【 ဆောင်းပါး 】 သစ်အချောထည်ဈေးကွက် ဖွံ့ဖြိုးလာမှုနှင့် ပြည်ပဈေးကွက်

【 ဆောင်းပါး 】 သစ်အချောထည်ဈေးကွက် ဖွံ့ဖြိုးလာမှုနှင့် ပြည်ပဈေးကွက်

လူတို့သည် ရှေးနှစ်ထောင်ပေါင်းများစွာကပင် အိမ်အသုံးအဆောင် ပရိဘောဂများကို သုံးစွဲခဲ့ရာတွင် သစ်၊ ဝါးတို့ကို အဓိကအသုံးပြုခဲ့ကြသည်။

လူနေအိမ်၊ စားပွဲ၊ ကုလားထိုင်၊ ခုတင်၊ ဗီရို အစရှိသည့် သစ်သားဖြင့် ထုတ်လုပ်သော ထုတ်ကုန်များကို မတူညီသော ပုံပန်းသဏ္ဍာန်အမျိုးမျိုး တီထွင်၍ သုံးစွဲခဲ့ကြသည်။

သစ်၊ ဝါး၊ ကြိမ် စသည့် သစ်တောထွက်ပစ္စည်းများသည် လူသားများအတွက် အားထားစရာတစ်ခုအနေဖြင့် တည်ရှိပါသည်။ကမ္ဘာပေါ်တွင် ခေတ်မီတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်လာသည်ဟုဆိုသော်လည်း သဘာဝအရင်းအမြစ် သစ်၊ ဝါး ထုတ်ကုန်များ ရပ်တန့်သွားခြင်းမရှိပေ။သစ်တောထွက်ပစ္စည်းများဖြစ်သည့် သစ်အချောထည် ထုတ်ကုန်များသည် ကမ္ဘာ့ဈေးကွက်တွင် အခိုင်အမာအားကောင်းလျက်ရှိပါသည်။

လူတို့၏ ဆန်းသစ်လာသော တီထွင်မှုများတွင် နည်းပညာနှင့် ချိတ်ဆက်ထားသော စမတ်သစ်သားတံခါး ပုံစံဒီဇိုင်းအမျိုးမျိုး၊  ဗီရိုများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် သစ်အချောထည် ထုတ်ကုန်များစွာရှိသည်။

ကမ္ဘာတစ်ဝန်းတွင် သစ်အချောထည်ပစ္စည်း ဈေးကွက်သည် မကြာသေးမီနှစ်များအတွင်း ဈေးကွက်ပြန်ကောင်းလာခဲ့သည်။အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာ့သစ်အချောထည်ဈေးကွက်တွင် အကြီးဆုံးဒေသဖြစ်ပြီး အနောက်ဥရောပသည် ကမ္ဘာ့သစ်အချောထည်ဈေးကွက်တွင် ဒုတိယအကြီးဆုံးဒေသဖြစ်သည်။အာဖရိကသည် ကမ္ဘာ့သစ်အချောထည်ဈေးကွက်တွင် အသေးငယ်ဆုံးဒေသဖြစ်သည်။

တန်ဖိုးကြီးမြင့်သည့် သစ်ကုန်ကြမ်းများ ရှားပါးလာသော မြန်မာနိုင်ငံရှိ သစ်အချောထည်ဈေးကွက်ကလည်း ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် အခိုင်အမာရှိပါသည်။ပြည်တွင်း၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ အခြေခံအဆင့် ခွဲသားများကို ပြည်ပတင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး တစ်ဝက်တစ်ပျက် အချောထည်နှင့် အချောထည် ထုတ်ကုန်များကို ပြည်ပတင်ပို့ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇ ခုနှစ်ကလည်း ပြည်တွင်းသစ်ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနများက ရောင်းချပေးသည့် သစ်လုံးများနှင့် သစ်ခွဲသားများအား ပြည်ပတင်ပို့မှု ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလဆန်းမှစ၍ ပြည်ပသို့ သစ်လုံးတင်ပို့မှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး အစိုးရမှ သစ်လုံးများကို ပြည်တွင်း၌ တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်သည်။တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ပြည်တွင်း၌ ခွဲစိတ်ပြီး ခွဲသားများကို နိုင်ငံခြားသို့ တင်ပို့ကြခြင်းဖြစ်သည်။

သစ်ကုန်ချောများကို ပြည်ပတင်ပို့ရာတွင် သစ်တောသယံဇာတ အခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်၍ အဖိုးတန်သစ်တောသယံဇာတများ မပျောက်ပျက်အောင် ချိန်ညှိလုပ်ဆောင်နေရသော ဈေးကွက်လည်းဖြစ်သည်။

