【 ဆောင်းပါး 】 မြို့ပြသယ်ယူပို့ဆောင်ရေးနှင့် တရုတ်ထုတ်ကားများ

【 ဆောင်းပါး 】 မြို့ပြသယ်ယူပို့ဆောင်ရေးနှင့် တရုတ်ထုတ်ကားများ

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍတွင် တစ်ခေတ်တစ်ခါက ဂျပန်ထုတ်ကားများကိုသာ နှစ်ခြိုက်စွာဖြင့် အများဆုံးသုံးစွဲခဲ့ကြသည်။

အိမ်စီးကားများသာမက စစ်လျော်ကြေးရသည့် ကားကြီးများကိုပင် သုံးစွဲကြသည့်အပြင် မြို့ပြခရီးသည်ပို့ဆောင်ရေးတွင် ဂျပန်ထုတ် တစ်ပတ်ရစ် ကားဟောင်းတွေကိုသာ တင်သွင်းသုံးစွဲလာခဲ့ကြသည်။

ထိုသို့သော နှစ်ကာလသက်တမ်း ၄၀၊ ၅၀ ကျော်လောက် အနည်းဆုံးရှိကြသည့် ကားများကို ပြန်လည်ပြုပြင်ရင်း သုံးစွဲလာကြပြီး တစ်စစဖြင့် ခေတ်ကာလပြောင်းလဲလာမှုနှင့်အတူ ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေး မူဝါဒများအရ ယင်းခေတ်ကာလ အသုံးပြုသည့် ကားများကို အရည်ကျိုအပ်နှံ လက်ခံ၍ ကားအသစ်များ အစားထိုးတင်သွင်း၍ ပြောင်းလဲလာခဲ့ကြသည်။

ထိုမှ နှစ်အလိုက် မော်ဒယ်လ်သတ်မှတ်ချက်များဖြင့် ကားတင်သွင်းခွင့်ပြုခြင်းများရှိသလို အိမ်စီးကားများနဲ့ပတ်သက်၍လည်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးအတွက် တင်သွင်းလာသည့် ယာဉ်များအနက်မှ ယာဉ်အိုယာဉ်ဟောင်း အစားထိုးတင်သွင်းသည့် မူဝါဒအရ သံအရည်ကျိုအပ်ထားသည့် စလစ်ဖြင့် လျှောက်ထားမှသာ ရန်ကုန်လိုင်စင်ချပေးသည့် အခြေအနေဖြင့် လုပ်ဆောင်လာခဲ့သည်။

ထိုအိမ်စီးကားများနဲ့ပတ်သက်ပြီး ပြောင်းလဲလာသလို အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တာဝန်ယူပြေးဆွဲနေသည့် ဘတ်စ်ကားများ၌လည်း အရည်ကျိုအပ်နှံကာ အစားထိုးသုံးစွဲရာတွင် အိမ်စီးအဖြစ် ပြောင်းလဲခွင့်ပြုခြင်းများရှိသလို ဘတ်စ်ကားအဖြစ် တင်သွင်းရင်း ရန်ကုန်မြို့၏ ဘတ်စ်ကားပို့ဆောင်မှုစနစ်ကိုပါ ၂၀၁၇ ခုနှစ်အတွင်း တစ်ခေတ်ပြောင်းလဲစေခဲ့သည်။

ရန်ကုန်မြို့တွင် နေ့စဉ်သွားလာသူမှာ တစ်ရက်လျှင် ၂ ဒသမ ၃ သန်းလောက်ရှိသည့် ဦးရေကို ဝန်ဆောင်မှုပေးသည့် ဘတ်စ်ကားစနစ် ပြောင်းလဲရာတွင် စစ်ကျန်နှင့် စစ်လျော်ကြေးရသည့် ကားဟောင်းများကို သုံးစွဲနေမှုမှ ကားအသစ်များ၊ ကိုရီးယားတစ်ပတ်နွမ်းကားများဖြင့် ပြောင်းလဲခဲ့သလို တစ်ဦးချင်းပိုင်စနစ်မှ အများပိုင်စနစ်အဖြစ်သို့ အများပိုင်ဘတ်စ်ကားကုမ္ပဏီများ ထူထောင်ကာ ပြောင်းလဲလာခဲ့ကြသည်။

