【 ဆောင်းပါး 】 ပြုတ်ထွက်သွားသော ရထားတွဲများ

【 ဆောင်းပါး 】 ပြုတ်ထွက်သွားသော ရထားတွဲများ

ရထားတစ်စီးကို သင်္ကေတသဘောဖြင့် မိသားစုတစ်စု တစ်ခါတစ်လေ ဘ၀သံသရာသဘောဖြင့် ဖော်ပြလေ့ရှိကြသည်။အများအားဖြင့်တော့ မိသားစုတစ်စုအဖြစ် ပုံဖော်ကြသည်ကို ကျွန်တော်နှစ်သက်သည်။မိသားစု၏ ဦးစီးဦးဆောင်ဖြစ်သည့် မိဘများ အဖိုးအဖွားများကို ရထားတစ်စင်း၏ခေါင်းတွဲအဖြစ် မြတ်မြတ်နိုးနိုး အရှေ့တိုင်းမှာ နေရာပေးကြသည်။လူ့အဖွဲ့အစည်းတွင်လည်း ရထားခေါင်းတွဲက ဦးစီးဦးဆောင်သူနေရာ။ရထားတစ်စင်း လိုရာရောက်ဖို့ဆိုလျှင် ခေါင်းတွဲက အရေးပါသည့်နေရာမှာ အရှိဆုံးဖြစ်ပြီး ဘေးအန္တရာယ်နှင့်ကြုံသည့်အခါ ခေါင်းတွဲက အရင်ထိလေ့ရှိသဖြင့် ခေါင်းဆောင်မှု၏ သရုပ်သကန်ကို အဖော်ကျူးဆုံးမှာ ရထားစက်ခေါင်းက အပြီးပြည့်စုံဆုံး ဖော်ပြမှုပင်ဖြစ်လေသည်။ဒီထက်ပိုပြီးပီပြင်သော ဖော်ပြမှုကို ကျွန်တော်မတွေ့။

ထိုရထားသွားနေသည်မှာ စက်ခေါင်းက ဆွဲငင်မောင်းနေလို့လား နောက်တွဲတွေကတွန်းနေလို့ သွားနေသည်လားဆိုတာ တကူးတကစဉ်းစားလေ့သည်တော့မရှိ။

သို့သော် …..။

(၁)

လမ်းထဲတွင် ကိုဝင်းခိုင်ဆိုလျှင် မသိသူမရှိ။လမ်းထဲ အသုဘမှနေ၍ ရုံးပြင်ကန္ဒားအထိ ဘယ်သွားစရာရှိရှိ သူရှိလျှင်ပြီးသည်။သူ့လောက်နှံ့စပ်သူမရှိ။ဒီလိုဆိုလျှင် ကိုဝင်းခိုင်ဆိုသူကို လူရည်လည်သူဟု ထင်စရာရှိမည်။တ ကယ်က ကိုဝင်းခိုင်ဆိုသူမှာ ထင်သလောက်လူရည်လည်သူမဟုတ်။အတန်းပညာ ၈ တန်းလောက်သာတတ်ပြီး ဆိုက်ကားနင်းရသူဖြစ်သည်။ဟိုကခိုင်း ဒီကခိုင်း ဟိုကငေါက် ဒီကငေါက်လျှင် ခံတတ်သူဖြစ်သည်။အရက်ကို တစ်နေ့လုံး စွတ်ကယ် စွတ်ကယ် သောက်တတ်သူဖြစ်ပြီး ဆိုက်ကားလည်း ဟုတ်တိပတ်တိမနင်းနိုင်သူဖြစ်သဖြင့် လမ်းထဲမှာ ဟိုအိမ်က “မောင်ဝင်းခိုင်ရေ မီတာလေးဆောင်ပေးပါဦး” ၊ “ရေခွန်နောက်ကျနေလို့ လုပ်ပါဦး” ၊ “ရပ်ကွက်ရုံးမှာ ထောက်ခံစာလေး လမ်းကြုံဝင်လုပ်ပေးပါဦး” စသည့် ခိုင်းတာလေးဖြင့် သူ့ဘာသာအနေချောင်အောင် ကြံဖန်နေသည့်သူဖြစ်သည်။နောက်တော့ ဆိုက်ကားကိုဗန်းပြပြီး တစ်လမ်းလုံးက လိုသမျှကို ခရီးသွားဟန်လွဲလုပ်ပေးရင်း မုန့်ဖိုးပဲဖိုး ပေးသမျှယူနှင့်နောက်တော့ လမ်းထဲတွင် လိုသမျှဝန်ဆောင်ပေးသူအဖြစ် ရပ်တည်လာခဲ့သူဖြစ်သည်။

