【 ‌ဆောင်းပါး 】 မထင်မှတ်တဲ့ အပြောင်းအလဲတွေ (၂)

【 ‌ဆောင်းပါး 】 မထင်မှတ်တဲ့ အပြောင်းအလဲတွေ (၂)

ကျွန်တော်ရယ် ကျွန်တော့်အကိုရယ် ကျွန်တော့်ဆရာရယ် ဘုန်းကြီးဝတ်နေရာက သူတို့နှစ်ယောက် လူထွက်ပြီး ရန်ကုန်ပြန်သွားတော့ ကျွန်တော်တစ်ယောက်ထဲ ပြည်မှာ ဘုန်းကြီးဝတ်နဲ့ ကျန်ရစ်ခဲ့တာပေါ့။

အမှန်အတိုင်းပြောရရင် အဲဒီအချိန်တုန်းက ကျွန်တော် သူတို့နှစ်ယောက်ကို သိပ်မကျေနပ်ချင်။အတူလာပြီး သူတို့ကပြန်သွားလို့ပေါ့။ကျွန်တော့်ခံစားချက်ကို ဒက္ခိဏာရုံ ကျောင်းထိုင်ဆရာတော်ကို လျှောက်တော့ ဆရာတော်က ပြန်ပြောတယ်။

“ဦးပဉ္စင်းတို့က ကလေးတွေ မဟုတ်တော့ဘူးလေ။ကိုယ်ပိုင်ဆုံးဖြတ်ချက်လာခဲ့တာ မဟုတ်လား။အခု သူတို့ဘာသာသူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြန်သွားတယ်လေ။ဦးပဉ္စင်းကလဲ ဦးပဉ္စင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကျန်ခဲ့တယ်လေ။အရေးကြီးတာက ကိုယ့်စိတ်ကိုယ် ပြတ်သားဖို့ပဲ။”

“ဦပဉ္စင်းလည်း စိတ်ပါရင်ဝတ် စိတ်မပါရင် ဆက်မဝတ်နဲ့တော့။ခန္ဓာကိုယ်က သင်္ကန်းဝတ်ထားပြီး စိတ်က လူ့လောကထဲ ပြန်ရောက်နေရင်တော့ မကောင်းဘူး။အပြစ်ရှိတယ်။ဒုလ္လဘဝတ်တယ် သဘောထားပြီး လူပြန်ထွက်တာလည်း ကောင်းတာပဲ။ကုသိုလ်ပါရမီတော့ ပါသွားတာပေါ့။”

ဆရာတော်ပြောတာ ပြတ်သားတယ်။မှန်လည်း မှန်နေတာပဲလေ။ ကျွန်တော်စိတ်ပြေသွားပါတယ်။ဆရာ့ကိုလည်း မနောကံနဲ့ အပြစ်တင်မိတာကို ဘုရားရှိခိုးရင်း စိတ်ထဲကမှန်းပြီး တောင်းပန်ကန်တော့လိုက်ပါတယ်။

သံယောဇဉ်တွေကို ဖြတ်နိုင်လို့လား မသိဘူး။အဲဒီအချိန်တုန်းက တရားထိုင်ရတာ ကိုယ့်ကိုယ်ကိုယ် အတော်လေးကျေနပ်တယ်။သေသေချာချာ မဆုံးဖြတ်နိုင်ပေမယ့် နိမိတ်တွေမြင်တယ်လို့ ထင်မိတယ်။အဖြူရောင် အလင်းတန်းကို မကြာခဏမြင်မြင်နေရတယ်။တကယ့်သမာဓိအစစ်မဟုတ်တောင် စိတ်တွေအတော်လေး တည်ငြိမ်နေတာတော့ သတိထားမိတယ်။

တစ်နေ့ ဆွမ်းစားပြီးကာစ ကျောင်းက ဦးပဉ္စင်းကြီးတစ်ပါးနဲ့ စကားလက်ဆုံကျနေရင်း သူ့ကို ဗေဒင်ကြည့်ပေးဖို့ ပြောတယ်။အဲဒါနဲ့တွက်ချက်ကြည့်ပြီး တွေ့တာလေးတွေ ပြောပြတယ်။

