【 ဆောင်းပါး 】အချိန်တွေ၊ပေတံတွေ၊ကိန်းခန်းကြီးတာတွေရဲ့ ဟိုဘက်

【 ဆောင်းပါး 】အချိန်တွေ၊ပေတံတွေ၊ကိန်းခန်းကြီးတာတွေရဲ့ ဟိုဘက်

၂၀၁၀ပြည့်နှစ်လွန်ကာလဆိုတော့ ကြာတော့ကြာပြီပေါ့။အမှတ်မထင်ဘဲ ကျေးလက်သားတစ်ဦးနဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတယ်။သူက ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်ထဲမှာပါတဲ့ တံတားမြို့နယ်ခွဲမှာနေထိုင်သူ။ ကျနော် သုံးခွကိုရောက်တုန်းရောက်ခိုက် တစ်ခါမှ မရောက်ဖူးတဲ့ တံတားမြို့မှာ လက်ဖက်ရည်သွားသောက်ရာက လက်ဖက်ရည်ဆိုင်မှာ သူနဲ့တွေ့ပြီး ဘော်ဒါဖြစ်ခဲ့တာ။

နယ်မြို့လေးက လက်ဖက်ရည်ဆိုင်တို့ရဲ့ထုံးစံအတိုင်း သူ့ဝိုင်းကိုယ့်ဝိုင်းရယ်မရှိ၊လွတ်တဲ့ထိုင်ခုံဝင်ထိုင် ကြတာဆိုတော့ သူက ကျနော်ထိုင်နေတဲ့ စားပွဲမှာဝင်ထိုင်။သူတို့နယ်မြို့လေးရဲ့ ထုံးစံအတိုင်း မျက်နှာစိမ်းကို စပ်စပ်စုစု။ရန်ကုန်ကနေ သုံးခွရောက်ခိုက် တံတားမြို့ကိုမရောက်ဖူးလို့ လက်ဖက်ရည်လာသောက်တာဆို တော့ အံ့ဩတကြီး။သူတို့မြို့လေးဆီ တကူးတကန့် လာတဲ့အပေါ်လည်း ဝမ်းမြောက်တဲ့ပုံ။ရုံးတက်စရာရှိသေး လို့ ပြန်တော့မယ်ဆိုတော့ စာရေးကြီးက မရမက ကျနော့်လက်ဖက်ရည်ဖိုးကိုပါ ရှင်းသွားသေး။သူတို့ကျေးလက်က အဲဒီလို ဧည့်ဝတ်ကျေလေ့ရှိတယ်။အဲဒါနဲ့ ဖုန်းနံပါတ်လေးဖလှယ်မိကြရင်း မိတ်ဆွေတွေဖြစ်လာကြ တာ။

သူက ရန်ကုန်မြို့မှာနေထိုင်သူတစ်ဦးနဲ့မှ ဘော်ဒါမဖြစ်ဖူးပါတဲ့။စာရေးကြီးက ရန်ကုန်ကိုတောင် တစ် နှစ်တစ်ခေါက်ရောက်ချင်မှရောက်တာတဲ့။အင်းလေ၊သူတို့တံတားမြို့ကနေ ရန်ကုန်ရောက်ဖို့ဆိုတာက တံတားကနေ တစ်နေ့တစ်စီးထွက်တဲ့ တံတား-ရန်ကုန်ကားစီး။တံတားကနေသုံးခွ၊သုံးခွကနေမှ ရန်ကုန် တကွေ့တစ် ပတ်ကြီး။

ပြီးတော့ စာရေးကြီးက အမေအိုနဲ့အတူနေတဲ့ လူပျိုကြီး။မိဘတွေထူထောင်ထားတဲ့ လုပ်ငန်းကရှိ၊အဲဒီ လုပ်ငန်းတွေကိုဦးစီးကာ ကြီးပွားနေတဲ့ ညီတစ်ယောက်လည်းရှိ၊ပြီးတော့ စာရေးကြီးက လောဘလည်းနည်း သူမို့ သက်သောင့်သက်သာ၊ပူပင်စရာဘာမှမရှိ။

‘ရန်ကုန်က ရှုပ်က ရှုပ်နဲ့၊မျက်စိနောက်လို့ကို တော်ရုံကိစ္စမရှိဘဲ မသွားတာ’တဲ့။

စကားပြောဆိုလို့လည်းကောင်း၊ပြီးတော့ စာရေးကြီးက စာလေးပေလေးလည်းဝါသနာပါတာဆိုတော့ ရန်ကုန်မြို့စာပေလောကအကြောင်း သူသတိရတဲ့အချိန် ဖုန်းဆက်လှမ်းမေးရင်း ခင်သွားကြတယ်။