ဘယ်အိမ် ဘယ်နေ့မီတာဆောင်ရမည်ကနေ ဝါမဝင်ခင် ဦးရှင်ကြီးတင်ရမည်အထိ တစ်လမ်းလုံးကိစ္စမှန်သမျှသည် ဝင်းခိုင်ကိစ္စဖြစ်လာသကဲ့သို့ ဒီလမ်းရှိသရွေ့ ဝင်းခိုင်အတွက်မငတ်ဟု ဆိုရမလိုပင်။လမ်းကလည်း “ဘာပဲလိုလို ဝင်းခိုင်ရှိတယ်” ဆိုတာ ဖြစ်လာခဲ့သည်။ဗမာထုံးစံကလည်း ကိုယ်မလုပ်ရလျှင် ဘယ်လောက်ပဲပေးရပေးရဆိုတော့ ဝင်းခိုင်အတွက် ဒီအလုပ်က အနေအစားချောင်သည်ဟု ဆိုရမလိုပင်။

လမ်းနှင့် လူ၊ လူနှင့် လမ်း သဟဇာတဖြစ်မှုမှာ တခြားသူအတွက်တော့မသိသော်လည်းဝင်းခိုင်အတွက်တော့ တခြားသွားပြီး သူ့မိသားစုအတွက် စီးပွားရှာစရာမလို၊ ဆိုက်ကားလေး လမ်းထဲထိုးထား၊ မနက်မိုးလင်းတာနှင့် လမ်းထဲကကိစ္စကိုလုပ်ပေး၊ လုပ်ပေးစရာမရှိသေးလျှင်တောင် “ကျွန်တော်လမ်းထိပ်တက်မလို့၊ ဘာခိုင်းဦးမလဲ” ဟု အော်လိုက်ရုံသာ။ဟိုက ဒီဟာလေးဝယ်လာပေးပါဦး ဒီဟာလေးဝယ်လာပေးပါဦးနှင့်။အူစိုသည်။

လမ်းထဲတွင် ဝင်းခိုင်အခြေအနေကား လမ်းခိုင်းဖတ်ဖြစ်နေသော်လည်း သူ့မိန်းမ နွယ်နီအနေဖြင့်မူ ဒီလိုမမြင်။သူ့ယောင်္ကျားက ဘယ်လိုပြောထားလည်းမသိ။လမ်းထဲ သူ့ယောင်္ကျားက မရှိမဖြစ် ဖြစ်နေတာကို ဂုဏ်ယူသည့်ပုံရှိသည်။သူ့သားသမီးကလည်း သူ့ဖအေက ဒီလမ်းမှာ အရေးပါသည့်လူအဖြစ် မြင်နေပုံရသည်။ဘာပဲဖြစ်ဖြစ် ဒီလိုမြင်တာလဲကောင်းသည်။ဘယ်သူမှနစ်နာသည်မှ မဟုတ်ပဲ။

(၂)

တရုတ်မှာဖြစ်သည့် ကိုဗစ်က လေးငါးလကြာတော့ လမ်းထဲရောက်လာသည်။ကိုဗစ်ဖြစ်သည့်အခါ လူအတော်များများ စားဝတ်နေရေးအတွက် ကြောင့်ကြရသော်လည်း ကိုဝင်းခိုင်အတွက်မူ ကိုဗစ်ကြောင့် ပိုပြီးတွက်ခြေကိုက်လေသည်။လူတွေက အပြင်ထွက်ဖို့ကြောက်လေလေ အပြင်မှာပျော်နေတတ်သည့် ဒီလူအတွက် ပိုပြီးအပြင်ထွက်နေရဖို့ ဖြစ်လာခဲ့သည်။ညရေးညတာ ဆေးရုံလိုက်ပို့ရသည်မှ လမ်းထဲဆေးဖြန်းတာတွေ၊ ပိုးထိသည့်အိမ်တွေကို စားစရာပို့ခိုင်းတာတွေအထိ။ဒီလူမှာ ဘာရောဂါမှ မတို့မထိနိုင်သဖွယ်။ဘယ်အချိန်ကြည့်ကြည့် ကွမ်းလေးတမြုံမြုံနှင့်။ညဘက်ဆို အရည်လေးတစွက်စွက်နှင့်။သူ့မိသားစုမှာလည်း ကိုဝင်းခိုင်နည်းတူ နာဖျားခဲလှသည်။