ထိုအသုံးပြုနေသည့် ဘတ်စ်ကားအသစ်များတွင် တရုတ်နိုင်ငံထုတ် ကားအသစ်များကို မြို့ပြလမ်းများပေါ်၌ တွင်ကျယ်အောင် မြင်တွေ့လာကြပြီး ရန်ကုန်မြို့တွင် သေချာကွင်းဆင်းလေ့လာပြီးမှ ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် တရုတ်ဘတ်စ်ကားအသစ်ကြီးများမှာ အဲယားကွန်းပိုင်းဆိုင်ရာကအစ ပြောစရာမလိုလောက်အောင် ကောင်းမွန်လာခဲ့သည်။အကြမ်းခံကာ အဲယားကွန်းပိုင်း အလွန်ကောင်းသည်ဟူ၍ ယာဉ်ပိုင်ရှင်များကြားတွင်ဆိုနေကြသော ကိုရီးယားဘတ်စ်ကားများထက်ပင် တရုတ်ကထုတ်သည့် ဘတ်စ်ကားကြီးများက သာလွန်စေခဲ့သည်။

မြို့တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ၌သာမကဘဲ ရန်ကုန်မှ နယ်ဒေသများသို့ ခရီးသည်ပို့ဆောင်ကာ ပြေးဆွဲနေသည့် အဝေးပြေးကားများတွင်လည်း ကိုရီးယားထုတ်ကားများနဲ့အတူ တရုတ်ထုတ်ကားသစ်များဖြင့် ယှဉ်ပြိုင်ကာ သုံးစွဲမှုများလာခဲ့သည်။ထို့အတူ အိမ်စီးကားများတွင်လည်း တရုတ်ထုတ်ကားများကို တင်သွင်းသုံးစွဲလာကြပြီး လုပ်ငန်းသုံး လိုက်ထရပ်ကဲ့သို့ ကုန်ပစ္စည်းတင်ကားများသာမကဘဲ ကုန်သေတ္တာတွဲတွေကိုပါ ချိတ်ဆွဲတဲ့ ခေါင်းတွဲများ၌လည်း တရုတ်ထုတ်ကားများကို သုံးစွဲလာကြသည်။

အစပိုင်းကာလက အရည်အသွေးပိုင်းကို ဝေဖန်ပြောဆိုနေကြသည့် တရုတ်ထုတ်ကားများမှာ လက်ရှိတွင် ရန်ကုန်မြို့၏ မြို့ပြသယ်ယူပို့ဆောင်ရေးတွင် သုံးစွဲမှုတွင်ကျယ်လာခဲ့ပြီး နှစ်သက်လက်ခံမှုလည်း များလာခဲ့သလို အချို့သောကုမ္ပဏီများက ပြည်တွင်းမှာပင် တပ်ဆင်ထုတ်လုပ်မှုများဖြင့် လုပ်ဆောင်လာသည်အထိ တွင်ကျယ်လာခဲ့သည်။

ယခင်က ဂျပန်ကားမှ ဂျပန်ကားကိုသာ ပြောဆိုနေကြသော်လည်း တရုတ်ထုတ်ကားများ၏ အရည်အသွေးကောင်းမွန်လာမှု၊ သွင်ပြင်ပုံသဏ္ဍန် နှစ်သက်စရာဖြစ်လာမှု၊ အဲယားကွန်းအပါအဝင် ကားအတွင်းပိုင်း ဖွဲ့စည်းပုံ ကျယ်ဝန်းမှု၊ အသုံးပြုသော မီးစနစ်အပါအဝင် ခေတ်မီနည်းစနစ်များကို အသုံးချလာနိုင်မှုတို့ကြောင့်လည်း တရုတ်ထုတ်ကားများက ပြည်တွင်းကားလောကတွင် တစ်ခေတ်ဆန်းလာသလို နှစ်သက်လာခဲ့သည်။ယခင်က လူသုံးများသော ဂျပန်ကားများနေရာတွင် ဒီဇိုင်းနှင့် အရည်အသွေးပိုင်း သာလွန်လှပနေသည့် တရုတ်ထုတ်ကားများက နေရာဝင်ယူလာခဲ့သည်။

