【 ပြည်တွင်း 】 မန္တလေးအနီးဝန်းကျင်က သမိုင်းဝင် ရှေးဟောင်းခံတပ်သုံးခုနဲ့ ခရီးသွားတွေကို စွဲဆောင်သင့်ဟု ဆို

【 ပြည်တွင်း 】 မန္တလေးအနီးဝန်းကျင်က သမိုင်းဝင် ရှေးဟောင်းခံတပ်သုံးခုနဲ့ ခရီးသွားတွေကို စွဲဆောင်သင့်ဟု ဆို

မန္တလေး ၊ ဖေဖော်ဝါရီ - ၁၅

မန္တလေးအနီးဝန်းကျင်က သမိုင်းဝင် ရှေးဟောင်းခံတပ်သုံးခုကို ခရီးသွားစိတ်ဝင်စားမှု မြင့်တက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးသူတွေက ဆိုပါတယ်။

“နံပါတ် (၁) မန္တလေးဘက်ကမ်းမှာဆိုရင် သပြေတန်းခံတပ်ပေါ့၊ နံပါတ် (၂) စစ်ကိုင်းဘက်ကမ်းက စစ်ကိုင်းခံတပ်၊ နံပါတ် (၃) အင်းဝက ဆင်ကျုံးခံတပ်၊ အဲဒီခံတပ်ကြီးသုံးခုကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ဝင်စားမှုမြင့်တက်လာအောင် သက်ဆိုင်ရာတွေက ဖော်ဆောင်သင့်နေပြီ။အရင်ကလည်း ကျွန်တော်တို့ ဒါတွေပြောခဲ့ပြီး ပြီ၊ အခုအချိန်မှာ မဖြစ်မနေလုပ်သင့်တယ်လို့ တိုက်တွန်းချင်တယ်” လို့ မန္တလေးအနီးဝန်းကျင် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာ့သမိုင်းဝင် ရှေးဟောင်းခံတပ်တွေထဲက သပြေတန်းခံတပ်၊ စစ်ကိုင်းခံတပ် (ဝါ) အစေခံခံတပ်နဲ့ ဆင်ကျုံးခံတပ်တို့ဟာ မန္တလေးမြို့နဲ့ အနီးဝန်းကျင်မှာ တည်ရှိနေတာပါ။အဲဒီခံတပ်သုံးခုဟာ ဧရာဝတီမြစ်ကြောင်းကနေ ဆန်တက်လာမယ့် အင်္ဂလိပ်စစ်တပ်ကို ခုခံတိုက်ခိုက်ဖို့အတွက် မြန်မာဘုရင် မင်းတုန်းမင်းလက်ထက်မှာ တည်ဆောက်ခဲ့တာတွေလည်းဖြစ်ပါတယ်။

“ဟိုအရင်တုန်းကတော့ ထိန်းသိမ်းတာမျိုး မရှိခဲ့ဘူး၊ ပြီးခဲ့တဲ့ ၂၀၂၁ မတိုင်ခင်ကာလတွေမှာတော့ ပြန်လည်ထိန်းသိမ်းလာတာတွေလုပ်တယ်၊ အနီးကပ်လည်း ဝင်ကြည့်လေ့လာလို့ရခဲ့တယ်၊ ဒါပေမဲ့လည်း ဒီဘက်ကာလမှာကျတော့ သပြေတန်းခံတပ်ဆိုရင် ပိတ်ခံထားရတယ်ဗျာ၊ ဝင်ကြည့်ဖို့နေနေသာသာ အနားတောင်ကပ်လို့မရဘူး၊ စစ်ကိုင်းခံတပ်ကျတော့ သော့ခတ်ထားတယ်၊ အင်းဝက ဆင်ကျုံး (ခံတပ်) တစ်ခုပဲ Open ဖွင့်ထားတာ၊ ဆိုတော့ကာ ဒါတွေကို အမြဲဖွင့်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ရင်း ခရီးသွားတွေကို စွဲဆောင်ရင် မကောင်းဘူးလား” လို့ ခရီးသွားရတာကို စိတ်ဝင်စားတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မန္တလေး၊ အမရပူရမြို့နယ်၊ စစ်ကိုင်းတံတားဟောင်း (အင်းဝတံတား) ရဲ့ ချဉ်းကပ်လမ်းဘေးမှာ သပြေတန်းခံတပ်၊ စစ်ကိုင်းမြို့နယ်၊ အေးမြဝတီရပ်၊ ဧရာဝတီမြစ်ကမ်းဘေးမှာ စစ်ကိုင်းခံတပ် (ဝါ) အစေခံခံတပ်၊ အင်းဝမြို့ဟောင်း၊ ဆင်ကျုံးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးမှာ ဆင်ကျုံးခံတပ်ဆိုပြီး ခံတပ်သုံးခုရှိနေတာမှာ ဆင်ကျုံးခံတပ်တစ်ခုကိုပဲ ခရီးသွားလွတ်လပ်စွာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်တယ်လို့ သိရပါတယ်။

လင်းလင်း