ကိုဗစ် ပထမလှိုင်းမှာလည်း သူတို့မိသားစု၏ စီးပွားရေးနှင့် ကျန်းမာရေးက ပန်းပန်ခဲ့သည်။လူတွေကြောက်လေ သူတို့ပိုစားသာလေဟု မစာမနာဆိုရလေမလား။ကျွန်တော်ကတော့ သူ့မိန်းမနှင့် သူ့ကလေးငယ်နှစ်ယောက်အတွက် ပူလှသည်။ကလေးတွေကရှိလှ ၈ နှစ်လောက်တစ်ယောက် သုံးလေးနှစ်လောက်တစ်ယောက်။သူ့မိန်းမက ရရစားစားသမား။အပူအပင်လည်း သိပ်ထားတတ်ဟန်မတူ။သူ့လင်ရှိသမျှ ငွေရှိသည်ဟု ထင်လေထားလားမသိ။လင်ဖြစ်သူဘယ်လောက်ရရ သူ့မိန်းမ နွယ်နီ ကို ကြည့်လိုက်လျှင် ဘယ်ကရမှန်းမသိသည့် စပန့်အစင်းကြီးနှင့် ပါးစပ်က အမြဲတလှုပ်လှုပ်၊ မုန့်တစ်ခုမဟုတ်တစ်ခု စားနေလျှက်။ကလေးတွေလည်း မုန့်စားမပြတ်။ 

ဘ၀ကို ရထားသံလမ်းပမာနှိုင်းလျှင် ကိုဝင်းခိုင်ကား ထိုသံလမ်းအတိုင်း မကြောက်မလန့် တိုးဝင်ပြေးနေသည် ခေါင်းတွဲပမာဖြစ်ပြီး မနွယ်နီမှာ ခေါင်းတွဲမောင်းနှင်သည့်နောက် မကြောက်မရွံ့ နောက်နေလိုက်ပါသည့် ရထားတွဲပမာဖြစ်သည်။ တစ်ခါတစ်လေ မီးရထားစက်ခေါင်းမှထွက်လာသည့် မီးခိုးငွေ့လို မပြေမလည် အခြေ အတင်ဖြစ်သည့်အခါလည်းရှိသည်။ဒီလိုတစ်ယောက်နှင့် တစ်ယောက် မပြေလည်သည့်အခါ “ဦးဝင်းခိုင်” ဆိုသည့် အော်သံနှင့် “ညီမနော်” ဆိုသည့် အသံကျယ်ကျယ် အော် သံသာကြားရမည်။နောက်တော့ ဟဲ..ဟဲ..ဟဲဟဲနှင့် ကိုဝင်း ခိုင်အသံ၊ မသာကြီးနော်ဆိုသည့် မနွယ်နီအသံကို ကြားရတော့မည်ဖြစ်သည်။ဤသည်ကား သူတို့မိသားစုမှ အများဆုံးထွက်လာတတ်သည့် မီးခိုးငွေ့တွေဘဲ ဖြစ်သည်။

ကိုဗစ်ပထမလှိုင်းကို ထိုရထားဖြင့် မနွယ်နီတို့မိသားစု အိန္ဒြေရရဖြတ်ကျော်ခဲ့သလို ဒုတိယလှိုင်းတွင်လည်း အမေစုပေးသည့် နှစ်သောင်း၊ လေးသောင်းသော ထောက်ပံ့ကြေးတွေ လမ်းထဲကထောက်ပံ့၊ ဝန်ဆောင်ခပေးမှုတွေနှင့် ကိုဗစ်ကြောင့်ဖြစ်သော ကမ္ဘာ့စီးပွားရေးကြပ်တည်းမှုက ကိုဝင်းခိုင်မိသားစုနှင့် “နင်နေ ငါသွား” ဆိုသလို တသီးတခြား။

ကိုဗစ်နှင့်ပတ်သက်ပြီး ကိုဝင်းခိုင်၏ လက်သုံးစကားက “ကိုဗစ်ဗိုင်းရပ်စ်က ကျွန်တော်တို့လို အရက်သမားတွေကို ကြောက်တယ်ဗျ” ဟူသတဲ့ ..။

