【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ထိပ်တန်းတံခါးဖွင့်မူဝါဒများက ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်များဖြစ်ပေါ်စေ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ထိပ်တန်းတံခါးဖွင့်မူဝါဒများက ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်များဖြစ်ပေါ်စေ

ခေတ်ပြိုင်ခေတ် တရုတ်နိုင်ငံရဲ့ အဓိကကျတဲ့ အမျိုးသားရေးမူဝါဒတစ်ခုမှာ တံခါးဖွင့်ဝါဒဖြစ်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအဖြစ်လည်း သတ်မှတ်ထားတာဖြစ်ပါတယ်။

၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ အမျိုးသားကွန်ကရက်မှ စတင်ပြီး သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်မူဝါဒအပေါ် အရေးပါမှုကို အလေးပေးခဲ့ပြီး အကြိမ် ၂၀ မြောက် အမျိုးသားကွန်ဂရက်မှာတော့ မဟာဗျူဟာကျတဲ့ အစီအစဉ်ကို ရေးဆွဲနိုင်ခဲ့ပါတယ်။

နိုင်ငံဟာ တရုတ်စတိုင် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ကြိုးစားနေချိန်လည်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။သမ္မတ ရှီ ပြောသလိုပင် တရုတ်ဟာ ပိုမိုအဆင့်မြင့်တဲ့ အလွှာတွေမှာ တံခါးဖွင့်မူဝါဒ ပြုလုပ်သွားဖို့၊ အခြားနိုင်ငံများနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေသွားဖို့၊ အားလုံးအတွက် ပွင့်လင်းမျှတပြီး အကျိုးထပ်တူရှိသော စီးပွားရေးပုံစံ ဖော်ဆောင်သွားဖို့ အမြဲမပြတ်ကြိုးစားနေတာဖြစ်ပါတယ်။တရုတ်အနေနဲ့ တံခါးဖွင့်မူဝါဒကို ကမ္ဘာကြီးအတွက် အပြန်အလှန်အကျိုးရှိစေတဲ့ မူဝါဒ၊ လူသားမျိုးနွယ်အတွက် မျှဝေသောအနာဂတ်ကို ပုံဖော်ပေးမယ့် လမ်းကြောင်းလို့ လက်ခံထားတာကို တွေ့ရမှာဖြစ်ပါတယ်။

တရုတ်ရဲ့ ထိပ်တန်းတံခါးဖွင့်ဝါဒတွေက ကမ္ဘာတစ်ဝှမ်း ဈေးကွက်အခွင့်အလမ်းတွေ ပိုရစေမှာဖြစ်ပါတယ်။လူဦးရေ ၁.၄ ဘီလီယံကျော်ရှိတဲ့ တရုတ်နိုင်ငံဟာ ဝင်ငွေမြင့်နိုင်ငံဖြစ်ရေး ဦးတည်နေပါတယ်။ဝင်ငွေတွေမြင့်တက်လာပြီး သုံးစွဲမှုနှုန်းအားကောင်းလာတာနဲ့ တစ်ပြိုင်နက် တရုတ်ဟာ အလားအလာကောင်းတဲ့ ဈေးကွက်ကြီးဖြစ်လာပါတယ်။တစ်နှစ်ကို သွင်းကုန်တန်ဖိုးဟာ ဒေါ်လာ ၂.၇ ထရီလီယံလောက်ရှိပြီး ဒါဟာ တစ်ကမ္ဘာလုံးရဲ့ ၁၁ ရာခိုင်နှုန်းဖြစ်တာကြောင့် တရုတ်ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး သွင်းကုန်ဈေးကွက်ဖြစ်လာတာ ၁၄ နှစ်တိုင်ပြီဖြစ်ပါတယ်။

တရုတ်ဟာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ လိုအပ်ချက်မြင့်မားမှုကိုလည်း မြင်လာပြီး သုံးစွဲမှုမြင့်တက်အောင် ကြိုးပမ်းလာတာကို တွေ့ရပါတယ်။ဒါကြောင့်ပဲ ဈေးကွက်ကြီးဖြစ်ပေါ်လာပြီး အခြားနိုင်ငံများအတွက် ဈေးကွက်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာဖြစ်ပါတယ်။ပြည်တွင်းရဲ့ ဝယ်လိုအားတွေ မြင့်တက်လာပြီး ဒီအခွင့်အလမ်းတွေကို အခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့လည်း မျှဝေတာကြောင့် တရုတ်ဈေးကွက်ကို ကမ္ဘာ့နိုင်ငံအသီးသီးက ဝင်ရောက်လာခွင့်ရှိတာဖြစ်ပါတယ်။တရုတ်ဟာ အားလုံးအတွက် မျှတမှု၊ တန်းတူညီမျှမှုရှိတဲ့ ဈေးကွက်ကို ဖော်ဆောင်သွားမှာဖြစ်ပြီး ပြည်တွင်းနဲ့ ပြည်ပ ကုန်သွယ်မှုတွေကို အားကောင်းစေမယ့် စည်းမျဉ်းတွေကနေတစ်ဆင့် အပြည်ပြည်ဆိုင်ရာစားသုံးမှု ဗဟိုမြို့များ ဖော်ဆောင်ခြင်း၊ ပိုးလမ်းမ အွန်လိုင်းစီးပွားရေး မြှင့်တင်ခြင်း၊ ခေတ်မီသော ပို့ဆောင်ရေးစနစ် တည်ဆောက်ခြင်းနဲ့ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးစွမ်းအင် တိုးချဲ့ခြင်းတို့ကို လုပ်ဆောင်မှာဖြစ်ပါတယ်။ထို့အပြင် သွင်းကုန်ကို ချဲ့ထွင်ပြီး ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နေတာကိုလည်း တွေ့ရပါတယ်။  