သူက အင်္ဂါသား။ရာဟုသက်ရောက် ဖြစ်နေတယ်။သုံးတန်ပေါ် နိစ်တိုင်ထူတဲ့အခါ ပြကွက်မှာ တွေ့ရတယ်။ပြကွက်ဆိုတာ အဆိုးဆုံးပဲလေ။တနင်္ဂနွေကလည်း တန်းအောက်ကပ်နေတယ်။စိတ်မငြိမ်တာတွေ ကျန်းမာရေးအရမ်းညံ့တာတွေ ဂရုမစိုက်ရင် အသက်အန္တရာယ်ဖြစ်နိုင်တာတွေ တစ်နည်းနည်းနဲ့ အိမ်ကထွက်နိုင်တာတွေ ပြောမလို့ စဉ်းစားနေတုန်း ဗုဒ္ဓဟူးက တိုင်ထိပ်ပေါ်ရောက်နေတာကို ကြည့်ပြီး ဘုရားကယ်နိုင်တယ်လို့ ထပ်စဉ်းစားရင်း တကယ်ပြောဖြစ်တဲ့စကားက “အရှင်ဘုရား လူထွက်ဖို့များ ကြံနေလား” လို့ မေးလိုက်မိတယ်။

အဲဒီမှာတင် ဦးပဉ္စင်းကြီးက သူ့လက်ညိုးနဲ့ ပါးစပ်ကိုတေ့ပြီး တိုးတိုးပြောပါလို့ တားတယ်။ဝါကျွတ်ရင် သူလူထွက်တော့မယ်တဲ့လေ။အဲဒီအချိန်မှာ ကျွန်တော့်ဗေဒင်ပညာက အဲဒီလောက်အထိ မှန်မနေလောက်ဘူးဆိုတာ ကျွန်တော်အသိဆုံး။အဓိက က ကျွန်တော် သမာဓိအား နည်းနည်းတော့ကောင်းလာတယ်လို့ ပြောချင်တာပါ။

နောက်တစ်ခုရှိသေးတယ်။ကျွန်တော်တရားထိုင်နေတုန်း ရိပ်ခနဲရိပ်ခနဲ ထူးထူးခြားခြား မြင်မြင်နေရတယ်။တရားထိုင်နေတာဆိုတော့ တွေးသမျှ ထင်သမျှ မြင်သမျှကို ပြန်ပြန်ဖျောက်ပစ်ရတယ်လေ။ဒါပေမဲ့ ရက်ဆက်ဆိုသလို မြင်နေရတယ်။ကျွန်တော့်အမေရယ် မိန်းမနဲ့ သမီးရယ် ကျွန်တော့်အကိုဝမ်းကွဲတစ်ယောက်ရယ် ရွှေဆံတော် ဘုရားစောင်းတန်းက ဆင်းလာတာကို မြင်မြင်နေရတယ်။

ဒါနဲ့ ကျွန်တော်လည်း ဆရာတော်ကို လျှောက်ပြီးတော့ တစ်နေရာကို ရွှေ့နေချင်ကြောင်း ပြောမိတော့ ဆရာတော်က
“ဦးပဉ္စင်းကို ဝိနည်းသိက္ခာပုဒ်တွေ သင်ပေးဖို့ လိုသေးတယ်။ဦးပဉ္စင်း သိပ်ပြီးအတွေးမခေါင်ပါနဲ့။ဘာတွေပဲဖြစ်လာဖြစ်လာ ဦးပဉ္စင်း စိတ်ခိုင်ဖို့ အဓိကပါ” လို့ ပြောတယ်။

နောက်တစ်ပတ်လောက်အကြာမှာ ကျွန်တော်ထင်တဲ့အတိုင်း ဖြစ်လာပါတယ်။ကျွန်တော့်အမေရယ် မိန်းမရယ် သမီးရယ် အကိုဝမ်းကွဲတစ်ယောက်ရယ် ကျောင်းကိုရောက်လာတယ်။လိုရင်းပြောရရင် နောက်သုံးလေးရက်မှာ ကျွန်တော် သူတို့နဲ့အတူ ရန်ကုန်ပြန်လိုက်ဖြစ်တယ်။ကျွန်တော်တို့လမ်းနဲ့ မီးရထားသံလမ်းပဲခြားတဲ့ ကမာရွတ် ရွာမဘုန်းကြီးကျောင်းမှာ ကျွန်တော်သီတင်းသုံးဖြစ်တယ်။