(၃)

မနာလိုစိတ်ကိုအခြေခံပြီး ရုတ်တရက်ကျရောက်လာသည့် ယုတ်မာသည့် မတရားနေ့ရက်များအောက်တွင် ကျွန်တော်တို့၏နေ့ရက်များမှာ နာကြည်းခံခက်သည့် ဗရုတ်ဗရက်ကာလများကာလများဖြင့် ပြည့်နေခဲ့ရ သည်။နေ့စဉ်နေ့တိုင်း အံတင်းတင်းကြိတ်မှုများ၊ မိမိကိုယ်ကို မိမိနာကြည်းဖွယ်ကောင်းလောက်အောင်ပင် ချစ်ရသူများကို စွန့်ပစ်လိုက်ရသည့် ကုန်ခဲလှသည့်အချိန်ကာလကို ကျော်ဖြတ်နေရင်းပင် ကိုဗစ်၏ မပြီးနိုင်မစီးနိုင်သည့် တတိယလှိုင်းကို ကျွန်တော်တို့ထပ်ဖြတ်ရလေသည်။အရာရာသည် လေပွေဝင်တိုက်ခံရသလို စနစ်တကျတည်ဆောက်ခဲ့သည့် အခြေအနေများစွာ၊ဘ၀များစွာ ပြိုပျက်ကျကုန်သည်။မလဲပြိုနိုင်ဟုထင်သည့်အရာမှန်သမျှ တခဏအတွင်း ဟောခနဲ။အရာရာကား မနေ့ကနှင့်မတူ။ဖျပ်ခနဲ ဖျပ်ခနဲ။အတည်တကျမဖြစ်နိုင်သော အရာတွေလို တောရိုင်းဝါဒီတိရိစ္ဆာန်တွေ၏အောက် ချေမွခံလိုက်ရသောဘ၀တွေမှာ နာကြည်းခံခက်စွာ။မနက်ဖြန်များစွာကိုမျှော်ရင်း ယနေ့မှာ သေဆုံးရသည့်အရာတွေက မရေမတွက်နိုင်လောက်အောင်ပင်။ရှင်လျှက်နှင့် သေနေရသည့် ဘ၀တွေကို ယခုတွေ့နေရလေပြီ။

ဒီကာလမှာ လမ်းထဲက တချို့တွေထွက်သွားလျှက် ပြန်မလာနိုင်သူ‌တွေလည်းရှိခဲ့သည်။တချို့ကား လူမစုံတော့။ကိုဗစ်တတိယလှိုင်းကား အရှိန်အဟုန်ဖြင့်ဝင်လာချိန်တွင် ယခင်ကလို ရှေ့က မားမားမတ်မတ်ရပ်ပေးသူတွေ ပျောက်ကွယ်ခဲ့ပြီ။ဒီအနေအထားမှာ ကိုဝင်းခိုင်လိုလူတွေ၏ အခန်းကဏ္ဍမှာ ပိုပြီးကြီးမားလာသည်။ကိုဗစ် ပထမလှိုင်း ဒုတိယလှိုင်းများတွင် ပိုးထိသူမှာ လမ်းတိုင်းလမ်းတိုင်းအနေအထားမှ တတိယလှိုင်းတွင် အိမ်တိုင်း အိမ်တိုင်းဖြစ်လာခဲ့သည်။

ရက်စက်မှုနှင့် ကြောက်ရွံ့မှုက အိမ်တိုင်း၏ တံခါး၀ပေါက်သို့ ရောက်လာသည့်အခါ လူတိုင်းက တစ် ယောက်ချင်း တစ်မိသားစုချင်း မရင်ဆိုင်နိုင်တော့။ယုတ်မာသူတို့ စနစ်တကျဖြိုလှဲချခဲ့သည့် ပြိုလဲကုန်သော အရာတွေကြောင့် အရာရာက အရင်ကလိုမပြည့်စုံတော့။လိုအပ်ချက်က ကြီးကြီးမားမား။တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ထားရင်းမှ တစ်ယောက်ပြီး တစ်ယောက် လွင့်ကြွေရတာတွေ တဖြုတ်ဖြုတ်။ခေတ်ကား လူတစ်ယောက်၏ ရက်ရက်စက်စက်ချနင်းခံရသည့် ကြွေရုပ်တစ်ခုလို တစ်စစီကြေမွမှုန်ထလျှက် ..။

