【 ဆောင်းပါး 】 အခွင့်အလမ်းများ ယူဆောင်လာမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း

【 ဆောင်းပါး 】 အခွင့်အလမ်းများ ယူဆောင်လာမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း

မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာရေနက်ဆိပ်ကမ်းကြီးဖြစ်လာမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာ လက်ရှိတွင် အရှိန်အဟုန်မြှင့်တင်ရန် လုပ်ဆောင်နေကြပြီဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်က စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို မြန်မာနိုင်ငံအတွင်း နေပြည်တော်၌ သက်ဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုစီမံကိန်းမှာ မြန်မာနိုင်ငံရှိ ကျောက်ဖြူဒေသသာမက ရခိုင်ပြည်နယ်အတွင်းက ဒေသခံများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး မြန်မာ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူများ ပေးနိုင်မည်ဖြစ်သည်။

ထိုကျောက်ဖြူစီမံကိန်းကြီးမှတစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကတို့မှ တင်သွင်းမည့် ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်ကြာမြင့်မှုနှင့် ကုန်ကျစရိတ်များ အထူးသက်သာစေမည်ဖြစ်သလို မြန်မာ-တရုတ် နှစ်နိုင်ငံကြားတွင် ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းများဖြစ်ကြပြီး ရာစုနှစ်ပေါင်းများစွာကတည်းက အလွန်ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိကြသည်။နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၇၀ ကျော်အတွင်း နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး ချစ်ကြည်ရေးလည်း ပိုမိုခိုင်မာလာကာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အစရှိသည့် စီးပွားရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုတိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကို ဖြတ်သန်းကာ အနောက်ဘက်ပင်လယ်ရေကြောင်း ထွက်ပေါက်ဖြစ်သည့် ကျောက်ဖြူမြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) သည် ကီလိုမီတာ ၁၇၀၀ ရှည်လျားသည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။ထို့ကြောင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသည့် နေရာတစ်ခုဖြစ်သည့် ကျောက်ဖြူဒေသတွင် အထူးစီးပွားရေးဇုန်တစ်ခု ထူထောင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စတင်ဖိတ်ခေါ်ခဲ့ကြသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏဖြစ်ပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ခဲ့ကြကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ဆောင်ရန် စီစဉ်လာခဲ့ကြသည်။ထို့ကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် မြန်မာ-တရုတ် ပူးပေါင်းဖွဲ့စည်းထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် (စီမံကိန်းကုမ္ပဏီ) တို့ကြားတွင် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ချုပ်ဆိုခဲ့ကြသည်။

ထိုကဲ့သို့သော သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီးနောက် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ခဲ့ပြီး မြန်မာဘက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် CITIC ဘက်တို့ကြားတွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေရခြင်းတို့ကြောင့် စီမံကိန်း စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် အချိန်ကာလအားဖြင် နှစ်နှစ်ကျော် နှောင့်နှေးနေခဲ့ရသည်။

ထိုမှ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခင်က လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လကုန်ပိုင်းက သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်းလည်းဖြစ်သည်။

စီမံကိန်းတွင် အပိုင်းလေးပိုင်းပါဝင်ကာ သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၁၀ ခုပါဝင်သည့် စီမံကိန်းဖြစ်ပြီး မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း စသည်ဖြင့် ပေါင်းစပ်ကာ ရင်းနှီးမြှုပ်နှံထားသည့် မြန်မာ-တရုတ် အကြီးစားအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးလည်းဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခုဖြင့် နှစ်စဉ်ကုန်တင်ကုန်ချပမာဏ TEU ပေ ၂၀၊ ကွန်တိန်နာအလုံးပေါင်း ခုနစ်သန်းခန့် လက်ခံနိုင်ရန် လျာထားလျက်ရှိသည်။လက်ရှိအချိန်တွင် ကုန်စည်များကို စင်ကာပူ၊ မလေးရှားတို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာမှ စီမံကိန်းပြီးစီးသည့်အခါ အဓိကအားဖြင့် မြန်မာနိုင်ငံမှ ကုန်စည်များနှင့် နိုင်ငံအတွင်း ဖြတ်သန်းသွားသော ကုန်စည်များကို အာဖရိကနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တိုက်ရိုက်ပို့နိုင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်း စတင်တည်ဆောက်ရန်အတွက်ကိုလည်း လုပ်ဆောင်နေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် ဆန်းစစ်လေ့လာချက်မှာ လက်ရှိတွင် ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။လက်ရှိတွင် လုပ်ဆောင်နေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆန်းစစ်လေ့လာချက်ကို ရာခိုင်နှုန်းပြည့် ပြီးစီးအောင် လုပ်ဆောင်နေသော အခြေအနေမျိုးလည်းဖြစ်သည်။ထိုဆန်းစစ်လေ့လာချက်များ ပြီးစီးပါက စီမံကိန်း စတင်အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားပြီး စီမံကိန်းကို အမြန်ဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်စလုံးမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါဝင်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုလည်း ဆက်လက်အကောင်အထည်ဖော်ကာ ဆောင်ရွက်သွားကြမည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်းတို့ကို စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ကြသည့်အခါ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ပြီး ယင်းအနီးဒေသခံများသာမက ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများ၏ လူနေမှုဘဝ မြင့်မားရေးကို မြှင့်တင်လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင်ရှိသည့် ဆိပ်ကမ်းမြို့ဖြစ်ပြီး စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်သည်။

ထို့အပြင် ကုန်သွယ်မှုအရ ဆက်သွယ်ပို့ဆောင်ရာ အချက်အချာနေရာအဖြစ်ဖြင့် ကမ္ဘာ့စျေးကွက်သို့ တံခါးပေါက်ကြီးသဖွယ် ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်သလို နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်ရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာစွာ အတူပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ယူဆောင်လာသော စီမံကိန်းကြီးလည်းဖြစ်နေသည့်အကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

ဧပရယ်လ်