【 ဆောင်းပါး 】 နွေရာသီနှင့် မီး

【 ဆောင်းပါး 】 နွေရာသီနှင့် မီး

   နွေရာသီကို ရောက်လာလေပြီ။
   မီးသတင်းတွေက ဟိုကကြားရ ဒီကကြားရနှင့်။ မနက်မိုးမလင်းခင်ကပင် မီးသတ်ကားသံကို ကြားရသည်။လူမှုကွန်ရက်သတင်းတွေထဲ အညာဒေသက မီးတွေကြောင့် ညစ်နွမ်းနေသည့် စိတ်မှာ ဒီရက်ပိုင်း မကြာခဏမီးလောင်မှုတွေကြောင့် ကြောင့်ကြစိတ်ဝင်လာသည်။ဒီအခါ အဖွားရှိစဉ်က ညဘက် မီးလောင်လျှင် အရန်သင့်ပြေးနိုင်ရန် လိုအပ်သည့် အရေးကြီးပစ္စည်းများ ထည့်ထားသည့် လွယ်အိတ်ကို ဘေးထားအိပ်သည့် အဖွားကို ပြန်သတိရသည်။
   အသက်ရလာစဉ် တူတွေ တူမတွေကနေ မွေးသည့် မြေးများကို ငါတို့ငယ်ငယ်ကတော့ ဒီလိုနွေရာသီဆို ဘယ်လိုနေရတာကွဆိုသည်ကနေ မင်းတို့ခေတ်များ ကံကောင်းလိုက်တာ ငါတို့လိုမနေရဘူးဆိုသည်ကို မကြာခဏ အကြောင်းတိုက်ဆိုင်တိုင်း ပြောဖြစ်သည်။
   ယခု မကြာခဏလောင်နေသည့်မီးနှင့် ကြားနေရသည့် သောကများကြောင့် ထိုစကားကို ပြန်ရုတ်သိမ်းရမလိုဖြစ်သည်။ဘာကြောင့်ဆို ကျနော်တို့ခေတ်ကလောင်သည့် မီးတွေက သာမန်သွေးရိုးသားရိုး ပေါ့ဆလို့လောင်သည့် မီးတွေသာ ဖြစ်နေလို့ဖြစ်သည်။
   ယခု ကျနော် အသက် ၆၀ ကျော်ထဲ ရောက်လာနေပြီ။မီးအကြောင်းတွေးသည့်အခါ ကျနော့်စိတ်ထဲ ဟိုးယခင် ငယ်ရွယ်စဉ်က ကြုံခဲ့ရသည် မီးလောင်မှုကြီးများကို သတိရမိသည်။အစောပိုင်းတော့ သိပ်မမှတ်မိသည်နှင့် အလှမ်းဝေးခြင်းကြောင့် ရေရေရာရာမပြောနိုင်။ထိုထဲ စလင်းကွင်းမီးတွေ၊ ကမာရွတ်စျေးမီးတွေ အများကြီး။မကြာခဏလောင်တာလည်း မပြောနှင့်။
   ၁၉၈၈ အရှေ့ပိုင်းကာလမှာ ရန်ကုန်ဆိုသည်က ယခုလိုမဟုတ်။နေအိမ်အများစုမှာ ဓနိမိုး၊ ထရံကာသာသာတွေသာ အတော်အတန်ရှိသူဆိုပါက သွပ်မိုးပျဉ်ကာ၊ အတော်လေးရှိမှ တစ်ထပ်တိုက်။နှစ်ထပ်တိုက်လောက်နှင့် နေထိုင်နိုင်ပါက သူဌေးလို့ ခေါ်နိုင်သည့် ခေတ်ကာလဖြစ်သည်။ထိုခေတ်မျိုးတွင် နွေရာသီလို့ ပူပြင်းခြောက်သွေ့သည့်ရာသီ ရောက်သည့်အခါတိုင်း လူနေထူထပ်သော ရန်ကုန်မြို့နှင့် မီးမှာ တစ်သားတည်းဖြစ်တော့သည်။ထိုကာလများက ရန်ကုန်မှာ မီးအကြီးအကျယ်မလောင်သော နှစ်ဆိုတာ မရှိသလို မီးလောင်လို့ ထမင်းထုပ် မပေးရသော ရပ်ကွက်တွေ၊ လမ်းတွေဆိုတာလည်း မရှိပေ။
   မီးနှင့်ပတ်သက်ပြီး ယခုထိ ကျနော်မှတ်မိသေးတာက နာနတ်တောမီး၊ လှိုင်မီးကြီး၊ နောက် မြောက်ဥက္က လာမီး။ဆင်မလိုက်မီးတို့ဖြစ်သည်။