ကျွန်တော့်မိဘတွေ ကျွန်တော့်အမျိုးတွေ ကျွန်တော့်သူငယ်ချင်းတွေ အထူးသဖြင့် ကျွန်တော့်မိန်းမနဲ့သမီးလေးကို မြင်နေတွေ့နေရလို့ သံယောဇဉ်တွေ ပြန်တွယ်လာပေမယ့် ကျွန်တော် တရားထိုင်တာကို လုံးဝအနှောင့်အယှက်မဖြစ်ခဲ့ပါဘူး။အေးဆေးပါပဲ။

တစ်နေ့ ကျွန်တော့် အခင်ဆုံး သူငယ်ချင်းနှစ်ယောက်လာလို့ စကားတွေ တော်တော်ကြာကြာပြောပြီး ပြန်သွားကြတယ်။သူတို့ကို ဘုန်းကြီးကျောင်းအဝင်ဝထိ လိုက်ပို့ပေးလိုက်တယ်။သူတို့က ကမာရွတ်ဘူတာရုံကို ရထားသံလမ်းအတိုင်း လျှောက်သွားကြတယ်။သူတို့နှစ်ယောက်က အဆင်မတူတဲ့ ကချင်လုံချည်ကိုယ်စီ ဝတ်ထားတယ်။ကော်လံကတုံး ရှပ်အင်္ကျီအဖြူတွေ ဝတ်ထားတယ်။ပခုံးမှာ လွယ်အိတ်တစ်လုံးစီ လွယ်ထားတယ်။

ကျွန်တော့်အိမ်မှာရှိတဲ့ ကျွန်တော်ဝတ်ခဲ့တဲ့ ကချင်လုံချည်ရယ် ကော်လံကတုံး ရှပ်အင်္ကျီအဖြူရယ် လွယ်အိတ်အစိမ်းရောင်လေးရယ်ကို မြင်ယောင်မိတယ်။ဒါပေမဲ့ ကျွန်တော် တရားထိုင်တဲ့အချိန်မှာ ဘာမှအနှောင့်အယှက်မဖြစ်ခဲ့ပါဘူး။ ထုံးစံအတိုင်း အေးဆေးပါပဲ။

ကျွန်တော်က ရွာမကျောင်း ဒုတိယကျောင်းထိုင်ဆရာတော်ရဲ့ ကျောင်းဆောင်မှာ နေတာပါ။ညဘက် ညဘက် တရားမထိုင်ခင် ဆရာတော်က အမြဲသြဝါဒပေးတတ်ပါတယ်။ဆရာတော်က ညဘက်ဆို ရေဒီယိုနားထောင်ပါတယ်။ဆယ့်ငါးမိနစ်ပဲကြာပါတယ်။မြန်မာ့အသံက ညခုနစ်နာရီဆိုရင် နိုင်ငံခြားသတင်း ဆယ့်ငါးမိနစ် လာပါတယ်။ဆရာတော်က သတင်းနားထောင်တာပါ။သတင်းကြေငြာပြီးတာနဲ့ ဆရာတော်က ရေဒီယိုကို ပိတ်လိုက်ပါတယ်။

တစ်ခုသော စနေနေ့ညမှာ ဆရာတော်နဲ့ ကျွန်တော် နိုင်ငံခြားသတင်း နားထောင်နေပါတယ်။အဲဒီအချိန်မှာ ကိုရင်လေးတစ်ပါးက ဆရာတော်ကြီး ခေါ်နေတယ်ဆိုလို့ ဆရာတော်လည်း ချက်ချင်းထလိုက်သွားပါတယ်။ရေဒီယိုက နိုင်ငံခြားသတင်း ကြေငြာနေတုန်းပါ။နိုင်ငံခြားသတင်း ပြီးတဲ့အချိန်အထိ ဆရာတော် ပြန်မရောက်လာပါဘူး။ရေဒီယိုက လက်ရွေးစင် မြန်မာသံစဉ်သီချင်းတွေ ဆက်လာနေပါတယ်။ကျွန်တော်လည်း ဆရာတော့် ရေဒီယိုကို ဆရာတော်ကိုယ်တိုင် ပိတ်နေကျဆိုတော့ မပိတ်ဘဲ ဆက်ဖွင့်ထားလိုက်တယ်။

