【 ဆောင်းပါး 】 ပြည်ပပို့ကုန် ပဲဈေးကွက်များ၏ အလှုပ်အခတ်

【 ဆောင်းပါး 】 ပြည်ပပို့ကုန် ပဲဈေးကွက်များ၏ အလှုပ်အခတ်

မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးမှုပြီးလျှင် ပဲမျိုးစိုက်ပျိုးမှုက ဒုတိယအများဆုံးဖြစ်ပါသည်။

ပဲမျိုးစုံ စိုက်ပျိုးမှုသည် တစ်နိုင်ငံလုံးရှိ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ပြည်တွင်းထွက်ရှိသော ပဲမျိုးစုံထဲမှ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မြေထောက်ပဲတို့သည် အိန္ဒိယ၊ တရုတ်နှင့် ဥရောပဈေးကွက်သို့ အဓိကတင်ပို့နေရသော ပဲအမျိုးအစားများဖြစ်သည်။

မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေရပြီး ပဲတီစိမ်း၊ မြေထောက်ပဲတို့သည် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေရသော ပဲအမျိုးအစားများဖြစ်သည်။

ပဲမျိုးစုံဈေးကွက် ပြည်ပတင်ပို့မှုအခြေအနေမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ မတ် ၈ ရက်အတွင်း ပင်လယ်ရေကြောင်းမှ (၁,၃၉၀,၄၇၆ ဒသမ ၄၁၅) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၁၇၁ ဒသမ ၄၂၃) သန်း တင်ပို့ခဲ့ပြီး  နယ်စပ်မှ (၁၄၆,၅၉၂ ဒသမ ၄၅၄) တန် ၊ အမေရိကန်ဒေါ်လာ (၁၂၉ ဒသမ ၂၄၇) သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ပဲမျိုးစုံတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၃၀၀ ဒသမ ၆၇၀) သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ ၁၄၇၀ ဒသမ ၆၆၃ သန်း တန်ဖိုးရှိ ပဲမျိုးစုံများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့ရာတွင် မတ်ပဲတင်ပို့မှုက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ပဲတီစိမ်းနှင့် ပဲစင်းငုံနီဖြစ်သည်။ထို့နောက် ကုလားပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ဘိုကိတ်ပဲ၊ ပဲဖြူလေး၊ နိုင်လွန်ပဲ၊ မြေပဲဆံ အစရှိသည့် ပဲအမျိုးမျိုး တင်ပို့မှုများဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊မြေပဲ၊ မြေထောက်ပဲ အစရှိသည့် ပဲမျိုးစုံကွက် ဈေးမြင့်တက်ခဲ့သည်။ပဲလိုအပ်ချက်မြင့်မားသော အိန္ဒိယနိုင်ငံမှ မတ်ပဲများကို မှာယူတင်သွင်းမှုများခဲ့သည်။မတ်ပဲအသစ်များလည်း  စပေါ်ချိန်ကာလမှာပင် ဈေးကွက်ထဲတွင် မတ်ပဲ တစ်တင်းကို ကျပ်တစ်သိန်းကျော် ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ဈေးပိုရရှိခဲ့ကြောင်း ပဲကုန်သည်များကပြောသည်။
ဇန်နဝါရီလအတွင်း ကုန်စည်ဒိုင်ဈေးကွက်များတွင် မတ်ပဲ တစ်တန်ကို လေးသိန်းနီးပါးမျှ ဈေးမြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ အိန္ဒိယနိုင်ငံသို့ တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ သက်တမ်းတိုးပေးထားသည်။မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန် တစ်သန်းနှင့် ပဲစင်းငုံ တန်ချိန် လေးသန်းကို ဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ကြေငြာထားသည်။

မတ်ပဲ အဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မတ်ပဲတစ်တင်းလျှင် ၉၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရရှိခဲ့သဖြင့် ပဲစိုက်တောင်သူများ ဈေးကောင်းရရှိခဲ့သည်။ ၂၀၂၄ ခုနှစ် အစမှာပင် ဆောင်းမတ်ပဲများ အရောင်းအဝယ်ကောင်းမွန်ခဲ့သော ကာလဖြစ်သည်။မတ်ပဲသည် ပြည်ပပို့ကုန် များတွင် ပို့ကုန်ဝင်ငွေအများဆုံးရသော သီးနှံဖြစ်သည်။