   ကျနော်နေသည်က ရန်ကုန်အနောက်ခြမ်း ကမာရွတ်မှာနေသူဖြစ်သဖြင့် လှိုင်မှာ မီးလောင်တိုင်း ရောက်ရောက်သွားတတ်သည်။လှိုင်နှင့် ကမာရွတ်မှာ ခွဲခြားမရသဖြင့် လှိုင်မှာ မီးလောင်သည့်အခါ ကမာရွတ်ဘက်က မီးဘေးရှောင်ရအရပ် အလိုလိုဖြစ်သည်။အလွယ်ဆိုရလျှင် မီးလောင်ပါက မီးလွတ် ရာနေရာမှာ ရထားလမ်းဖြစ်သည်။ရထားလမ်းသို့သာ ဦးတည်ပြေးကြရသဖြင့် ရထားလမ်းမှာ မီးလောင်တိုင်း အလွန်စည်ကားလေ့ရှိသည်။
   ၁၉၉၀ ဝန်းကျင် တစ်ခုသော နွေရာသီတွင် လှိုင်ဘက်တွင် မီးလောင်သည်။ဘယ်ကနေ စလောင်သလဲတော့ မသိ။ထိုစဉ်က ဘူတာရုံလမ်းမှာ ကျဉ်းကျဉ်းလေးဖြစ်ပြီး အတွင်းဘက် ကမ်းနားရှိ အထပ်သားစက်နှင့် ယခု ဘုရင်နောင်လမ်း (ထိုစဉ်က လမ်းဖောက်ပြီးသည်မှာ မကြာသေး) ပေါ်မှာ ရှိနေသည့် ဓာတုဗေဒစက်ရုံသို့ လာကြသည့် ကားတွေသာရှိသဖြင့် ထိုလမ်းမှာ ကျဉ်းသေးသည်။
   ထိုနေ့က ကျနော်မှာ မြို့ထဲရှိ အမျိုးသမီးရုံးသို့ ဝန်ထမ်းဆန်သွားသယ်ရန် ဆင်ရေတွင်းကားမှတ်တိုင်တွင် ကားစောင့်နေချိန်ဖြစ်သည်။မီးခိုးများတက်လာပြီး မီးသတ်ကားသံ ကြားရပြီးနောက် လူတွေ ဘူတာရုံလမ်းနောက် ကြယ်နီလမ်း-သဘောတောသုဿန်လမ်း (ယခု ရွာမကျောင်းလမ်း) မှ အထုပ်အပိုးများဖြင့် ပြေးထွက်လာကြသည်။
   ကျနော်နေသည်က ပတ္တမြားလမ်းတွင်ဖြစ်သဖြင့် ကျနော်ဘက်သို့ ရထားလမ်းနှင့် ကြယ်နီလမ်းတို့ကို ဖြတ်ပြီး မီးကူးဖို့ဆိုတာ မဖြစ်နိုင်။ကြယ်နီလမ်းတွင် ထိုစဉ်က သုသာန်များအစီအရီရှိပြီး မွတ်ဆလင်သင်္ချိုင်း၊ ဟိန္ဒူသင်္ချိုင်း၊ သဘောတောသင်္ချိုင်းများ ရှိပြီး တချို့သင်္ချိုင်းများကို တခြားသို့ ပြောင်းနေချိန်ဖြစ်ရာ သုဿန်အလွတ်ကိုကျော်ပြီး မီးကူးဖို့ရာ မဖြစ်နိုင်။သို့သော် နာနတ်တောမီးတုန်းက ရထားလမ်းကိုကျော်ပြီး မီးကူးတာ ကြုံရဖူးသဖြင့် အသေအချာစဉ်းစားပြီးမှ မြို့ထဲမသွားတော့ဘဲ အသိရှိရာ မီးလောင်သောအနီးရှိ လမ်းသို့ ကူဖို့ပြေးရလေသည်။
   မီးမှာ နောက်ပိုင်း ဂွမ်းစက်ရုံလောင်ရာကနေ တခြားနေရာတွေကူးပြီး ထိန်းမရဘဲ တခြားရပ်ကွက် တွေ ကူးခြင်းဟု သိရသည်။ 
   မီးများလား မများလားဆို မီးလောင်ပြီးနောက် ဝင်လို့ရသည့်အခါ မီးလောင်ပြင်ကို လျှောက်ရာ အတော်ကို လျှောက်ယူရသည်။ယခု ထိုနေရာတွေက အေးရိပ်မွန်တို့၊ ယုဇနတို့ဆိုပြီး သူဌေးတွေ ခြံအဖြစ်နေထိုင်ရာ ဖြစ်နေသည်ကိုကြည့်လျှင် ဒီနေရာက လူတွေ မီးကြောင့် ဘယ်လောက်ဘ၀ပျက်ခဲ့သလဲဆိုတာကို သိနိုင်မည်ဖြစ်သည်။