အဲဒီမှာ ကျွန်တော့်အတွက် အပြောင်းအလဲတစ်ခု ထပ်ဖြစ်လာပြန်တာပဲ။ကျွန်တော် လူ့ဘဝက အကြိုက်ဆုံး သီချင်းတစ်ပုဒ် ရေဒီယိုကလာပါပြီ။ဂီတစာဆို မောင်ဆွေနွယ် ရေးပြီး ကိုတင်လှိုင် သီဆိုထားတဲ့ အမုန်းခွန်အား ပေးသနားပါ သီချင်းပေါ့။သီချင်းကို ဒုတိယအကျော့ပြန်ဆိုဖို့ တီးလုံးလာနေတုန်း ဆရာတော်ပြန်ရောက်လာပြီး ရေဒီယိုကို ပိတ်လိုက်တယ်။ကျွန်တော့်စိတ်ထဲမှာတော့ သီချင်းက ပိတ်မသွားပါဘူး။ဆက်လာနေပါတယ်။တကယ်တော့ ကျွန်တော့်စိတ်ထဲက ဆက်ဆိုနေမိတာပါ။အဲဒီညကစပြီး ကျွန်တော်တရားထိုင်လို့ သမာဓိမရတော့ပါဘူး။ဝင်လေ ထွက်လေ ဆယ်ခါတောင်မိရဲ့လား မသိတော့ပါဘူး။

ကျွန်တော်သင်္ကန်းဝတ်ထားပေမယ့် ဘုန်းကြီးစိတ်တွေ နည်းသည်ထက် နည်းလာပြီး လူစိတ်တွေများသည်ထက် များလာပါတယ်။ကျွန်တော့်ဆရာနဲ့ အကို့ကိုလည်း ပိုပြီးနားလည်သွားပါတယ်။လိုရင်းထပ်ပြောရရင် အဲဒီတစ်ဝါကျွတ်တဲ့အချိန်မှာပဲ ကျွန်တော်လည်း သင်္ကန်းချွတ်ပြီး လူပြန်ဖြစ်ခဲ့ပါတော့တယ်။

လူပြန်ထွက်ပြီးတော့ နေရထိုင်ရတာ တစ်မျိုးကြီးဖြစ်နေတယ်။ဒါပေမဲ့ ကချင်လုံချည်နဲ့ ကော်လံကတုံး ရှပ်အင်္ကျီအဖြူလေး ဝတ်ရတာကို အတော်သဘောကျနေမိတယ်။သမီးကိုလည်း လက်ပေါ်က မချနိုင်တော့။
လူ့လောကထဲမှာ ပြန်ပြီးပျော်မွေ့သွားပြီလေ။အပြင်တော့ သိပ်မထွက်ဖြစ်ဘူး။သူငယ်ချင်းတွေကတော့ လာလည်ကြတယ်။

မကြာခင်မှာပဲ ကျွန်တော့်အဖေက သူ့အလုပ်ထဲမှာ ဝင်လုပ်ဖို့ ပြောတယ်။အဖေက ခရီးသည်ပို့ဆောင်ရေးဌာနခွဲမှာ လုပ်တာလေ။ဒီလိုနဲ့ ကျွန်တော်လည်း အဖေ့အလုပ်ထဲက မော်တော်ယာဉ်ဌာနစိတ်မှာ အကူစာရေး ဝင်လုပ်ခဲ့တယ်။ကျွန်တော့်အလုပ်က ဗိုလ်တထောင်မှာဆိုတော့ ရန်ကုန်မြို့ထဲကို နေ့တိုင်းသွားဖြစ်တယ်။ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းမှာ စာအုပ်တွေ သွားသွားဖတ်တယ်။ဝယ်တဲ့အခါလည်း ဝယ်ပေါ့လေ။ဒီလိုနဲ့ ဆောင်းပါးတွေ ဝတ္ထုတိုတွေရေးပြီး မြဝတီမဂ္ဂဇင်းတိုက်မှာ စာမူတွေ ပို့ဖြစ်လာတယ်။

