【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အာဆီယံ ၃ နိုင်ငံခရီး

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အာဆီယံ ၃ နိုင်ငံခရီး

 

  တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများကြား အငြင်းပွါးမှုမြင့်တက်လာသည်နှင့် တစ်ပြိုင်တည်း တရုတ်၏ စီးပွားရေးဗဟိုပြုရာသည်လည်း အရှေ့အရပ်သို့ သိသိသာသာ ရွေ့လျှားလာခဲ့သည်။
 
   မကြာသေးမီက ထုတ်ပြန်ခဲ့သည့် တရုတ်စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများကိုကြည့်လျှင် တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများအသင်း၊ ဗဟိုအာရှ၊ လက်တင်အမေရိက၊ အာဖရိကနှင့် Belt and Road တစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုတိုးတက်လာခဲ့ခြင်းကို မြင်တွေ့ရပြီး၊ ၂၀၂၃ ခုနှစ် ပထမခုနစ်လအတွင်း တရုတ်၏နိုင်ငံခြားကုန်သွယ်မှုမှာ ယခင်ကာလတူထက် ၀.၄ ရာခိုင်နှုန်း (ယွမ် ၂၃.၅ ထရီလီယံ - အမေရိကန်ဒေါ်လာ ၃.၃ ထရီလီယံ) ကျော် တိုးတက်လာခဲ့ကြောင်း တွေ့ရသည်။ထိုအနေအထားကိုကြည့်လျှင် တရုတ်စီးပွားရေးအတွက်အရှေ့ဘက်မှာ ပိုအချက်အခြာကျလာသည်ကို တွေ့ရမည်ဖြစ်သည်။ 
 
   အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံအချို့နှင့် ထိစပ်နေသည့် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံနိုင်ငံများနှင့် တရုတ်စီးပွားရေးမှာ ပို၍အချက်အခြာကျပြီး ယခင်ကထက် ကူးလူးဆက်ဆံမှုမှာ ရှေ့တန်းရောက်လာနေသည်ကိုစီးပွားရေးဆိုင်ရာသတင်းများကိုကြည့်လျှင် သိနိုင်ပေသည်။ထို့ကြောင့်လည်း မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဆီယံ ၃ နိုင်ငံသို့ သွားရောက်ခဲ့ပြီး မိတ်ဖက်ဆက်ဆံရေးကိုတိုးမြှင့်ခဲ့ သည်ကိုတွေ့ရသည်။
 
   တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်ထွက်ပေါ်ပြီး မရှေးမနှောင်းမှာပင် အမေရိကန်အိမ်ဖြူတော်ကသမ္မတ ဘိုင်ဒင်၏ ဗီယက်နမ်ခရီးစဉ်ကို ထုတ်ပြန်ခဲ့သည်။ထိုသည်ကိုကြည့်လျှင် ကမ္ဘာ့အင်အားကြီးနေရာအတွက် တရုတ်နှင့်ယှဉ်ပြိုင်ရာ အာရှ-ပစိဖိတ်ဒေသသည် အမေရိကန်အတွက် စီးပွားရေးအတွက်သာမက နိုင်ငံရေးအရလည်း အရေးပါလာနေခြင်းကို ပြသနေပေသည်။ထိုသည်ကိုကြည့်လျှင် တရုတ်နှင့် ထိစပ်နေ သည့်အာဆီယံဒေသသည် အင်အားကြီးနှစ်နိုင်ငံ၏ လွန်ဆွဲမှုထဲ ရောက်နေသလိုဖြစ်နေသည်ကို တွေ့ရမည်လည်းဖြစ်သည်။
 
   ကျွမ်းကျင်သူများက ဝမ်ယိ၏ အာဆီယံ ၃ နိုင်ငံခရီးစဉ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ခိုင်မာသောဆက်ဆံရေးတည်ဆောက်ခြင်း အချက်ပြမှုအဖြစ် ရှုမြင်ကြသည်။ထိုသို့သော ရှုမြင်မှုနှင့် လတ်တလော အမေရိကန်နှင့်တင်းမာမှုများကြောင့် စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားသို့ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်ထိ သွားရောက်‌သော ဝမ်ယိ၏ ခရီးစဉ်ကို  ဒေသတွင်းနှင့် အစဉ်အလာပြိုင်ဘက်နိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများပါ စောင့်ကြည့်ရသည့်ခရီးစဉ်ဖြစ်လာခဲ့သည်။
 
   ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝမ်ယိ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောခဲ့ရာမှာတော့ အဆိုပါခရီးစဉ်မှာ အရှေ့တောင်အာရှ သုံးနိုင်ငံနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို အားကောင်းလာစေရန်ဖြစ်ပြီး တရုတ်-စင်ကာပူ ဆက်ဆံရေးအသွင်အပြင်သစ်ကို လက်တွေ့လုပ်ဆောင်ရန်၊ မလေးရှားနှင့် နှစ်နိုင်ငံအကြား မျှဝေထားသော အနာဂတ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် ခိုင်မာသော တိုးတက်မှုရရှိရန်၊ ကမ္ဘောဒီးယားနိုင်ငံနှင့် အရည်အသွေးမြင့် Belt and Road Initiative (BRI) ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံဆက်ဆံရေးကို အမြင့်ဆုံးသို့ ပို့ ဆောင်ပေးရန်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
 
   ကမ္ဘောဒီးယားမှလွဲ၍ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှာ အမေရိကန်နှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်သလို ဒေသတွင်း၌ ဦးဆောင်နိုင်ငံများရှိနေသည့် နိုင်ငံများဖြစ်သည်။သို့သော် အဆိုပါနိုင်ငံများပါဝင်သော အာဆီယံနှင့် တရုတ်၏ ကုန်သွယ်ရေးမှာ အပြန်အလှန်အားဖြင့် အရေးပါသော ကုန်သွယ်ပမာဏတွင် ရှိနေခဲ့သည်။
 
   တရုတ်နိုင်ငံသည် ၂၀၀၉ ခုနှစ်ကတည်းက အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရပ်တည်ခဲ့သည်။အာဆီယံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၁၀ ခုနှစ်မှ စတင်ကာ နှစ်ဆကျော် တိုးလာခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၂၃၅.၅ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၅၀၇.၉ ဘီလီယံအထိ (အာဆီယံကုန်သွယ်မှုစုစုပေါင်း၏ ၁၈ ရာခိုင်နှူန်း) အထိရှိလာခဲ့ကာ စတင်အသက်ဝင်ချိန်မှစ၍ လေးဆနီးပါး တိုးလာခဲ့သည်။
 
   အာဆီယံ၏ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ၂၀၁၀ မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှနှုန်း ၁၀.၄ ရာခိုင်နှုန်းရှိပြီးအလားတူကာလအတွင်း အာဆီယံ၏ တရုတ်နိုင်ငံမှ တင်သွင်းမှု ၁၂.၅ ရာခိုင်နှုန်းရှိခဲ့ရာ နှိုင်းယှဉ်ပါက တိုးတက်လာမည်ကို မြင်ရမည်ဖြစ်သည်။
 
   တရုတ်နိုင်ငံနှင့် အာဆီယံ၏ ကုန်သွယ်မှုလိုငွေမှာ ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀.၄ ဘီလီယံမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၂.၉ ဘီလီယံအထိ တိုးလာခဲ့သည်။
 
   အာဆီယံ၏ ပဏာမအချက်အလက်များကိုအခြေခံပါက တရုတ်နိုင်ငံမှ FDI သည် အာဆီယံသို့ ၂၀၁၉ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံအထိ ရောက်ရှိလာပြီး ဒေသတွင်းသို့ FDI စုစုပေါင်း၏ ၅.၇ ရာခိုင်နှုန်းရှိခဲ့သည်။တရုတ်သည် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများအကြား စတုတ္ထမြောက် FDI အကြီးမားဆုံး အရင်းမြစ် အဖြစ်ရှိခဲ့သည်။
 
   အာဆီယံသို့ တရုတ်၏ သွင်းကုန်နှင့် ပို့ကုန်သည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၆.၅၂ ထရီလီယံ (ဒေါ် လာ ၉၇၀ ဘီလီယံ) ရှိလာခဲ့ပြီး၊ ၁၅ ရာခိုင်နှုန်း သိသိသာသာ တိုးလာခဲ့သည်။ယင်းတို့အနက် ပို့ကုန်သည် ယွမ် ၃.၇၉ ထရီလီယံ၊၂၁.၇ ရာခိုင်နှုန်း တိုးလာပြီး၊ သွင်းကုန် ယွမ် ၂.၇၃ ထရီလျံ၊ ၆.၈ ရာခိုင်နှုန်းတိုးခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး (GAC) က ယခုနှစ်ဆန်းပိုင်းက ဖော်ပြခဲ့သည်။ထိုသည်က အာဆီယံအတွက် တရုတ်သည်အရေးပါသော ကုန်သွယ်ဖက်နိုင်ငံဖြစ်နေခြင်းကို ပြနေခြင်းဖြစ်ပြီး တရုတ်အတွက်လည်း အာဆီယံသည် အရေးပါသော ကုန်သွယ်ရေးအစုအဖွဲ့ဖြစ်နေကြောင်းကို ပြသနေခဲ့သည်။
 
