【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှု အင်ဂျင်အသစ်ဖြစ်တဲ့ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှု အင်ဂျင်အသစ်ဖြစ်တဲ့  ဒစ်ဂျစ်တယ်ကုန်သွယ်ရေး

ဒု-အကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်မှုပြပွဲကို နိုဝင်ဘာလ၌ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂုဏ်ပြုလွှာပေးပို့ခဲ့ပြီး ဒစ်ဂျစ်တယ်ကုန်သွယ်ရေးကို ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်အသစ်အဖြစ် တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။  

ဒစ်ဂျစ်တယ်ကုန်သွယ်ရေးသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်လာပြီး ဒစ်ဂျစ်တယ်နည်းပညာများနှင့် တီထွင်ဆန်းသစ်သော စီးပွားရေးများ အသစ်ပေါ်ထွန်းလာသည်နှင့်အမျှ သမားရိုးကျ ကုန်သွယ်မှုပုံစံများသည် ပြောင်းလဲလာပြီဖြစ်သည်။   

ဒစ်ဂျစ်တယ်ကုန်သွယ်ရေး၏ အားသာချက်မှာ ငွေကြေးလွှဲပြောင်းမှု ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ ချောမွေ့မှုရှိခြင်း၊ ဈေးကွက်ချဲ့ထွင်နိုင်ခြင်းနှင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။

တရုတ်၏ ဒစ်ဂျစ်တယ်ကုန်သွယ်မှု တိုးတက်မှုမှာ ဆောလျင်စွာ စတင်ခဲ့ပြီး အရေးပါသော တိုးတက်မှုအလားအလာများ ရှိနေခြင်းဖြစ်သည်။တရုတ်တွင် အင်တာနက်သုံးစွဲသူ တစ်ဘီလီယံခန့်ရှိပြီး အင်တာနက်၏ ထိုးဖောက်မှုနှုန်းသည်လည်း ၇၅.၆ ရာခိုင်နှုန်းဖြစ်သောကြောင့် ကြီးမားသော ဈေးကွက်နေရာနှင့် အချက်အလက် အားသာချက်များ ရှိနေခြင်းဖြစ်သည်။  

တရုတ်အစိုးရသည် ဒစ်ဂျစ်တယ်စီးပွားရေးကို အာရုံစိုက်လျက်ရှိပြီး ဒစ်ဂျစ်တယ်ကုန်သွယ်ရေး မြှင့်တင်ရန် မူဝါဒများ ချမှတ်လျက်ရှိကာ ဒစ်ဂျစ်တယ် တရုတ်နိုင်ငံကို ၂၀၂၅ ခုနှစ်တွင် တည်ဆောက်ရန် ကတိကဝတ်ပြုထားခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများသည်လည်း အရေးပါသောကဏ္ဍတွင်ရှိနေပြီး အထူးသဖြင့် 5G နှင့် ကလောက် ကွန်ပြူတာစနစ်ကဲ့သို့သော နည်းပညာများတွင် ခိုင်မာသော နည်းပညာအထောက်အပံ့နှင့် ပလက်ဖောင်းရှိခြင်းက ဒစ်ဂျစ်တယ်ကုန်သွယ်ရေး တိုးတက်မှုကို တွန်းအားဖြစ်စေမည်ဖြစ်သည်။  

တရုတ်က ကမ္ဘာ့အဆင့်မြင့် ဒစ်ဂျစ်တယ်စီးပွားရေးနိုင်ငံအဖြစ် ပေါ်ပေါက်လာရခြင်းမှာ အင်တာနက်အသုံးပြုသူများ၏ ဈေးကွက်က အားဖြည့်ပေးသော ဒစ်ဂျစ်တယ်ဂေဟဗေဒစနစ်များ၏ တွန်းအားကြောင့်ဖြစ်သည်။ Alibaba, Tencent, JD.com, ByteDance နှင့် iFlytek ကဲ့သို့သော ကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်စီးပွားရေးတွင် လွှမ်းမိုးမှုရှိပြီး တရုတ်၏ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးအတွက် အားကောင်းသောအရှိန် ဖြစ်စေခဲ့သည်။

