

ဓားပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ ကမ္ဘောဇဘဏ်ခွဲတွေ ဓားပြတိုက်ခံရမှု ၆ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။

ဖြူလုံး
Photo - ဓားပြတိုက်မှုဖြစ်စဉ် စီစီတီဗီမှတ်တမ်းမှ