【 ဆောင်းပါး 】 မိုးဦးလေဦး

【 ဆောင်းပါး 】 မိုးဦးလေဦး

မုန်တိုင်းက ဒီရက်ပိုင်း မြန်မာနိုင်ငံကိုဝင်မည်ဟု သတင်းများတွင် တွေ့ရသည်။

အစောပိုင်းရက်များက ပူထားသဖြင့် လူတိုင်း မိုးကိုမျှော်နေသည့်အချိန် မုန်တိုင်းသတင်းကြားတော့ စိတ်မှာ အေးသလိုဖြစ်သွားသည်။

နာဂစ်တုန်းက မုန်တိုင်းကို အလူးအလဲခံရသည့်ထဲပါခဲ့သည့် ရန်ကုန်မှာနေသူ ကျနော်တို့အဖို့ ပြင်းထန်လှသည့် နွေရာသီအပူကြောင့် လာမည့် မုန်တိုင်းကို မကြောက်နိုင်လောက်အောင် မိုးကိုမျှော်ခဲ့သည်။ယခုနွေရာသီအပူမှာ စံချိန်တင် ပြင်ပအပူ၊ စိတ်အပူနှင့် ဝန်ဆောင်မှုအပူများအပြင် တခြားသူများကြောင့်ဖြစ်ရသည့် အပူများပါ ပေါင်းထည့်သဖြင့် ဘဝတစ်လျှောက် နွေအပူထဲ ပိုသည့် အပူလို့ပဲ ပြောရမည်ဖြစ်သည်။

ပုံမှန်အတိုင်းဆို ဧပြီလကုန်ပိုင်း စတုတ္ထအပတ်တွင် မုတ်သုန်အငွေ့အသက်က စရနေပြီဖြစ်သည်။ဒီကာလမတိုင်ခင်မှာ သင်္ကြန်လက်ဆေးမိုးရွာ၊ နောက် ပိတောက်တွေပွင့်၊ နောက် သင်္ကြန်အကျော်မှာ လေပြင်းလေး တစ်ချက်နှစ်ချက်တိုက်။ဒီလိုနှင့် အပင်တွေမှာ အသီးလေးတွေကြွေ။ဒီလိုမျိုးက ဖြစ်စဉ်ဖြစ်မြဲ။အခုအချိန်ဆိုတာမျိုးက ကျောင်းဖွင့်ဖို့ ပြင်ဆင်ကြ။ဒီလိုအချိန်ကာလဖြစ်သဖြင့် အားလုံးလှုပ်လှုပ်ခတ်ခတ်ဖြင့် အရောင်းအဝယ်တွေလည်းကောင်းသလို လူတွေလည်း မဖြစ်မနေ ငွေသုံးကြရသည့် ကာလမျိုးပင်ဖြစ်သည်။

ငယ်စဉ်ကတော့ ဒီလိုအချိန်ဆို အိမ်တွေ ဓနိအသစ် မိုးကြသည်။ကျနော်တို့ ငယ်စဉ်က အိမ်တွေအများစုမှာ ဓနိမိုး၊ ထရံကာတွေက များသည်။ဓနိဆိုတာက မိုးတစ်ပေါက်နှစ်ပေါက်ကျသည်နှင့် စျေးတက်ဖို့ပြင်နေသည့် ရာသီကုန်ဖြစ်သည်။ဓနိဆိုလို့ ဝယ်ရသည့်စျေးက မသက်သာ။တစ်ရာကို ဘယ်လောက်ဆိုတာမျိုး။အိမ်တစ်အိမ်ဆို ဓနိအနည်းဆုံး ငါးရာတစ်ထောင်။တဲတစ်လုံးပင် တစ်ရာလောက်ဆိုတော့ ဓနိကုန်သည်တွေ ပျော်နိုင်သည့်အချိန်။မိသားစုတွေမှာ ဒီလိုဝယ်ရသဖြင့် နှစ်တိုင်း အိမ်မမိုးနိုင်။တစ်နှစ်ခြား တစ်ခါမိုးရသည်။မမိုးနိုင်သည့်နှစ်ဆို အဟောင်းတွေကြား အသစ်ညှပ်ကာမိုးရသည်။ထို့ကြောင့် မိုးရွာပြီဆို မိသားစုတွေမှာ အိမ်မိုးဖို့ပူရ၊ ကျောင်းထားဖို့ပူရနှင့်။မိုးဦးလေဦးဆို ပြောရလျှင် အပူများရသည့်ကာလဖြစ်လေသည်။