ပြည်တွင်းလယ်ယာထွက်ကုန်များမှ ပဲများ၏ အဓိကဝယ်လက်သည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တရုတ်နှစ်သစ်ကူးကာလလည်းဖြစ်သဖြင့် ပဲတီစိမ်း၊ မြေထောက်ပဲတို့ တရုတ်နိုင်ငံသို့ တင်ပို့မှုများခဲ့သည်။

ပဲများတွင် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မြေထောက်ပဲတို့သည့် စံချိန်တင်အမြင့်ဈေးများ ဖြစ်ပေါ်ခဲ့ပြီး ပဲကြီး၊ မြေထောက်ပဲနှင့် ကုလားပဲတို့ကလည်း တရုတ်နိုင်ငံ၏ ဈေးကွက်ဝယ်လိုအားကောင်းခဲ့သည်။ယခုနှစ်တွင် မြေထောက်ပဲသည်လည်း တရုတ်နှင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူတင်သွင်းသူများလာ၍ ဇန်နဝါရီလက သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၇၀,၀၀၀ နီးပါအထိ ဈေးမြင့်တက်ခဲ့သည်။ထို့အပြင် တရုတ်နှစ်သစ်ကူးကာလအနီး ပဲနှင့်အတူ နှမ်းဈေးကွက်လည်း အရောင်းအဝယ်ကောင်းခဲ့သည်။

ဖေဖော်ဝါရီလထဲတွင် မတ်ပဲ၊ ပဲစင်းငုံဈေးကွက် ပြန်လည်ကျဆင်းခဲ့ပြီး ကုလားပဲ၊ မြေထောက်ပဲ၊ ပဲကြီးနှင့် နှမ်းတို့က ဈေးကွက်ဝယ်လိုအားကောင်းခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒများကြောင့် မြန်မာနိုင်ငံမှ ပို့ကုန် ပဲဈေးကွက် ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ခဲ့သည်။ထို့အပြင် ပဲဈေးကွက်တွင် ကုန်သည်များ၏ ဈေးကစားခြင်းများကို စိစစ်အရေးယူသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်အတွက် ပြည်ပပို့ ပဲများ၏ ဈေးကွက် ပြန်လည်ကျဆင်းခဲ့သည်။တစ်တန်လျှင် သိန်း ၄၀ ဝန်းကျင် ဈေးမြင့်ခဲ့သော ပဲစင်းငုံနီမှာ ဈေးကွက်ပြန်လည်ကျဆင်းခဲ့သည်။

ပဲတီစိမ်းဈေးကွက်သည်လည်း တရုတ်နှစ်သစ်ကူးကာလအတွင်း အရောင်းအဝယ်ပြန်လည်ကျဆင်းခဲ့သည်။တရုတ်နှစ်သစ်ကူးကာလအပြီး၌ ပဲတီစိမ်းဈေးကွက် ပြန်လည်ကောင်းမွန်ခဲ့ပြီး  နှမ်းနှင့် မြေပဲဆံတို့လည်း တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းခဲ့သည်။

၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံမှ ပဲတီစိမ်း ဝယ်လိုအားကောင်းခဲ့သည့်အတွက် ပြည်တွင်းမှ ပဲတီစိမ်းတင်ပို့မှု ပိုများခဲ့သည်။မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ပဲတီစိမ်းကို အဓိကစိုက်ပျိုးကြသည်။

၂၀၂၄ ခုနှစ် နှစ်စပိုင်းတွင် မန္တလေးမှ ပဲဈေးကွက်အတွင်း မြေပဲ၊ နှမ်းနှင့် ပဲဈေးကွက်တို့သည် ယခင်နှစ်ထက် ဈေးကောင်းရရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။ယခင်နှစ်က ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀ ဝန်းကျင် ဈေးရရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်အစတွင် ပဲတီစိမ်း တစ်အိတ်လျှင် ကျပ်နှစ်သိန်းဝန်းကျင်အထိ ဈေးရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းသည် ပဲမျိုးစုံ စိုက်ပျိုးခြင်းဖြစ်ပြီး ပဲမျိုးစုံများထဲမှာ ၇၂ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများကို စိုက်ပျိုးကြသည်။ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများကို စိုက်ပျိုးကြသည်။