   မီးက ဓနိမိုးထရံကာ အိမ်ဘုစုခရုအိမ်လေးတွေကို လေအသင့်နှင့် မီးအဟပ်နှင့် ဟုတ်ခနဲ ဟုတ်ခနဲ အရှိန်ပြင်းပြင်းလောင်လေသည်မှာ အိမ်ကိုအသာထား လူတောင်လွတ်အောင် ပြေးရသည်အထိ ပြင်းလှသည့် မီးဖြစ်သည်။လှိုင်မှာ မီးခဏခဏလောင်တတ်သဖြင့် ထိုကာလက မီးသတ်သမားတိုင်း ‘မီး’ ဆိုသည်နှင့် လှိုင်ဘက်ကို ကားခေါင်း ဦးတည်ပြီးမှ နောက်ဘယ်လဲဆိုတာ မေးရသည်အထိအောင်ပင်ဖြစ်သည်။
   ပူပြင်းသော နွေရာသီက ရန်ကုန်မှာနေသူတွေ ရှာသမျှကို အကုန်မီးဖြင့် ပြန်ယူနေသလိုဖြစ်သည်။ထို့ ကြောင့် လူကြီးတွေက မီးဓာတ် အပူအားပျော့အောင် နေရာအတော်များများတွင် အပင်ကြီးတွေ စိုက်သည်။သို့သော် ရွှေဉာဏ်ရှင်များက ဘာမလွတ် ညာမလွတ်လို့ အပင်ကြီးတွေလှဲပြီး ခုတ်ကြသဖြင့် တစ်နှစ် တစ်နှစ် မီးလောင်တာက ပိုများလာသည်။
   ကျနော်တို့ ငယ်စဉ်က နွေရာသီဆို ရထားလမ်းတစ်လျှောက် ကုက္ကိုပင်တွေ မန်ကျဉ်းပင်တွေ အရိပ်ခပ်ကြီးကြီးရှိရာတွင် ကွပ်ပျစ်ချပြီး နေ့လယ်ဘက် လူကြီးကလေးတွေ နေကြသည်။အရိပ်ကောင်းများအောက် သီဟိုဋ္ဌ်စေ့လှော်သူကလှော်၊ ကုက္ကိုလ်စေ့လှော်သူကလှော်။လူငယ်တွေက ဇယ်ခုံ၀ိုင်း၊ အန်စာ၀ိုင်းများဖြင့်။ကလေးတွေက အပင်အောက် ဒန်းများလုပ်ကာ စီးကြသလို ကစားသူက ကစားကြနှင့်။အေးအးလူလူ ကုလားထိုင်တစ်လုံး လာချပြီး ထိုင်နေသည့်လူများလည်းရှိသည်။
   တိုက်တာတွေ ကန်ထရိုက်တိုက်တွေ ဆောက်လာကြသည့် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်နောက်ပိုင်းတွင် ရပ်ကွက်တွေ မီးအကြီးအကျယ်လောင်တာမျိုး နည်းသွားသည်။သို့သော် အထင်ကရစျေးတွေ မကြာခဏ လောင်လာသည်။လူတွေက ရှို့မီးဟု ယူဆသည့်‌ ထိုမီးတွေမှာလည်း နွေရာသီမျိုးတွင်သာ လောင်လေ့ရှိသည်ကို ထူးထူးခြားခြား တွေ့မြင်ရသည်။
   ရပ်ကွက်မီးတွေထဲ နောက်ဆုံးအကြီးအကျယ်လောင်တာ လှိုင် ဘာတာမီးဖြစ်မည်။ထို့နောက်တွင်တော့ ရပ်ကွက်တစ်ခုလုံးလောင်သည့်မီးမျိုး ရန်ကုန်မှာ သိပ်မတွေ့ရတော့။
   မီးလောင်တိုင်း ရှာသမျှ အကုန်ပါသွားသဖြင့် လောင်သည့်မီးထဲ အိမ်ပါသွားသူတိုင်း စိတ်ထိခိုက် ကြေကွဲရသလို ဘ၀ပျက်သွားကြရသည်က များသည်။
   မီးဆိုသည်က လောင်စရာရှိတာကုန်မှ မီးငြိမ်းလေ့ရှိရာ မီးငြိမ်းပြီဆိုသည်နှင့် အားလုံးကုန်ပြီ ဘ၀ပျက်ပြီဆိုသည့် သဘောပင်ဖြစ်သည်။
   မီးအမျိုးမျိုးဖြင့် အောက်ခြေလူတန်းစားကို ဒုက္ခပေးလေ့ရှိသည့် နွေရာသီသည်ကိုရောက်တိုင်း တော်ပါသေးရဲ့ဟူသော သက်ပြင်းကို နှစ်တိုင်း ကျနော်ချလေ့ရှိသည်။ဒီနှစ်တွေကတော့ ကျနော်သက်ပြင်းလည်းမချနိုင်။
   အမျိုးမျိုးသော မီးသည် နိုင်ငံအနှံ့ လောင်နေသည် မဟုတ်ပါလား။
   မောင်ဦးလွင်