တရုတ်နိုင်ငံရဲ့ ရေရှည်မှာသွားမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ပန်းတိုင်အတွက် တရုတ်ဟာ ထိပ်တန်းတံခါးဖွင့်ဝါဒတွေကို ကျင့်သုံးပြီး နိုင်ငံများအား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ပေးနေတာဖြစ်ပါတယ်။ခေတ်သစ်ကို ဝင်ရောက်လာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကြံ့ကြံ့ခိုင်နိုင်ပြီး အလားအလာလည်းကောင်းနေတာဖြစ်ပါတယ်။ဒါကြောင့်လည်း ပြည်ပရင်းနှီးမြှုပ်နှံသူတွေက တရုတ်ဈေးကွက်အပေါ်မှာ ယုံကြည်ချက်ရှိပြီး ရင်းနှီးမြှုပ်နှံလိုတာဖြစ်ပါတယ်။

နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ်အသုံးပြုမှုဟာ ၂၀၂၂ ခုနှစ်မှာ ယွမ် ၁.၂ ထရီလီယံအထိ မြင့်တက်ခဲ့ပြီး ယခင်နှစ်ကထက် ၆.၃ ရာခိုင်နှုန်း တိုးတက်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ထိပ်တန်းအလွှာတွေမှာ ပွင့်လင်းမှုရှိတဲ့ စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ၊ စီမံခန့်ခွဲမှုနဲ့ စံနှုန်းများမှာလည်း တံခါးဖွင့်ဝါဒကို ကျင့်သုံးသွားမှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုန်ပစ္စည်းထုတ်လုပ်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။တရုတ်အနေနဲ့ ဈေးကွက်ဝင်ရောက်ခွင့်ကို ချဲ့ထွင်မှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ ပြုလုပ်မှာဖြစ်ပါတယ်။ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အားပေးသော နယ်ပယ်များ သတ်မှတ်ချက်ကိုလည်း အပြည့်အဝ အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားမှာဖြစ်ပြီး ဝန်ဆောင်မှုကဏ္ဍမှာလည်း ပိုမိုပွင့်လင်းနိုင်ဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။

ထို့အပြင် တရုတ်ဟာ ကုန်သွယ်မှုလွတ်လပ်သော နယ်ပယ်တွေကို စမ်းသပ်ချက်အနေနဲ့ အဆင့်မြှင့်တင်ခြင်း မဟာဗျူဟာတွေကို ဖော်ဆောင်ဖို့ရှိပါတယ်။ဟိုင်နန် လွတ်လပ်စွာကုန်သွယ်သောဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကို အရှိန်မြှင့်တင်ပြီး ပိုမိုအဆင့်မြင့်သော တံခါးဖွင့်ခြင်းများ၊ ပြုပြင်ပြောင်းလဲခြင်းများကို ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

