【 ဆောင်းပါး 】 “ဘီလူးကျွန်းဗေဒ”

【 ဆောင်းပါး 】 “ဘီလူးကျွန်းဗေဒ”

ကျနော်တို့ ကျေးလက်တွေဆိုတာက မြို့ပေါ်လမ်းမဘေးတွေလောက်သာ ခြံစည်းရိုးရှိသည်။ကျန်မြို့ပေါ်အတွင်းပိုင်းနှင့် ရွာတွေက ခြံစည်းရိုးရှိကြသော်လည်း ခြံစည်းရိုးအခိုင်အမာရှိသည့်အိမ် မရှိသလောက်။ခြံစည်းရိုးဆိုတာ ရှိတယ်ဆိုရုံ လုံခြုံမှုလုံးဝမရှိသည့် အနေအထား။
 
ကျနော်တို့အိမ်ဆို ခြံစည်းရိုးနေရာတွင် ပုံနရိတ်ပန်းပင် စိုက်ထားလေ့ရှိသည်။ပုံနရိတ်ပန်းဆိုတာက ရိုးတံထူထူစိပ်စိပ်နှင့် လူတစ်ရပ်မကရှည်ပြီး ကတ်ကြီးအကြီးစားနဲ့ ညီညီညာညာဖြတ်ထားလျှင် ကြည့်ရလှသည့်အမျိုးအစား။သူ့အရွက်က ခပ်သေးသေး အစိမ်းဖျော့ဖျော့၊အပွင့်က အနီရောင်အဆုပ်လိုက်ပွင့်လေ့ရှိသည်။အပွင့်ကိုဘုရားပန်းသိပ်မတင်၊ အမျိုးသမီးတို့မပန်။ထို့ကြောင့် သူ့ရဲ့တကယ့်အသုံးဝင်မှုက ခြံစည်းရိုးစိုက်ရန်နှင့် ကလေးတို့ကို ရိုက်ရန်သာဖြစ်သည်။
 
ပုံနရိတ်ပင်က အရွက်ကိုသင်လိုက်လျှင် ရိုးတံက ဖြောင့်ဖြောင့်စင်းစင်း။ပုံနရိတ်လုံးပတ် ခပ်ကြီးကြီးနဲ့ ခပ်ပြင်းပြင်းရိုက်လျှင် အရှိုးရာပင်ထင်ပြီး ခပ်စပ်စပ်နဲ့ နာသဖြင့် ကလေးတွေ သိပ်ကြောက်ကြသည်။ကျနော် ငယ်ငယ်က အဘွား ပုံနရိတ်ကိုင်းချိုးပြီဆို ကြောက်မှကြောက်။
 
တချို့အိမ်တွေက ဆူးခပ်ကြီးကြီးပါသည့် ကြခတ်ပင် စိုက်ထားတတ်သည်။ကြခတ်က ဆူးကြီးပြီး ဆူးခပ်စိပ်စိပ်ပေါက်တာမို့ လူထက် ပိုအရေထူသောခွေးတို့ပင် မတိုးနိုင်။ကြခတ်ပင်က ကြည့်ရ သိပ်အဆင်မပြေသော်လည်း ခြံလုံသည်။သို့သော် မည်သူကမှ ခြံပတ်ပတ်လည် အပြည့်စိုက်ထားခြင်းမျိုး မတွေ့ခဲ့မိ။
 
ဘာကြောင့် ခြံစည်းရိုး လုံလုံခြုံခြုံမရှိသလဲဆိုတော့ တစ်ဦးနဲ့ တစ်ဦးကြား၊ တစ်အိမ်နဲ့ တစ်အိမ်ကြား အကာအရံအတားအဆီးပုံစံမျိုးမရှိ၊ ကျေးလက်၏ အဓိပ္ပါယ်တွင်လွတ်လပ်ပွင့်လင်းမှုအပြည့်ရှိခြင်းနှင့်ဆိုင်မည့်ပုံ။
 
နောက်ထပ်အကြောင်းတစ်ခုမှာ သူခိုးဓားပြကင်းခြင်းနှင့်လည်း ဆိုင်မည်ထင်၏။ကျနော်တို့ ဘီလူးကျွန်းမှာက သူခိုးလေးဘာလေးနည်းနည်းရှိမှာ သေချာသော်လည်း ကျနော်လူမှန်းသိတတ်စအရွယ်ကစလို့ ဓားပြတိုက်သည်ဟူ၍ မကြားမိ။ဘီလူးကျွန်း အစွန်အဖျား ရွာတွေကတော့ ဓားပြရှိနိုင်သော်လည်း သိပ်မများလောက်ဟုထင်၏။
 
ဒုတိယကမ္ဘာစစ်တုန်းကဆို ဘီလူးကျွန်းဆီ စစ်လာရှောင်သော အခြားအရပ်ဒေသများက မနည်းလှ။ကျနော့်အဘွားတို့အိမ်ကိုဆို ဟိုး တနင်္သာရီတိုင်း၊ မြိတ်မြို့က မိသားတစ်စု စစ်လာရှောင်ဖူးသည်ဟု ကြားခဲ့ဖူးသည်။မော်လမြိုင်က စစ်လာရှောင်သူဆို မနည်းလှ။
 