ပြည်တွင်း သစ်အချောထည် ထုတ်လုပ်မှုများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တိုးချဲ့ဆောင်ရွက်ခဲ့ပြီး တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံအပါအဝင် ဥရောပနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သစ်တောထွက်ပစ္စည်း တင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၁၅၄ ဒသမ ၀၆ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ကိုဗစ်ကာလပြီးနောက် သစ်တောထွက်ပစ္စည်းများ တင်ပို့မှုအခြေအနေများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ပင်လယ်ရေကြောင်းဖြင့် သစ်တောထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၈၈ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၈ သန်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ သစ်တောထွက်ပစ္စည်း ပြည်ပတင်ပို့မှုတွင် ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၉၉၆ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄၄ သန်း ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပွင့်လင်းရာသီတွင် သစ်အချောထည်ပစ္စည်များ တင်ပို့မှု၊ စက်မှုကုန်ချောပစ္စည်များနှင့် တိရစ္ဆာန်ထွက် သားရေစိမ်းနှင့် သားရေချောတင်ပို့မှုများကို ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် သစ်အချောထည်နှင့် ပရိဘောဂများအတွက် ကုန်ကြမ်းအဖြစ် ကျွန်းသား၊ ပိတောက်သားနှင့် တမလန်းသားများကို  တရားဝင် ဝယ်ယူအသုံးပြုခွင့် ရထားသည်။သစ်အချော ပရိဘောဂများတွင် ဘုရားစင်မှအစ စားပွဲခုံ၊ ထိုင်ခုံများ၊ ဗီရိုများ၊ ကုတင်များ၊ နရံအလှဆင် အဆင့်မြင့်သစ်အချောထည်များ၊ မျက်နှာကျက်များ စသဖြင့် လူသုံးအဆောင်ပစ္စည်း ပရိဘောဂအစုံအလင် ပါဝင်သည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်ခြင်းလုပ်ငန်းများကို နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်သော မြန်မာ့သစ်လုပ်ငန်းက လုပ်ကိုင်ပြီး အချောထည်ထုတ်လုပ်ခြင်း၊ သစ်နှင့် သစ်တောထွက် ကုန်ပစ္စည်းများ ရောင်းချခြင်းများကို ၁၉၈၈ ခုနှစ်မတိုင်ခင်က အဓိကဆောင်ရွက်သည်။ ထို့နောက်ပိုင်းတွင် သစ်အချောထည် ထုတ်လုပ်ရောင်းချမှု လုပ်ငန်းများကို ပုဂ္ဂလိက-ကဏ္ဍဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ပြီးနောက် သစ်အချောထည် ထုတ်လုပ်မှုတွင် မြန်မာ့သစ်လုပ်ငန်းအပြင် ပုဂ္ဂလိကကုမ္ပဏီများကလည်း ပါဝင်ဆောင်ရွက်ခဲ့သည်။
 
ယခုအခါ သစ်အချောထည် ထုတ်လုပ်သော လုပ်ငန်းများအတွင်း ပြည်တွင်းကုမ္ပဏီ၊စက်ရုံများစွာ လုပ်ကိုင်လျက်ရှိသည်။ကမ္ဘာ့နိုင်ငံများတွင် လူဦးရေးတိုးပွားလာမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများကြောင့် သစ်အခြေခံထုတ်ကုန်များမှာ ဝယ်လိုအား အမြဲတိုးတက်လျက်ရှိသည်။
သစ်အချောထည်များ ထုတ်လုပ်မှုတွင် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုများ တိုးတက်လာမည်ဟု သစ်တော Trends Organization နှင့် Wood Associations  သုတေသနအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃ ခုနှစ် သစ်အချောထည်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၌ ဖော်ပြထားသည်။

အရှေ့တောင်အာရှနိုင်ငံများက တရုတ်နိုင်ငံမှ သစ်သားလုပ်ငန်းသုံး စက်ယန္တရားများနှင့် ပရိဘောဂပစ္စည်းများကို နှစ်သက်ကြသည်။တရုတ်နိုင်ငံသည် ပရိဘောဂထုတ်လုပ်မှု၊ အသုံးပြုမှုနှင့် ပြည်ပတင်ပို့မှုတွင် ထုတ်လုပ်မှုကြီးမားသော နိုင်ငံဖြစ်သည်။တရုတ်နိုင်ငံ၏ သစ်အချောထည် ပြည်ပတင်ပို့မှုသည် တစ်နှစ်ထက် တစ်နှစ် တိုးလာခဲ့ပြီး မြန်မာနိုင်ငံမှလည်း ခေတ်မီဆန်းသစ်သော သစ်အချောထည်များကို တင်သွင်းကြောင်း သိရသည်။

သစ်အချောထည် ထုတ်ကုန်များသည် နိုင်ငံ၏ အဓိကသယံဇာတပေါ်တွင် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည်။နိုင်ငံတကာတွင် သစ်အချောထည်ဈေးကွက် ဖွံ့ဖြိုးလာခြင်းနှင့်အတူ သစ်တောစိုက်ခင်း အစီအမံများကို ဆောင်ရွက်လာကြသည်။

မြန်မာနိုင်ငံတွင်လည်း သစ်အခြေခံ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး ခြင်း အခွင့်အလမ်းများနှင့် သစ်တောစီမံအုပ်ချုပ်မှု စနစ်များကလည်း များစွာအရေးပါလျက်ရှိပါသည်။

အမွန်