【 ဆောင်းပါး 】 ၇ နှစ်အတွင်း မြန်မာ့ဆန်တင်ပို့မှု ကိန်းဂဏန်းများ

【 ဆောင်းပါး 】 ၇ နှစ်အတွင်း မြန်မာ့ဆန်တင်ပို့မှု ကိန်းဂဏန်းများ

စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံမှာ နှစ်စဉ် စပါးစိုက်ဧရိယာ စုစုပေါင်းဧက ၁၇ သန်းကျော် စိုက်ပျိုးလေ့ရှိပြီး စပါးတန်ချိန် ၂၇ သန်းကျော် ထွက်ရှိပါတယ်။

ဆန်စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်သော မြန်မာနိုင်ငံရှိ ဒေသအများစုမှာ နွေစပါးနှင့် မိုးစပါးဟူ၍ ရာသီနှစ်ရာသီဖြင့် စိုက်ပျိုးလေ့ရှိပြီး မိုးစပါးစိုက်ပျိုးမှုက ပိုမိုများပြားပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှာ နှစ်စဉ် မိုးစပါးစိုက်ဧကပေါင်း ၁၅ သန်းကျော်နှင့် နွေစပါးစိုက်ဧကပေါင်း ၂ သန်းကျော် စိုက်ပျိုးလျက်ရှိပါတယ်။နိုင်ငံတစ်ဝန်းကနေ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး ထွက်ရှိလာတဲ့ ဆန်နှင့် ဆန်ကွဲတွေကိုလည်း ပြည်တွင်းမှာ စားသုံးရုံတင်မကဘဲ ပြည်ပနိုင်ငံအသီးသီးသို့ပါ နှစ်စဉ်တင်ပို့နေရခြင်းဖြစ်ပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု ကိန်းဂဏန်းတွေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃.၅၉ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာ ၁၁၄၂ သန်း ရရှိခဲ့သလို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၃၈ သန်း တင်ပို့ခဲ့ကာ ဒေါ်လာ ၇၇၉ သန်းရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အလားတူ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၇၆၄ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာ ၈၀၃ သန်း ရရှိခဲ့သလို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ သန်း တင်ပို့ခဲ့ရာ ဒေါ်လာ ၇၄၁ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်လည်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂. ၁၃၂ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာ ၇၁၅ သန်း ရရှိခဲ့ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၁၉၇ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာ ၈၂၁ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကနေ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၇-၂၀၁၈ ဘဏ္ဍာနှစ်ဟာ မက်ထရစ်တန်ချိန် ၃.၅၉ သန်းအထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ဆန်နှင့် ဆန်ကွဲ တင်ပို့မှု အများဆုံးနှစ်ဖြစ်ခဲ့ပါတယ်။

အဆိုပါနှစ်အတွင်းက မြန်မာနိုင်ငံကနေ ဆန်အများဆုံးတင်ပို့ခဲ့ရသည့် နိုင်ငံများမှာလည်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိုင်ဗရီကို့စ်၊ ဂီနီ၊ မက်ဒါဂါစကာ၊ အာဖဂန်နစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့ဖြစ်ပြီး တရုတ်နိုင်ငံကတော့ ဒေါ်လာ ၅၈၅ သန်း တန်ဖိုးရှိ ဆန် မက်ထရစ်တန်ချိန် ၁.၇၁ သန်းကို မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။အဲဒီကိန်းဂဏန်းတွေအရ အိမ်နီးချင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဆန်စပါးကဏ္ဍမှာ ခိုင်မာတဲ့ စျေးကွက်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

အလားတူပဲ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း မြန်မာနိုင်ငံက အဓိက ဆန်တင်ပို့ခဲ့သည့် နိုင်ငံများမှာ တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ အီတလီ၊ ဘယ်ဂျီယံ၊ ပိုလန်၊ တိုဂို၊ မက်ဒါဂါစတာ၊ အန်ဂိုလာ၊ မိုဇန်ဘစ်နိုင်ငံတို့ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်းကျော် တင်သွင်းခဲ့ပါတယ်။

၂၀၂၃- ၂၀၂၄ ခုနှစ်အတွင်းမှာလည်း ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက အဆင့် ၈ တွင်ရှိနေကြောင်း ဆန်စပါးအကြောင်းများ ရေးသားဖော်ပြလျက်ရှိသည့် Statista က ထုတ်ပြန်ရေးသားထားပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးဖြစ်သည့် နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၁၆ ဒသမ ၅ မီလျံ မက်ထရစ်တန်ဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယဆန်တင်ပို့မှုအများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ကာ ၈ ဒသမ ၂ မီလျံ မက်ထရစ်တန် တင်ပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။

တတိယဆန်တင်ပို့မှုအများဆုံးနိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်ပြီး ၇ ဒသမ ၆ မီလျံ မက်ထရစ်တန်၊ စတုတ္ထအများဆုံး တင်ပို့သည့်နိုင်ငံမှာ ပါကစ္စတန်ဖြစ်ကာ ၅ မီလျံ မက်ထရစ်တန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ ဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံတွင် အဆင့် ၈ တွင်ရှိနေကာ ဆန်တန်ချိန် ၁ ဒသမ ၈ မီလျံ မက်ထရစ်တန် တင်ပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရတော့ မြန်မာနိုင်ငံရဲ့ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၆၈၈ သန်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုပမာဏဟာ ၇ နှစ်အတွင်းမှာ အနည်းဆုံးပမာဏဖြစ်သလို အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဆန်ဝယ်လိုအားကလည်း ယခင်နှစ်တွေကထက် ပိုမိုလျော့နည်းခဲ့တာဖြစ်ပါတယ်။လက်ရှိကာလမှာ ကမ္ဘာ့လူဦးရေ တဖြည်းဖြည်းတိုးလာတာနဲ့အမျှ ဆန်စားသုံးမှုကလည်း လိုက်ပါမြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ဆန် လိုအပ်ချက်ကလည်း နှစ်စဉ်မြင့်တက်နေခြင်းဖြစ်ပါတယ်။

နှစ်စဉ် ကမ္ဘာ့ဆန်စပါး ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းနှင့် အထက်ဟာ အာဆီယံနိုင်ငံများမှဖြစ်ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်တို့ဟာ ကမ္ဘာ့ဆန်စပါး ထုတ်လုပ်မှုအများဆုံး နိုင်ငံများတွင် ပါဝင်နေပါတယ်။

အဲဒီလို ကမ္ဘာ့ဆန် လိုအပ်ချက် မြင့်တက်နေချိန်မှာ မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုက တဖြည်ဖြည်းလျော့ကျလာတာ တွေ့နေရပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က မက်ထရစ်တန်ချိန် ၃.၅၉ သန်းအထိ တင်ပို့ခဲ့ရတဲ့ စံချိန်ကို လိုက်မီနိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ဆန်တန်ချိန် ပျမ်းမျှအားဖြင့် ၂ ဒသမ ၁ သန်းနဲ့ ၂ ဒသမ ၂ သန်းခန့် တင်ပို့လေ့ရှိပေမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၂ သန်းအောက်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ခန့်မောင်