ဘာ့ကြောင့် ဘီလူးကျွန်းသည် အေးချမ်းသလဲဆိုတော့ ရေပတ်လည်ဝိုင်းနေသော ကျွန်းတစ်ကျွန်းဖြစ်ခြင်းကြောင့်ပင်။ဘီလူးကျွန်းနှင့် တိုက်ရိုက်အဆက်အဆံရှိသောမြို့မှာ မော်လမြိုင်တစ်မြို့တည်းသာရှိပြီး ရေ လမ်းခရီး ၁ နာရီဝန်းကျင် ကြာသည်။ပြီးတော့ အနောက်ဘက်တွင် ကပ္ပလီပင်လယ်မို့ စစ်ရေးအရ အရေးမပါ သောကျွန်းဖြစ်သည်။ဒါတောင်မှ ဘီလူးကျွန်းတွင် ဂျပန်စစ်တပ် နည်းနည်းရှိသလို မဟာမိတ်တို့ကြဲချသော ဗုံး ဒဏ်ကိုလည်း နည်းနည်းပါးပါး ခံစားခဲ့ရသေးသည်။ထားတော့။
 
ကျေးလက်၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ ခြံမလုံသလို ညအိပ်ချိန်ကလွဲလို့ အိမ်ရှေ့တံခါး မပိတ်ကြခြင်းဖြစ်သည်။နောက်ဖေးတံခါးကိုတော့ ခွေးတက်ပြီး မွှေနှောက်ခိုးစားမှာစိုးသဖြင့် ပိတ်ကောင်းပိတ်နိုင် သော်လည်း အိမ်ရှေ့တံခါးကိုတော့ လုံးဝမပိတ်။ရွာခွေးတွေကလည်း အိမ်ရှေ့တံခါးပေါက်ဖွင့်ထားလို့ တက်ရိုး ထုံးစံမရှိ။
 
အိမ်နီးနားချင်းတွေက အိမ်ကိုလာပြီဆို အိမ်ရှေ့ကနေလှမ်းခေါ်ပြီး အိမ်ထဲတန်းဝင်လာလေ့ရှိသည်။တချို့ဆို အသံပင်မပေး အိမ်နောက်ဖေးအထိ တိုးလျှိုးပေါက်ဝင်လာလေ့ရှိသည်။ထိုသို့ဝင်လာသဖြင့် မည်သူကမှ စိတ်မဆိုး အဲဒါက တောစတိုင်။
 
လက်လုပ်လက်စားအိမ်များက အိမ်ထဲတွင် အိပ်ခန်းပင်မရှိသော ဝါးထရံကာအိမ်များဖြစ်သည်။အတန်အသင့်အဆင်ပြေသူများက သစ်သားအိမ်ဆောက်ကြသည်။သက္ကရာဇ် ၂၀၀၀ ဒီဘက်ကျမှ သစ်ဈေး သိပ်ကြီးလာ သဖြင့် တိုက်အိမ်များလာခြင်းဖြစ်သည်။
 
သစ်သားအိမ်နည်းနည်းကြီးလျှင် အိပ်ခန်းတော့ တစ်ခန်းပါတတ်သည်။တချို့မိသားစုများလျှင် ဗီရိုတို့နှင့် ကာရံကာ တံခါးမပါသော အိပ်ခန်းများ လုပ်တတ်ကြသည်။အမှန်အကန်အိပ်ခန်းကျတော့လည်း တချို့အိပ်ခန်းဆို တံခါးပင်မရှိ၊ တံခါးရှိသည့်အိပ်ခန်းကျတော့လည်း တံခါးပိတ်လေ့မရှိ။အလွန်ဆုံးအဆင့် တံခါးစေ့သည် ဆိုရုံမျှ။ကျနော်ငယ်ငယ်က ကျနော့်အဘွားအိမ်ဆို ကျနော့်အဘွားအိပ်သည့်နေရာဆို အိမ်ရှေ့ဘက်ခြမ်းကို ဗီရိုများနဲ့ကာထားသည့် ၃ဘက်ပိတ် အိပ်ခန်း။ထိုအိပ်ခန်းအပြည့် ကုတင်တစ်လုံးထည့်ထားပြီး ကျန်မျက်နှာစာတစ်ဖက်မှာ အဖွင့်ဖြစ်သည်။ပြောရလျှင် ကုတင်ပေါ်အိပ်နေတာကို အိမ်ရှေ့ဘက်ခြမ်းက မမြင်လျှင်ပြီးရော ဗီရိုနှင့်ကာထားသည့်သဘော။ထိုအခန်းနှင့်ကပ်လျက် အခန်းကျတော့ အဘွား၏အစ်မ ကျနော်တို့ ဘွားဘွားကြီးနေသည့် အမှန်အကန်တံခါးပါသည့်အခန်း။သို့သော် ဘွားဘွားကြီးသာ ကွယ်လွန်သွားသည်။တစ်ခါမျှ တံခါးပိတ်ခဲ့ခြင်းမရှိ။
 