   ထို့ကြောင့် ဝမ်ယိ၏ အာဆီယံ ၃ နိုင်ငံခရီးသည် နှစ်ဘက်လုံးအတွက် အကျိုးရှိစေသော ခရီးစဉ်တစ်ခုဖြစ်သည်။
 
   စင်ကာပူခရီးစဉ်အတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလားကရစ်ရှန်နှင့် တွေ့ရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်မှု မြှင့်တင်ရေးအတွက် အပြန်အလှန် ကတိပြုခဲ့ကြသည်ကို တွေ့ရသည်။
 
   စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ရာတွင် လီရှန်လွန်းက စင်ကာပူသည် အာဆီယံ-တရုတ်အကြားပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်နက်ရှိုင်းစေရန် ထောက်ခံအားပေးပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
   မလေးရှားခရီးစဉ်တွင် ဝမ်ယိသည် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် တွေ့ဆုံခဲ့ပြီး အန်ဝါက တရုတ်ကုမ္ပဏီလုပ်ငန်းများ မလေးရှားတွင် ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်နက်ရှိုင်းစွာဆောင်ရွက်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွားကိုဖော်ဆောင်သွားလိုကြောင်း ပြောခဲ့သည်။
 
   ဝမ်ယိက ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွားများ ရှိပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” နှစ်နိုင်ငံ အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်မှုရလဒ် များပြားကြောင်း၊ အရှေ့ဘက်ကမ်းရိုးတန်းရထားလမ်း၊ “နှစ်နိုင်ငံ၊ ဥယျာဉ်နှစ်ခု” တည်ဆောက်မှုများသည် စီးပွားရေးနှင့် လူမှုအသိုက်အဝန်းတွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိခဲ့ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အလားအလာကျယ်ပြန့်ကြောင်း၊ မလေးရှားနိုင်ငံနှင့်အတူ အလွန့်အလွန်ကြီးမားသော ဈေးကွက်အခွင့်အလမ်းများကို မျှဝေသွားလိုပြီး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးချဲ့၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွား၊ အတူဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း ပြောခဲ့သည်။ထိုခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ခဲ့သည်။
 
   ကမ္ဘောဒီးယားခရီးစဉ်တွင် ဝမ်ယိသည် ဝန်ကြီးချုပ် ဟွန်ဆန်၊ ဘုရင် နိုရိုဒွန် သီဟာမိုနီတို့နှင့် တွေ့ခဲ့သည်။
 
   ဟွန်ဆန်နှင့် တွေ့ရာတွင် ဟွန်ဆန်က ကမ္ဘောဒီးယား-တရုတ် အတူတကွတည်ဆောက်သည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ”သည် ကမ္ဘောဒီးယားနိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့ကြောင်း၊ "diamond hexagon" ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို တရုတ်နိုင်ငံနှင့် လက်တွဲအတူအကောင်အထည်ဖော်ရန် မျှော်လင့် လျက်ရှိကြောင်း ၊ “စက်မှုဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” နှင့် “ငါးနှင့် ဆန်စပါး စင်္ကြံ” တည်ဆောက်ရေးကို တွန်းအားပေး၍ကမ္ဘောဒီးယားနိုင်ငံ၏ ကိုယ်ထူကိုယ်ထ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ခြင်းစွမ်းရည်ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
 
   အဆိုပါခရီးစဉ်အတွင်း ဝမ်ယိသည် တောင်တရုတ်ပင်လယ်အခြေအနေနှင့်ပတ်သက်၍ ဖိလစ်ပိုင်နှင့် အငြင်းပွားနေသည့် ရန်အိုက်သောင်စွယ်ကျွန်းကိစ္စနှင့် တရုတ်၏ရပ်တည်ချက်ကို စင်ကာပူနှင့် မလေးရှားခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အမြင်သဘောထားချင်း ဖလှယ်ခဲ့သလို ပြောခဲ့သည်ကိုလည်း တွေ့ရသည်။
 
   တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်ကို ကြည့်ပါက ဒေသတွင်း တည်ငြိမ်ရေးကို အလေးထားသည့်တရုတ်၏အနေအထားကို တွေ့ရမည်ဖြစ်သလို ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူးလူးဆက်ဆံ ကုန်သွယ်ရေးတွင် အရေးပါသော BRI နောက်တစ်ဆင့်အတွက် ခြေလှမ်း လှမ်းနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်လေသည်။
 
လင်းသစ်အောင်