မတ်လထဲတွင် အိန္ဒိယသို့ ပို့ကုန်ပဲဈေးကွက် အနည်းငယ်ကျဆင်းသော်လည်း တရုတ်နိုင်ငံမှ အဝယ်ပြန်လိုက်လာသည့် မတ်လ၏ နောက်ဆုံးရက်သတ္တပတ်တွင် ပဲမျိုးစုံနှင့် နှမ်းဈေးကွက် ပြန်လည်မြင့်တက်ခဲ့သည်။ပြည်တွင်းထွက်ရှိသော ပဲတီစိမ်းကို တရုတ်နိုင်ငံအပြင် နိုင်ငံတကာသို့ တင်ပို့ရောင်းချရန် မျှော်မှန်းထားကြောင်း ပဲကုန်သည်များထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁၂ သိန်းကျော် တင်ပို့ခဲ့ရာတွင် မတ်ပဲတန်ချိန် ၆၂၀,၀၀၀ ကျော်၊ ပဲတီစိမ်း တန်ချိန် ၃၂၀,၀၀၀ ကျော်၊ ပဲစင်းငုံ တန်ချိန် ၁၃ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ပြည်ပပို့ ပဲဈေးကွက်ကောင်းသော်လည်း ပဲစိုက်တောင်သူများတွင် အထွက်နှုန်းများ လျော့ကျလာခြင်းနှင့် သွင်းအားစုစရိတ်များ ပိုမိုကြီးမြင့်လာကြောင်း တောင်သူများကပြောသည်။ဧရာဝတီတိုင်းဒေသကြီး၌ ပဲတီစိမ်းအထွက်နှုန်း လျော့ကျသဖြင့် စိုက်ပျိုးစရိတ်ရှုံးကြောင်း သိရသည်။ပဲစိုက်ပျိုးရာတွင် စိုက်ခင်း တစ်ဧကအတွက် သွင်းအားစုစရိတ်၊ စက်သုံးဆီစရိတ်၊ ပဲမျိုးစေ့စရိတ်၊ ပဲနှုတ်ခနှင့် ပဲစက်ချွေခ အစရှိသည့် စရိတ်များစွာရှိသည်။မတ်လတွင် ပဲတီစိမ်းစိုက်ပျိုး တောင်သူများ အများအပြား ရိတ်သိမ်းပြီးချိန်ဖြစ်သည်။စိုက်ပျိုးတောင်သူများတွင် မှန်းထားသည့် အခြေအနေမျိုးကို မရရှိဘဲ စိုက်ပျိုးစရိတ်အောက် ကျဆင်းသည့် အခြေအနေများရှိသည်။

ပြည်ပပို့ ပဲဈေးကွက်များတွင် ကုလားပဲများကလည်း ဈေးကွက်ဝယ်လိုအားကောင်းလာသည်။ဖေဖော်ဝါရီလနှင့် မတ်လတွင် ဆောင်းသီးနှံကုလားပဲများ ရိတ်သိမ်းချိန်ဖြစ်သည်။ကုလားပဲ စိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်နည်းသည့်အပြင် ဈေးကွက်ခိုင်မာမှု ရရှိသောကြောင့် တောင်သူများက ကုလားပဲကို တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

ပြည်တွင်းလယ်ယာထွက်ကုန်များတွင် ပဲပို့ကုန်များသည် တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံတကာဈေးကွက်တွင် အသာစီးရရှိထားသော ပို့ကုန်များဖြစ်သော်လည်း တင်ပို့သည် နိုင်ငံများ၏ ပို့ကုန်မူဝါဒများနှင့် ပြည်တွင်းပို့ကုန်မူ ဝါဒများ၊ ဒေါ်လာဈေးမြင့်တက်မှု၊ သီးနှံအထွက်နှုန်းလျော့ကျမှု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ အစရှိသည့် စိန်ခေါ်မှုများရှိနေသဖြင့် ပဲဈေးကွက်တွင် တစ်ရက်နှင့် တစ်ရက် မတူညီသောဈေးနှုန်း အနိမ့်အမြင့်များ ဖြစ်ပေါ်လျက်ရှိသည်။

အမွန်