တရုတ်အနေနဲ့ ဈေးကွက်ဗဟိုပြုပြီး ဥပဒေအခြေခံသော နိုင်ငံတကာဈေးကွက်တစ်ခု ဖြစ်လာစေရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အကောင်အထည်ဖော်သွားမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အကျိုးရှိစေဖို့နဲ့ အစိုးရရဲ့ ဝယ်ယူမှု၊ လေလံနဲ့ စံနှုန်းသတ်မှတ်ချက်လုပ်ငန်းတွေမှာ တစ်ပြေးညီပါဝင်နိုင်ဖို့ မူဝါဒတွေ ဆက်လက်ချမှတ်ရန်လည်းရှိပါတယ်။နိုင်ငံအနေနဲ့ ဌာနပေါင်းစုံ တိုင်တန်းမှု ပူးပေါင်းဆောင်ရွက်ရေးယန္တရားကို တည်ဆောက်ကာ အလွှာပေါင်းစုံမှာ တိုင်တန်းမှုတွေကို ဖြေရှင်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးသွားမှာလည်းဖြစ်ပါတယ်။ ထိုလုပ်ဆောင်မှုများမှတစ်ဆင့် တရုတ်ဟာ နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေဆီ ဦးတည်မှာဖြစ်ပြီး နိုင်ငံအားလုံးအတွက် မျှဝေမှုရှိတဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကနေ အခွင့်အလမ်းတွေ ထွက်ပေါ်လာဖို့ အကောင်အထည်ဖော်မှာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အရည်အသွေးမြင့် ခါးပတ်နှင့် လမ်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနေပြီး အားလုံးပူးပေါင်းမှုနဲ့ အကျိုးရလဒ်မျှဝေမှုတွေကို ရယူနေကာ ပွင့်လင်းသော၊ သန့်ရှင်းသော အုပ်ချုပ်ရေးတစ်ရပ်ဆီလည်း ဦးတည်နေတာဖြစ်ပါတယ်။ထို့အပြင် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုံခြုံရေးအားထုတ်မှုတွေနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။တရုတ်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှုစနစ် ပြန်လည်ပြုပြင်ပြောင်းလဲရေးမှာ တက်ကြွစွာ ပါဝင်လာမှာဖြစ်ပြီး တရုတ်ရဲ့ ပညာနဲ့ ဖြေရှင်းချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ထိုမှတစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး ညှိုနှိုင်းဆွေးနွေးမှုတွေမှာ နက်နက်နဲနဲပါဝင်လာပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို အဆင့်မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ အသေးစားစီးပွားရေးမူဝါဒ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုက်တွန်းပြီး ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအတွက် တွန်းအားတစ်ခုလည်း ဖြစ်စေမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပစိဖိတ်ဖြတ်ကျော်မဟာမိတ်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက်နဲ့ ဒစ်ဂျစ်တယ်စီးပွားရေး မဟာမိတ်သဘောတူညီချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်သလို စံနှုန်းမြင့် လွတ်လပ်စွာကုန်သွယ်သော နယ်ပယ်များအတွက် ကမ္ဘာလုံးဆိုင်ရာ ဗဟိုပြုကွန်ရက်ကိုလည်း ချဲ့ထွင်မှာဖြစ်ပါတယ်။ထို့နောက် တရုတ်သည် မတူညီသော နိုင်ငံများ၏ ကွဲပြားသော ထုတ်ကုန်အားသာချက်များတွင်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာစီးပွားရေးနယ်ပယ်၊ ကုန်သွယ်မှုဆက်ဆံရေးများ၌ ကွဲပြားမှုများ အားလုံးပါဝင်ရေး၊ တည်ငြိမ်မှုများရှိစေရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး အုတ်မြစ်ကို အားကောင်းစေခြင်း၊ အဓိကနိုင်ငံကြီးများအကြား အပြုသဘောဆောင်သော ဆက်ဆံရေးဖြစ်ထွန်းစေခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေး နက်ရှိုင်းစေခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား မြန်ဆန်သော ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ရောက်အောင် ကူညီခြင်းတို့ဖြင့် အပြန်အလှန်အကျိုးရေစေမယ့် ရလဒ်များဆီ ဦးတည်နေတာဖြစ်ပါတယ်။

တရုတ်အနေနဲ့ ကမ္ဘာ့နိုင်ငံများအကူအညီမပါဘဲ မဖွံ့ဖြိုးမတိုးတက်နိုင်သလို ကမ္ဘာကြီးသည်လည်း တရုတ်မပါဘဲ ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပါ။

သမ္မတရှီက “မိမိတို့အနေနဲ့ ထိပ်တန်းအလွှာတွေမှာ တံခါးဖွင့်ဝါဒကို မြှင့်တင်ရခြင်းဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ကောင်းကွက်၊ အရင်းအမြစ်တွေကိုပဲ အသုံးပြုပြီး မိမိတို့အတွက် ဖွံ့ဖြိုးတိုးတက်စေရုံသက်သက်မဟုတ်ဘဲ ကမ္ဘာကြီးအတွက် ဘုံဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေတာပဲဖြစ်ပါတယ်” ဟု ဆိုပါတယ်။

ရှေ့ဆက်ပြီး တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာကြီးထံ တံခါးကို ပိုကျယ်ကျယ်ဝန်းဝန်း ဖွင့်ပေးထားမှာဖြစ်ပြီး ဈေးကွက်အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီးဆီ ယူဆောင်လာပေးမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် တွန်းအားတစ်ရပ်ဖြစ်စေမှာဖြစ်ပါတယ်။

တရုတ်ရဲ့ ဉာဏ်ပညာ၊ ဖြေရှင်းချက်တွေ၊ တရုတ်ရဲ့ ခွန်အားတွေကို ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုမှာ ပါဝင်စေပြီး လူသားမျိုးနွယ်အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်။  

Linko
Ref - CMG