ယခုလည်း ထို့ထက် ပိုပူသည်။ကြုံနေရကြ အပူတွေအပြင် တခြားသောအပူတွေကလည်း ဖိစီးထားသည်။သဘာဝကဖြစ်သည့်အပူ၊လူကလုပ်သည်အပူနှင့်။အပူတွေ ဒင်းကြမ်းပြည့်။ဒီလိုအချိန်မှာ သဘာဝအပူကို လျော့စေမည့် မုန်တိုင်းသတင်းကြားသည့်အခါ မုန်တိုင်း၏ အန္တရာယ်ကို သတိမမူမိလောက်အောင် မုန်တိုင်းနှင့်အတူပါလာမည့် မိုးကိုမျှော်ကြလေရာ  စာတွေ ပုံပမာတွေ ကြားရဖူးသည့် ဓားသွားထက်က ပျားရည်ကို မက်မက်မောမောဖြစ်မိသည့် လူတွေအဖြစ်မျိုး ကျနော်တို့ ရောက်မှန်းမသိ ရောက်နေပါလားဟုသာ တွေးမိသည်။

ငယ်စဉ်ကတော့ ဒီလိုမိုးဦးလေဦးကာလဆို ပျော်ရသည်။အပူကိုလွန်ကာစ မိုးရွာဖို့ပျိုးသည့် သည်လိုအချိန်ကာလဆို လေပြင်းများတိုက်သဖြင့် သရက်၊ပိန္ဒဲစသည့် အပင်တွေ အသီးတွေကြွေသည်။ကနစိုလို အပင်တွေဆို ပင်စည်မှာကပ်သဖြင့် မကြွေသော်လည်း မိုးနံ့ရသည်နှင့် အချိုဓာတ်ကဝင်သည်။အုန်းပင်တွေကလည်း ညဘက်လေပြင်းတိုက်ပါက ကြွေသည်။ထို့ကြောင့် ဒီကာလဆို ညဘက်လေပြင်းတိုက်ပါက မနက်ဆို လမ်းပေါ်မှာ သရက်သီးတွေ အဖွေးသားကြွေနေသည်ကို မြင်ရသလို တချို့ကလည်း ခုတ်ကြသဖြင့် သီးနှံလှိုင်လှိုင်စားရသည့် ကာလဖြစ်သည်။

ဒူးရင်းခြံများရှိရာဘက်ဆို ညဘက် လေပြင်းကျပါက ဒူးရင်းကြွေတတ်သဖြင့် ခြံထဲ လူဝင်မခံသဖြင့် မနက်အစောပိုင်း ခိုးဝင်ရသည်မှာ ပျော်စရာ။ဒူးရင်း ပိန္ဒဲ၊ ငှက်ပျော၊ သရက်၊ ကနစို စသည်တို့က ယခုရာသီဆို ကျနော်နေခဲ့ရာ အရပ်မှာ အလျှံပယ်။ဘုန်းကြီးကျောင်းတွေမှာဆို ဒီလိုအချိန် မနက်အချိုပွဲတွေမှာ အသီးအနှံ ရနံ့တွေ၏ ချိုအီမွှေးမှုတွေနှင့်။  

စဉ်းစားကြည့်တော့ အရာရာမှာ ပြန်လွမ်းစရာ။ယခုအချိန်တွင် ငယ်တုန်းကရှိခဲ့သည့် ဒေသတွေအကုန် ပြောင်းလဲသွားပြီဖြစ်သလို အပင်တွေလည်း သေသည့် အပင်တွေကသေ၊ ခုတ်လှဲခံရသည့် အပင်တွေလည်း ခုတ်လှဲခံရသည်နှင့်။မိုးဦးလေဦးလို့ခေါ်သည့် မုတ်သုံဝင်သည့်ကာလပင် ယခင်လိုမဟုတ်တော့။ယခင်ကထက် နောက်ကျလာပြီဖြစ်သည်။