ဗိုလ်တထောင် သတင်းစာတိုက်ကိုပို့တဲ့ ခရီးသွားဆောင်းပါးလေးတစ်ပုဒ် စပြီး ပါလာတယ်။စာမူခက နှစ်ဆယ့်ငါးကျပ်ပါ။နောက်တော့ လူငယ်ဂျာနယ် မြဝတီနဲ့ ငွေတာရီမဂ္ဂဇင်းတွေမှာ ဝတ္ထုတိုလေးတွေ ပါလာပြန်တယ်။မဂ္ဂဇင်းတိုက်က ပန်းချီဆရာတချို့နဲ့ ရင်းနှီးရာကနေ ရုပ်ပြဇာတ်လမ်းတွေ ရေးဖြစ်တယ်။

တစ်ချိန်ထဲမှာပဲ ဆယ်တန်းစာမေးပွဲ ဝင်ဖြေဖြစ်တယ်။ဆယ်တန်းအောင်သွားတော့ အလုပ်ထဲမှာ အောက်တန်းစာရေးဖြစ်လာတယ်။လုပ်သားကောလိပ် ဆက်တက်ဖြစ်တယ်။မြန်မာစာအဓိကနဲ့ ဘွဲ့ရတယ်။တစ်နေ့မှာ ညီဝမ်းကွဲတစ်ယောက်က စာမေးပွဲကြီးနီးနေလို့ သူ့ကျူရှင်ကကျောင်းသားတွေကို မြန်မာစာ စာစီစာကုံး ဝင်သင်ပေးဖို့ အကူအညီတောင်းတယ်။ရှစ်တန်းနဲ့ ဆယ်တန်းကို စာစီစာကုံး ဝင်သင်ပေးဖြစ်တယ်။ဆယ်တန်းကလေးတွေက သင်ရတာ အဆင်ပြေသေးတယ် ရှစ်တန်းကလေးတွေကတော့ တစ်ယောက်တစ်ပေါက်နဲ့မို့ အတန်းကို မနည်းထိန်းရတယ်။ တော်တော်လည်း စိတ်တိုမိတယ်။

ငယ်ငယ်လေးထဲက လုံးဝစိတ်ကူးမယဉ်ခဲ့ဖူးတာ နှစ်ခုပဲရှိတယ်။အဲဒါက ဆရာဝန်အလုပ်နဲ့ ကျောင်းဆရာအလုပ်ပဲ။ခုလည်း စာစီစာကုံးဝင်သင်ပြီးတော့ စာသင်တဲ့အပေါ် ပိုတောင်စိတ်ကုန်သွားသလိုပဲ။ဒါပေမဲ့ ကျွန်တော်စာသင်လိုက်တဲ့ ကလေးတွေကို ကျွန်တော်ကသာ မမှတ်မိတာ သူတို့က လမ်းမှာ ဆရာကြီး မင်္ဂလာပါလို့ နှုတ်ဆက်ကြတော့ ရှက်သလိုလိုနဲ့ကျေနပ်မိတယ်။

ကျွန်တော့် ဆရာကတော့ စာသင်ဖို့ တိုက်တွန်းတယ်။ဒါက ကျွန်တော့်အတွက် အခွင့်အရေးပဲတဲ့။တပည့်တွေကို စာသင်ပေးရင်းနဲ့ လိမ္မာယဉ်ကျေးအောင် ပြုပြင်လို့ရတယ်တဲ့။သာသနာပြုနိုင်တဲ့ လမ်းကြောင်းတစ်ခုပဲတဲ့။

ဒီလိုနဲ့ပဲ ကျွန်တော်ကျူရှင်ဆရာဖြစ်သွားတယ်။ပထမတော့ အစိုးရအလုပ်နဲ့ တွဲလုပ်နေသေးတယ်။ကလေးတွေအပေါ်ရော စာသင်ကြားမှုအပေါ်ရော စိတ်ဝင်စားလာတော့ အစိုးရအလုပ်က ထွက်လိုက်တယ်။