တစ်ခါတစ်ရံ ကျနော်သုံးခွကို ၃-၄ရက်ရောက်လာပြီဆို စာရေးကြီး ရောက်လာတတ်တယ်။တံတားနဲ့ သုံးခွဆိုတာက ဆိုင်ကယ်ပုံမှန်မောင်းရင် အလွန်ဆုံးနာရီဝက်မို့ လှစ်ခနဲ ရောက်လာရတာမဝေး။

‘ဆရာသမား အခု အိမ်မှာရှိလား၊ကျနော်လာခဲ့မယ်’လို့ ဆိုပြီးရင် နောက်ထပ်၅မိနစ်မကြာ။စာရေးကြီး ရောက်လာပြီ။

‘စာရေးကြီး၊နောက်ခါ လာမယ်ဆို ကြိုချိန်းလေ။ကျနော်မရှိတဲ့အချိန်ဖြစ်နေရင် အလကားလာပြီးမ တွေ့ဘဲပြန်သွားရမယ်’

‘ရပါတယ်ဆရာရယ်။ကျနော်တို့တောသားတွေက ကိုယ်ခင်တဲ့လူဆီ ကြုံရင် ကြုံသလို ဝင်တာပဲ။ကြို ချိန်းတာတို့ဘာတို့ ထုံးစံမရှိဘူး’

‘ကဲ၊ကြိုမချိန်းထားတော့ လာပြီးမှကျနော်မရှိရင် ဘယ့်နှယ့်လုပ်မလဲ’

‘ရပါတယ်၊ဆရာသမားမရှိရင်လည်း သုံးခွက အသိတွေဆီ ဝင်လည်နေမှာပေါ့။ကျနော်တို့အတွက် အချိန်တွေပေါပါတယ်’တဲ့။

ကြိုမချိန်းခြင်းအလေ့ဟာ ကျေးလက်အထာလို့ ဆိုရမလား။ကျနော်ရန်ကုန်မှာရှိနေတုန်း ဘယ်တော့သုံးခွလာမလဲလို့ မေးမြန်းတာကလွဲလို့ စာရေးကြီး သုံးခွလာရင် ဘယ်တော့မှကြိုချိန်းလေ့မရှိ။

‘ဆရာသမား၊ကျနော့်ဆီလာရင် ကြိုချိန်းစရာကိုမလိုဘူး။ကြိုက်တဲ့အချိန်လာ၊မအားဘူးဆိုတာမရှိဘူး’

‘ခင်ဗျား ရုံးတက်နေချိန် လာရင်ရော’

‘ရတယ်လေ၊ကျနော်တို့ရုံးက ဧည့်သည်လာလို့ ဧည့်သည် ဧည့်မခံနိုင်လောက်အောင် အလုပ်များတာ မျိုး တစ်ခါမှမရှိဘူး’တဲ့။ကဲ၊ဘယ်နှယ့်လုပ်မလဲ။ကြိုချိန်းစရာမလိုတဲ့ပတ်ဝန်းကျင်က ကြိုချိန်းစရာမလိုတဲ့အလေ့။ကြိုတင်ချိန်းဆိုတတ်တဲ့ ကျနော်ပဲ မှားနေသလိုလို။

နောက်ပိုင်း ကျနော်သုံးခွရောက်တိုင်း ညနေဘက်မှာ ရီဝေရောင်ဆိုင်လေးဘာလေးထိုင်ပြီး စာရေးကြီးနဲ့ စကားဖောင်ဖွဲ့ဖြစ်တယ်။စာရေးကြီးကလည်း အပေါင်းအသင်းတွေနဲ့ဆုံရင် ဆုံသလို တစ်ပတ် တစ်ရက်၊ နှစ်ရက် တွယ်လေ့ရှိတာမို့ အိုကေပေါ့။