ကျေးလက်မှာ ဘာ့ကြောင့်အခန်းတံခါးမပိတ်ကြတာလဲဆိုတာ ဦးနှောက်မုန်တိုင်းဆင်ကြည့်ဖို့ ကောင်းသည့်ကိစ္စဖြစ်သည်။ဘာ့ကြောင့် တံခါးမပိတ်ကြသနည်း။ခြံတံခါးမလုံသလိုပင် တစ်ဦးနဲ့ တစ်ဦးကြား အဆီးအတားရှိသည့်ပုံစံမျိုးကို မကြိုက်ခြင်းကြောင့်ဟု ထင်သည်။
 
ထိုသို့ တိုးလျှိုးပေါက် အတွေးအမြင်ဖြင့် ဝင်းပနေသော ကျေးလက်တွင် အပြန်အလှန်ဆက်ဆံရေးသည်လည်း အဆီးအတားမရှိသလောက်ဖြစ်သည်။ကိုယ့်အိမ်မှာ ရွှေဘယ်နှကျပ်သားရှိသလဲဆိုတာကို အပြည့်အစုံသိချင်မှသိမည်ဖြစ်သော်လည်း ဒီနေ့ ရွှေဆွဲကြိုးသွားလုပ်ပြီးပြန်လာပါက တစ်ရွာလုံးဝိုင်းကြည့်ကြမှာ သေချာသည်ထို့အတူ ကိုယ်အိမ်တစ်ခုခုလုပ်လို့ ဘေးအိမ်တွေက မကူဘူးဆိုတာမရှိ။
 
ကျနော်တို့ရပ်ရွာတွင် အိမ်တိုင်းလိုလို၏ ခေါင်မိုးမှာ ဓနိဖက်ဖြစ်သည်။ဓနိဖက်အသစ် ဒီတစ်နှစ်မိုးထားပြီးလျှင် နောက်တစ်နှစ် ပေါက်ရာနေရာ လျှောက်ဖာထေး။ဒုတိယနှစ်ကျတော့ ခေါင်မိုးတစ်ခုလုံး အသစ်လဲ။ထိုသို့ ခေါင်မိုးအသစ်လဲပြီဆို ကြက်သားဟင်းနဲ့ အုန်းထမင်းကျွေးလိုက်ရုံဖြင့် လာဝိုင်းလုပ်ကြသူမရှိလှ ၃-၄ ယောက်ဖြစ်သည်။တော်ရုံအိမ်ပြင်တာမျိုးဆိုလျှင်လည်း လက်ခပေးစရာမလိုဘဲ လာလုပ်ပေးမယ့်သူ အဆင်သင့်။အပြန်အလှန်ကူညီကြခြင်းသည် ရပ်ရွာဓလေ့ဖြစ်သည်။
 
ကိုယ့်အိမ်ကို ရပ်ဝေးက ဧည့်သည်လာပြီဟေ့ဆိုလျှင်လည်း ဧည့်သည် ရွာထိပ်ရောက်ပြီးမကြာ နှုတ်ဆင့် ကမ်းသတင်းအရ ကိုယ့်ဆီကို သတင်းကရောက်ပြီ။ထို့ပြင် ဧည့်သည်အထုပ်အပိုးကို ရွာထိပ်ကနေ ကိုယ့်အိမ်အထိ လိုက်ပို့ပေးမည့်သူ တစ်ယောက်ယောက်တော့ရှိမြဲ။ထို့ပြင် သူများဧည့်သည်ကို ကိုယ့်အိမ်ဖိတ်လေ့ရှိသည်။ဧည့်သည်လာပြီဆို ဆွေမျိုးအိမ်တွေက တစ်အိမ် တစ်နပ်နှုန်း ထမင်းစားဖိတ်ရုံတင်မက အိမ်နီးချင်းတွေကလည်း သွေးသားမတော်စပ်ဘဲ ထမင်းစားဖိတ်လေ့ရှိသည်။
 
ပြောရလျှင် ကျနော်တို့ ဘီလူးကျွန်းမှမဟုတ်။တခြားသော ကျေးလက်တို့သည်လည်း ထိုနည်း၎င်းဟု ထင် သည်။ပွင့်လင်းခြင်း၊ စုဖွဲ့ခြင်း၊ အပြန်အလှန်ကူညီကြခြင်းမှာ ကျေးလက်ဗေဒ။သို့သော် အုံနဲ့ကျင်းနဲ့ နေရပ် စွန့်ခွာ စီးပွားရှာထွက်ကြသည့်အချိန်ရောက်တော့ ကျေးလက်ဗေဒမှာ လျော့ရဲလာတော့သည်။
 
ငြိမ်းဆက်
မတ် - ၅