အိမ်တိုင်းသို့ သံမဏိဆလင်ဒါရှည်ရှည်မြောမြော အိမ်ထဲ ဝင်သွားသည့်အခါတိုင်း ကိုဝင်းခိုင် ကို တွေ့ရသကဲ့သို့ အိမ်ထဲမှ သက်မဲ့ရုပ်အလောင်းများထွက်လာရသည့်အခါတိုင်းလည်း  ကိုဝင်းခိုင် ကို ထိုကားဘေး၊ တခါတရံ ထိုကားပေါ်။တခါတရံတွင် လမ်းထဲတွင် ကိုဝင်းခိုင် ကို ဖုန်းခေါ်သံများဖြင့်။သူ့မိန်းမပြောခဲ့သည့် ငါ့လင်ကမရှိမ ဖြစ်ဆိုသည်မှာ ဖြစ်လာခဲ့လေသည်။သို့သော် ဒီအခြေအနေမှာ မနွယ်နီလည်း ပျော်နိုင်မည်မထင်တော့။

လမ်းထဲရပ်ထဲအခြေအနေကား အိမ်တွေထဲမှ တစ်လောင်းပြီး တစ်လောင်း ဆွဲထုတ်ရသည့် အခြေအနေသို့ နီးကပ်လာလေ လမ်းထဲခြောက်ကပ်ကာ လူသူကင်းမဲ့နေလျှက်။လမ်းထဲ တစ်ဦးတည်းသော ဟိုဟိုဒီဒီသွားနေသူမှာ ကိုဝင်းခိုင်မှတပါး ဘယ်သူမှမရှိ။နောက်လူမမာ၏ မိသားစုဝင်အချို့။ကိုဝင်းခိုင် ကို ဆေးခန်းမှသည် အောက်ဆီဂျင်ရှာသည့်အထိ၊ နောက်တော့ သေသူအိမ်မှသည် သုဿာန်အထိသာ။

ကိုဝင်းခိုင်တစ်ယောက် သူ့အိမ်ကိုပြန်မှပြန်ရပါလေစ၊ သူ့မိသားစုကျန်းမာရေး ဘယ်လိုဆိုတာ ဘယ်သူမှမတွေးမိအောင်ပင်။လူတိုင်းက ကိုယ့်အပူသာ အပူဖြစ်နေကြချိန်။တစ်ခုသော မနက်ခင်းတွင် ကိုဝင်းခိုင် ညကဆုံးပြီဟု ကြားရလေသည်။လမ်းထဲ မနက်တစ်ပိုင်းသာ သူသေသည့်အကြောင်း။နောက်တော့ ဒီလောက်ပိုးထိတဲ့သူတွေနဲ့တွေ့နေတာ မဖြစ်ဘဲနေမလားဟု ကရုဏာလား အပြစ်တင်သံလား မကွဲသည့် မှတ်ချက်အသံတွေ။

(၄)

ကြည့်မြင်တိုင် မီးရထားဝန်းထဲဖြတ်သည့်အခါတိုင်း တံတားပေါ်ကနေ အောက်ကိုကြည့်သည့်အခါ တခါတရံ ရပ်ထားတာ ကာလကြာမြင့်နေသည့် တွဲအချို့ကိုမြင်တွေ့ရသည်။တချို့တွဲများဆို သစ်နွယ်များကပ်ပေါက်ကာ အမိုးပေါ်ထိ သစ်နွယ်များကပ်နေလျှက်။ဘယ်တော့မှ ရထားလမ်းပေါ် ပြန်ပြေးမဆွဲတော့မည်အလား။

ထိုရထားတွဲများကိုမြင်သည့်အခါတိုင်း ကိုဗစ်ကြောင့် ပြုတ်ထွက်ကုန်သည့် မိသားစုတွေအကြောင်း တွေး မိသည်။တွေးမိတိုင်း ကိုဝင်းခိုင်အကြောင်းက ရှေ့ဆုံးက။သူ့မိသားစုတွေ ခေါင်းတွဲမရှိတော့လို့ တခြားခေါင်းနဲ့ ဆက်တွဲလိုက်နေရပြီလား၊ ဒါမှမဟုတ် တွဲတွေ တစ်ခြားစီရောက်ကုန်ပြီလားဆိုတာ .....။

လင်းနိုင်ကျော်စိုး
ဇူလိုင် - ၂၉