တရုတ်သည် မိုဘိုင်းငွေပေးချေမှုတွင်လည်း ကမ္ဘာလုံးဆိုင်ရာတွင် ဦးဆောင်လျက်ရှိပြီး WeChat Pay နှင့် Alipay တို့သည် ပြည်သူများ၏ ဘဝကို သက်သောင့်သက်သာရှိစေပြီး ဒစ်ဂျစ်တယ်ကုန်သွယ်ရေးအတွက် ငွေပေးချေမှုကိုလည်း အဆင်ပြေစေသည်။

နိုင်ငံတစ်ဝန်းတွင် တီထွင်ဆန်းသစ်သော စွန့်ဦးတီထွင်လုပ်ငန်းများ ပေါ်ထွန်းလာသည်နှင့်အမျှ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးအတွက်လည်း နည်းလမ်းအသစ်များနှင့် အရည်အသွေးအသစ်များ ပေါ်ထွန်းလာကာ တရုတ်အား ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ရှေ့တန်းသို့ တွန်းပို့ပေးနေခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်ကုန်သွယ်မှု တိုးတက်လာခြင်းသည် တရုတ်၏ စီးပွားရေးတိုးတက်မှုတွင် အရည်အသွေးမြင့် တိုးတက်မှုဆီသို့ တွန်းပို့နေသော အင်ဂျင်သစ်ဖြစ်လာသည်။ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းအားဖြင့် ကွန်ရက်ချိတ်ဆက်မှုနှင့် သမားရိုးကျနယ်ပယ်များအား အသွင်းပြောင်းမှုများ အားကောင်းလာပြီး စက်မှုပြိုင်ဆိုင်မှုကို မြင့်တက်စေသည်။ထိုအခါတွင် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် ပိုမိုပါဝင်လာနိုင်ပြီး အထူးသဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်ကဏ္ဍနှင့် ဒေတာစီးဆင်းမှုများတွင် နိုင်ငံတကာအခန်းကဏ္ဍကို ပိုမိုမြင့်မားစေသည်။

ဒစ်ဂျစ်တယ်ကုန်သွယ်မှုကြောင့် ပြည်တွင်းဝယ်လိုအား တက်လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်သည်။သမားရိုးကျ နိုင်ငံတကာကုန်သွယ်မှုအပြင် စီးပွားရေးပုံစံအသစ် ပေါ်ပေါက်လာသောကြောင့် တရုတ်စီးပွားရေးလုပ်ငန်းများသည်လည်း နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိလာသည်။ဒစ်ဂျစ်တယ်ကုန်သွယ်မှသည် လျင်မြန်စွာကြီးထွားလာပြီး သတင်းအချက်အလက် နည်းပညာများကို တီထွင်ဆန်းသစ်ခြင်းဖြင့်လည်း နည်းပညာပိုင်းတွင် စွမ်းရည်မြင့်တက်လာသည်။ထို့ကြောင့် ဒေသတွင်းတွင် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို တံထားထိုးပေးနိုင်ပြီး စီးပွားရေးတိုးတက်မှု ဟန်ချက်ကို မျှတစေနိုင်ခြင်းဖြစ်သည်။

ရှေ့ဆက်ပြီး ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ပလက်ဖောင်းများ တည်ဆောက်ရေး အားကောင်းစေရန်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှု သရုပ်ဖော်ဇုန်များ တည်ဆောက်ရေးကို အရှိန်မြှင့်တင်သွားရန် လိုအပ်သည်။

တရုတ်သည် ပြပွဲများမှတစ်ဆင့် အဆင့်မြင့် တံခါးဖွင့်ခြင်းများပြုလုပ်ကာ ဒစ်ဂျစ်တယ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသွားမည်ဖြစ်ပြီး အခြားသောနိုင်ငံများနှင့် ရရှိလာသော အခွင့်အလမ်းများကို မျှဝေသွားမည်ဖြစ်သည်။  

စိုးနိုင်ထွန်း
Ref : CMG | Digital Trade, a new engine for China's high-quality development