ဆက်လက်၍လည်း ဓာတ်ဆီ၊ ဒီဇယ်ဆီ လောင်စာစနစ်သုံးနေသော အခြေအနေမှ ပတ်ဝန်းကျင်ညစ်ညမ်းထိခိုက်မှု လျော့နည်းသက်သာစေသည့် EV စနစ်သို့ ပြောင်းလဲမှုတွင်လည်း ကနဦးတင်သွင်းလာသည့် ကားများမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကားများဖြစ်သလို တဖြည်းဖြည်း ပြည်တွင်း၌ အသုံးပြုမှုများလာခဲ့ကြသည်။

ကားထုတ်လုပ်သည့် ကမ္ဘာကျော်ကုမ္ပဏီကြီးများအနက်တွင် တရုတ်ကုမ္ပဏီကြီးများကလည်း အပါအဝင်ဖြစ်ခဲ့ပြီး သုံးစွဲသူအတွက် ကုန်ကျစရိတ်နည်းကာ စွမ်းဆောင်ရည်မြင့်မားသော အရည်အသွေးမျိုးရရှိလာခြင်းက စျေးကွက်ကျယ်ပြန့်လာစေခြင်းလည်းဖြစ်သည်။

ပြည်တွင်းစျေးကွက်သို့ စတင်၍ တင်သွင်းကာစက အရည်အသွေးပိုင်းကို စိတ်မှန်းဖြင့် ပြစ်တင်ဝေဖန်ကြသော ကားရောင်းဝယ်ရေးစျေးကွက်အတွင်းမှ ကားလောကသားအချို့မှာလည်း လက်တွေ့သုံးစွဲသည့်အခါ ကြုံရသော ကောင်းမွန်သည့် အရည်အသွေးများကြောင့် နှစ်သက်လက်ခံသူများလာခဲ့ရသည်။

အိမ်စီးကားဆိုလျှင် ၁၀ နှစ်ဝန်းကျင်၊ ဘတ်စ်ကားကြီးများဆိုလျှင် ခုနစ်နှစ်ဝန်းကျင် အသုံးပြုလာနိုင်ခဲ့ပြီး အားနည်းချက်အချို့ရှိသေးသော်လည်း အရည်အသွေးပိုင်းကို လက်တွေ့ကြုံလာခြင်းကြောင့် လက်ခံသုံးစွဲသူများလာရခြင်းလည်းဖြစ်သည်။
တရုတ်မှ ထုတ်လုပ်တင်သွင်းလာသည့် အိမ်စီးကားအချို့နှင့် ဘတ်စ်ကားကြီးအချို့တွင် အတွင်းပိုင်း ပလတ်စတစ်ဖြင့်ပြုလုပ်သည့် ပစ္စည်းများ အသုံးပြုရသည့်အပိုင်းတွင် Recycle နည်းဖြင့် ပြုလုပ်ထားသော နည်းပညာဖြင့် ဖန်တီးထားသည့် ပစ္စည်းအချို့ကို သုံးစွဲထားခြင်းများကလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေသည့် ပြန်ပြည့်မြဲစွမ်းအင်အသုံးချမှုနှင့် Recycle နည်းကို အဆင့်မြင့်အောင် အသုံးပြုနိုင်သော အခြေအနေ နည်းပညာသစ်ကို သုံးစွဲသူဘက်မှ သိရှိခံစားစေခဲ့သည်။

မကြာခင်ကာလအတွင်းတွင်လည်း ပြည်တွင်းသယ်ယူပို့ဆောင်ရေးတွင် EV ဘတ်စ်ကားကြီးများကို အသုံးပြုရန် ပြင်ဆင်မှုများရှိနေသလို သက်ဆိုင်ရာ ဘတ်စ်ကားကုမ္ပဏီမှ အကြီးအကဲများက ဝယ်ယူတင်သွင်းရန် တရုတ်နိုင်ငံအတွင်းမှ ကားစက်ရုံများ၌ လေ့လာမှုများ ပြုလုပ်နေကြပြီဖြစ်သည်။

ရန်ကုန်အပါအဝင် မြို့ပြဒေသများတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွင်း၌ မော်တော်ကားများကို မရှိမဖြစ် အသုံးပြုနေကြဦးမည်ဖြစ်သလို ကား Brand များအနက်တွင် တရုတ်ထုတ် အမှတ်တံဆိပ် ကားများကလည်း နှစ်သက်မှုများစွာဖြင့် အနာဂတ်မြို့ပြ လမ်းမကြီးများထက်တွင် လွှမ်းမိုးနေရာယူထားဦးမည်ဖြစ်ကြောင်းကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်