သောက်ဖို့ ချိန်းပြီဟေ့ စိတ်ညစ်ရတာတွေရှိသေးတယ်။ပထမ၊စိတ်ညစ်ရတာက ညနေ၃နာရီလာခဲ့လို့ ချိန်းထားတာကို နေ့ခင်း၁၂နာရီလောက်ကတည်းက ရောက်လာတာမျိုး။အစောကြီး ဘာလာလုပ်တာလဲဆို တော့ ပျင်းလို့စောစောထွက်လာတာတဲ့။ကျနော်က အလုပ်မအားပေမဲ့ အလုပ်ပျက်ရ။နောက်ပိုင်း သူနားလည်အောင်အကျိုးအကြောင်းရှင်းပြပြီး စောစောမလာဖို့ ပြောမှ သဘောမတူချင် ပေမဲ့တူလိုက်ရတာလိုလို။

နောက်တစ်ချက်စိတ်ညစ်ရတာက ပိုက်ဆံရှင်းပြီဆို ငွေလုရှင်းတဲ့ကိစ္စ။ကျနော်က ကျနော့်ထုံးစံအ တိုင်း စာရေးကြီးကို ကျနော်တိုက်ချင်လို့ ဖိတ်တဲ့အကြောင်း စာရေးကြီး တခြားဘယ်သူ့ကိုမှ မခေါ်လာဖို့လို ကြောင်း အသေအချာပြောပြပြီး တိုက်တာတောင် ပိုက်ဆံရှင်းပြီဆို လုရှင်းတော့တာ။မနည်းရှင်းပြရ၊စာရေး ကြီး ကျနော့်ကို နောက်တစ်ကြိမ်ပြန်တိုက်လို့ရကြောင်း ပြောမှ စိတ်မသက်မသာနဲ့ ပိုက်ဆံကို အိတ်ကတ်ထဲ ပြန်ထည့်တော့တယ်။

‘ကျနော်က ဘယ်သူနဲ့ထိုင်၊ထိုင် အကုန်မရှင်းတောင် ကိုယ့်ပိုက်ဆံတော့ နည်းနည်းပါးပါး ပေးရမှ ကျေနပ်တာ’တဲ့။ကျနော့်စာရေးကြီးက အဲဒီလိုမျိုး။

အဲဒါနဲ့တစ်ခေါက်၊သူတိုက်မယ်လို့ချိန်းတာနဲ့ တံတားမြို့ရောက်ရှိ။ဆိုင်ထိုင်ပြီးဘာမှမကြာမီ ဟိုလူ ဝင် ထိုင်လိုက်၊ဒီလူဝင်ထိုင်လိုက်နဲ့ စကားကိုကောင်းကောင်းပြောရတယ်မရှိ။စာရေးကြီးကတော့ ကျနော်နဲ့ သူတို့ တံတားမြို့သားတွေကို မိတ်ဆက်ပေးနေရတာ ပျော်လို့။

ဒါနဲ့၊နောက်တစ်ခေါက် စာရေးကြီးတိုက်မယ်ဆိုတော့ သုံးခွလာတိုက်လို့ ပြောယူရတယ်။

‘ဆရာသမားတို့က တော်တော်ကိန်းခန်းကြီးတယ်’တဲ့။စာရေးကြီးက ရိတိတိ။

အဲဒီလို ကျနော်နဲ့အလေ့မတူတာကလွဲရင်  ကျနော့်စာရေးကြီးက သိပ်ခင်ဖို့ကောင်းတဲ့သူ။ဘယ်သူ့ ကိုမဆို လှိုက်လှဲစွာ ကူညီချင်တဲ့သူ။ဘယ်သူ့ကိုမှ မနာကျင်စေခဲ့သူ။

‘ဘဝမှာ ကိုယ့်ကြောင့်စိတ်ဆင်းရဲခဲ့ရတာ ငယ်ရည်းစားတစ်ယောက်ပဲ ရှိမယ်ထင်တယ်။အမေသဘောမကျလို့ မယူဖြစ်လိုက်တာ’တဲ့။အဲဒီလို ပြောပြီဟေ့ဆို အမြဲလိုလို ပျော်နေသယောင်စာရေးကြီးမျက်လုံးတွေ ကဝေတေတေ။

အခုတော့ စာရေးကြီးနဲ့ကျနော်လည်း မတွေ့ရတာအတော်ကြာ။အမှတ်မထင်ဘဲ ခင်မင်ခဲ့ရတဲ့ ကျနော့်စာရေးကြီးဟာ သိပ်ကို အဖြူထည် တွေကြီးမို့ လွမ်းရ။အဲဒီအလွမ်းစိတ်နဲ့ပဲ ဒီစာကို ရေးလိုက်ရတာပါ့။

 

ငြိမ်းဆက်