ကျူရှင်လေးပြလိုက် အားရင်အားသလို မဂ္ဂဇင်းမှာ ဝတ္ထုတိုလေးတွေ ရေးလိုက်နဲ့ပေါ့။တစ်ခါတလေ ဗီဒီယိုဇာတ်ညွှန်းတောင် ရေးဖြစ်လိုက်သေးတယ်။နွေရာသီ ကျောင်းပိတ်ရက်နဲ့ ကြုံရင် ရိုက်ကွင်းတောင် လိုက်သွားဖြစ်တယ်။အဲဒီအချိန်မှာ ကျွန်တော့်သမီးနဲ့ သားလည်း အတော်ကြီးလာပြီလေ။

ဘုရားရှိခိုး ပုတီးစိပ်တာတော့ မှန်တယ်။အဓိဋ္ဌာန်ကလည်း ဆက်တိုက်လိုလို ဝင်ဖြစ်တယ်။မနက် ညမပြတ် ဘုရားရှိခိုး ပုတီးစိပ်တယ်။ပဋ္ဌာန်းဓမ္မစကြာ အနတ္တလက္ခဏာ ပရိတ်ကြီးဆယ့်တစ်သုတ်ကို နေ့တိုင်းရွတ်ဖြစ်တယ်။ကျွန်တော့်ကျေးဇူးရှင် ဆရာက နယ်ပြောင်းသွားလို့ လေးငါးလကြာမှ တစ်ခါလောက် ဆရာ့ဆီ သွားကန်တော့ရင်း တွေ့ဖြစ်တယ်။

အရက်မသောက် လောင်းကစားမလုပ်ဘဲ ဘုရားတရားအလုပ် လုပ်ဖြစ်နေတော့ အနုပညာနယ်ပယ်မှာရော ကျူရှင်အသိုင်းအဝိုင်းမှာရော အားလုံးရဲ့လေးစားမှုကို ခံရတယ်။အားနာစိတ်တစ်ဝက် မာနစိတ်တစ်ဝက်နဲ့မို့ ဘယ်အနုပညာအလုပ် ဘယ်ကျူရှင်အလုပ်မှ လုပ်ချင်တဲ့အကြောင်း သွားမတောင်းဆိုဖူးဘူး။အလုပ်က ကျွန်တော့်ဆီရောက်လာတာပဲ။ဒါပေမဲ့ ကျွန်တော့်ကို အလုပ်ပေးတဲ့သူတိုင်းကိုတော့ ကျွန်တော် မှတ်မှတ်ရရ ကျေးဇူးတင်မိပါတယ်။

ကျွန်တော့်ဘဝမှာ အဲဒီလိုမထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။အပြောင်းအလဲတွေ တော်တော်များများဖြစ်ခဲ့ပေမယ့် ဆရာနဲ့ စတွေ့တဲ့နေ့ကစပြီး ဘုရားဝတ်မပျက်ခဲ့ပါဘူး။ကျွန်တော့်အမှားတွေကို မြင်မြင်လာပြီး ပြင်ပြင်လာခဲ့ပါတယ်။

အဓိက ကျွန်တော်ပြောချင်တာက ကျွန်တော် အခုမှ ဘာသာရေးအလုပ် လုပ်တာ မဟုတ်ပါဘူး။အခုမှ တရားအားထုတ်တာ မဟုတ်ပါဘူး။အသက်နှစ်ဆယ့်ငါးနှစ် မကျော်ခင်အချိန်ထဲက ဘုရားတရားအလုပ်ကို လေးလေးစားစားနဲ့ မှန်မှန်လုပ်ခဲ့တာပါ။တရားတော်ရဲ့ တကယ့်အနှစ်အစစ်ကို သဘောမပေါက်သေးတာကတော့ ကျွန်တော်ဉာဏ်နည်းလို့သာ ဖြစ်ပါလိမ့်မယ်လို့။

ရိုက်မောင်း