ဥတုရာသီ တောကိုမှီ၏ဆိုသည့် ဆောင်ပုဒ်ကို နေရာအတော်များများတွင် တွေ့ရသည်။ဒီဆောင်ပုဒ်က ကျနော်တို့ ငယ်စဉ်ကတည်းက ထားခဲ့သည့် ဆောင်ပုဒ်ဖြစ်သည်။သို့သော် ငယ်စဉ်ကထက် သစ်တောသစ်ပင် ပိုပြီးရှားပါးလာသည့်အခါ ရာသီဥတုလည်းရှိနေသည့် အနေအထားကို ထိန်းသိမ်းရန် မှီစရာတောလည်းမရှိ၊ တောင်လည်းမရှိဖြင့် မိုးရရန် မုန်တိုင်းကိုမှီရသည့်အဖြစ်ကို ရောက်ရတော့သည်။တွေးကြည့်မိလျှင် စိတ်ပျက်စရာ။

မကြာသေးမီက လူမှုကွန်ရက်တွင် သစ်ပင်စိုက်ကြဖို့ ပြန်လည်ဆော်ဩလာသည်ကို တွေ့ရသည်။ရည်ရွယ်ချက်ကောင်းဖြစ်သော်လည်း အပူပိုင်းဇုန်ဖြစ်သည့် အထက်အညာဒေသတွင် မီးတွေ တခြိမ်းခြိမ်းလောင်နေရာ ထိုမီးတွေထဲပါသွားသည့် အပင်တွေ၊ ပြန်လည်တည်ဆောက်ရေးအတွက် သစ်တွေလိုဦးမည်ဖြစ်ရာ တွေးကြည့်လိုက်လျှင် ရင်လေးစရာ။ပြောရလျှင် ဒီလိုခေတ်ကာလဆိုတာက သစ်ပင်မှာလည်းသောက လူမှာလည်းသောကဟု ဆိုရမလိုပင်။သေချာသည်က ကျနော်တို့ ငယ်ဘဝကလို မိုးဦးလေဦးကာလမှာ မိုးထဲရေထဲ ဆော့ကစားဖို့ဆိုတာ ဒီခေတ်မှာ ကလေးတွေအတွက် မလွယ်တော့ခြင်းဖြစ်သည်။ထို့အတူ လူကြီးတွေအတွက်လည်း မလွယ်။

မိုးရွာဖို့ အတော်လေးကိုမျှော်ရသည်ဆိုသည်မှာ အထက်အညာက လူတွေဟုသာ အစဉ်အဆက်ကြားဖူးခဲ့သည်။ယခု ပင်လယ်နှင့်နီးပြီး မြစ်ချောင်းပေါများသည့် ဒေသတွင်နေသူများပင် မိုးကိုမျှော်ရရာ နောက်လာမည့် မိုးဦးလေဦးဆိုသည်မှာ ကျောင်းဖွင့်ချိန်ကာလကိုကျော်ကာ မိုးလယ်ကာလလို့ခေါ်သည့် ဇူလိုင်၊ ဩဂုတ်ထိများ ရောက်မလားလို့ ကျနော်တွေးမိသည်။မိုးကာလဆိုသည်မှာ အပူလျော့သည့်ကာလဖြစ်သည်။သို့သော် ပြင်ပအပူသာလျော့ခြင်းဖြစ်ပြီး လူလုပ်ဒုက္ခတွေကြောင့် အတွင်းပူက မလျော့။

ယခု မိုးကာလကတော့ မုန်တိုင်းဘေး၊ အပူဘေး၊ စားရေးနေရေးနှင့် ရန်သူမျိုးငါးပါဘေးကြောင့် ဘာအပူမှလျော့မည် မထင်တော့။

မိုးဦးလေဦးနှင့်အတူ ကပ်ဘေးတွေ သောကအပူတွေ လျော့ပါစေဟုသာ …။

ဖြိုးဝေလှ