【 နိုင်ငံတကာဆောင်းပါး 】 နှစ်သစ်ကူး တရုတ်စီးပွားရေး အလားအလာ

【 နိုင်ငံတကာဆောင်းပါး 】 နှစ်သစ်ကူး တရုတ်စီးပွားရေး အလားအလာ

လာမည့် ၂၀၂၄ ခုနှစ် နွေဦးပွဲတော်ကာလတွင် တရုတ်နိုင်ငံတွင်း ခရီးသွားလာမှုအတွင်း ခရီးသွား ၉ ဘီလီယံအထိရှိလာမည်ဟု တရုတ်အာဏာပိုင်များက ခန့်မှန်းကြသည်။
 
ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းများသည် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၇ ရက်အထိ ၈ ရက် ကြာ မြင့်မည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း ပြေးဆွဲမှုတိုးမြင့်ရမည့် ခရီးစဉ်နှင့် ခေါက်ရေများအတွက် ကြိုတင်ပြင်ဆင်နေကြသည်။
 
နွေဦးပွဲတော်ဟုလည်း လူသိများသည် တရုတ်နှစ် သစ်ကူးကာလအတွင်း ပျားပန်းခပ်စွာ စီစဉ်ရမှုသည် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ်စားသုံးမှုပြန်လည်ဦးမော့လာမှု၏ အရေးကြီးသော လက္ခဏာတစ်ရပ်ဖြစ်ပြီး စားသုံးမှုဈေးကွက်၏ အပြုသဘောဆောင်သော မျှော်လင့်ချက်များ နှင့် ယုံကြည်မှုတို့ကို ထင်ဟပ်စေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
 
ခရီးသွားလာမှုအရှိန်အဟုန် မြင့်တက်ခြင်းသည် နိုင်ငံ၏ တစ်နှစ်ပတ်လုံး တည်ငြိမ်သောစီးပွားရေးတိုးတက်မှုအတွက် ခိုင်မာသောအုတ်မြစ်ချခြင်းအဖြစ် ရှုမြင်ကြသလို ထိုအကျိုးဆက်သည် ပြည်တွင်းသာမက ကမ္ဘာကပါ ခံစားရသည်။
 
ရက် ၄၀ ကြာ နွေဦးပွဲတော်အတွက် သန်းနဲ့ချီသော ရွှေ့ပြောင်းအလုပ်သမားတွေ၏ သူတို့ရဲ့မွေးရပ်မြေကို ပြန်ကြခြင်းသည် ကမ္ဘာ့လုံးဆိုင်ရာ အစုလိုက်အပြုံလိုက် ခရီးသွားလာမှုကို ဖြစ်စေသည်။မိသားစုပြန်လည်ဆုံစည်းရန်အတွက် အိမ်ပြန်ကြသည့် သန်းပေါင်းများစွာသော လူများသည် ဇန်နဝါရီ ၂၆ ရက်မှ မတ်လ ၅ ရက်အထိကူးလူးသွားလာကြမည်ဖြစ်ရာ သယ်ယူပို့ဆောင်ရေးလိုအပ်ချက် မြင့်မားသော ကာလဖြစ်သည်။ 
 
တရုတ်ပြည်တွင်းတစ်ခုတည်း၌ပင် ထိုကာလ အများပြည်သူသယ်ယူပို့ဆောင်ရေးကို အသုံးပြု၍ ခရီးစဉ် ၃ ဘီလီယံနီးပါးရှိလာမည်ဟု မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုသည်။တရုတ်နိုင်ငံ၏ ရထားလမ်းကွန်ရက်သည် မျှော်မှန်းထားသည့် ခရီးသည် ၄၁၃ သန်းကို ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ထိုပမာဏသည် ယမန်နှစ်ကထက် ၈ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။လေကြောင်းဖြင့် လူပေါင်း ၇၃ သန်းခန့် သွားလာကြမည်ဖြစ်ပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။
 
ထိုကာလသည် တရုတ်လူမျိုးများအဖို့ မိသားစုနှင့် ပြန်လည်ဆုံစည်းရန်အတွက် နှစ်တစ်နှစ်၏ အရေးကြီးဆုံးအချိန်ဖြစ်ပြီး တရုတ်နိုင်ငံတိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ မျိုးဆက်သစ် တရုတ်လူမျိုးများသည် ပြည်ပသို့ ခရီးထွက်ရန် ပို၍ရွေးချယ်လာကြသည်။ထို့ကြောင့်ပင် တရုတ်နှစ်သစ်ကူးကာလသည် ကမ္ဘာလုံးဆိုင်ရာခရီးသွားဒေသများနှင့် နိုင်ငံများသာမက ကုန်စည်များအတွက်ပါ အထူးတလည် အာရုံစိုက် အရေးထားနေရသည့် အရောင်းကာလဖြစ်လာသည်။
 
တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာန အဆိုအရမူ နွေဦးပွဲတော် ခရီးသွားရာသီအတွင်း ခရီးသွားလာမှုသည် ၉ ဘီလီယံအထိ စံချိန်တင်မျှော်မှန်းထားပြီး ရထား၊ ကား၊ ရေလမ်းနှင့် လေကြောင်း ခရီးသွားလာမှုသည် ၁.၈ ဘီလီယံရှိမည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။ထိုကာလအတွင်း ခရီးသွားများ၏ သုံးစွဲမှုသည်လည်း ပြီးခဲ့သည့်နှစ်ထက် ပိုမိုများပြားနိုင်မည်ဟု ခန့်မှန်းထားသည်။
 
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က နှစ်သစ်ကူးပိတ်ရက်ရှည် အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွား လုပ်ငန်းမှရရှိသည့် စုစုပေါင်းဝင်ငွေသည် ယွမ် ၃၇၅.၈ ဘီလီယံ (ဒေါ်လာ ၅၅.၆ ဘီလီယံ) ရှိခဲ့သည်။ပြည်တွင်းခရီးသွားလာမှုသည် တစ်နှစ်ထက် တစ်နှစ် တိုးတက်နေရာ ၂၀၂၃ ခုနှစ် ခရီးသွားလာမှုသည်  ၂၀၂၂ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။သို့သော် ကိုဗစ်မဖြစ်ပွားမီ ၂၀၁၉ ခုနှစ် ပြည်တွင်းခရီးသွားလာမှု၏ ၇၃.၁ ရာခိုင်နှုန်း ခန့်သာရှိသေးသည်။ထို့ကြောင့် ယခုနှစ်တွင် တရုတ်နိုင်ငံသားများ၏ ပြည်တွင်းနှင့် နိုင်ငံတကာသို့ ခရီးသွားလာမှုသည် ယခင်နှစ်ထက် ပိုမိုများပြားလာမည်ဟု ခရီးသွားလေ့လာသူများက မျှော်လင့်နေကြသည်။
 
တရုတ်နွေဦးအားလပ်ရက်အပေါ် တရုတ်ပြည်တွင်းခရီးသွားလုပ်ငန်းများသာ အကောင်းမြင်ထားသည် မဟုတ်။အာရှနှင့် ဥရောပကလည်း အကောင်းဘက်မှ မျှော်လင့်ထားသည်။ခရီးသွားနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တရုတ်ခရီးသွားများထံမှ ဒေါ်လာ ၁၅.၃၉ ဘီလီယံခန့်ရရှိခဲ့ရာ နိုင်ငံတကာမှ လာရောက်သူ ခရီးသွားမှ စုစုပေါင်း၀င်ငွေ၏ ၂၇ ရာခိုင်နှုန်းခန့်ကို ရရှိခဲ့သည်။ယခုနှစ် နွေဦးကာလအတွက် တရုတ်ခရီးသွားများအတွက် ရေပန်းစားသော နေရာများစာရင်းကို ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ မလေးရှားနှင့် စင်ကာပူတို့ကဲ့သို့ အာရှနိုင်ငံများက လွှမ်းမိုးထားသည်ဟု ခရီးသွားကုမ္ပဏီ Trip.com က ဆိုသည်။
 
၂၀၂၃ ခုနှစ်ကို ပြန်ကြည့်လျှင် တရုတ်နှစ်သစ်ကူးကာလနောက်ပိုင်း တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် လက်လီရောင်းအားတို့မှာ သိသိသာသာတိုးတက်ခဲ့ပြီး ပြည်တွင်းစားသုံးမှု အရှိန်အဟုန် ကောင်းမွန်စေခဲ့သည်။ယခုအခါ တရုတ်နှစ်သစ်ကူး အားလပ်ရက်များသည် တရုတ်ပြည်တွင်း စီးပွားရေးတစ်ခုတည်းသက်သက်ကိုသာ ကြီးမားစွာသက်ရောက်စေသည် မဟုတ်တော့။ဒေသတွင်းအပြင် ကမ္ဘာ့စီးပွားရေးကိုပါ ကြီးကြီးမားမား သက်ရောက်နေပြီဖြစ်သည်။ 
 
အထူးသဖြင့် တရုတ်နှစ်သစ်ကူးကာလ တရုတ်ခရီးသွားအများအပြား၏ ကမ္ဘာလှည့်ခရီးသွားလာမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းကို သိသိသာသာအထောက်အကူ ပြုစေခြင်းပင်ဖြစ်သည်။
 
ထိုကာလတွင် နာမည်ကြီး ခရီးသွားနေရာများရှိ စီးပွားရေးလုပ်ငန်းများသည် တရုတ်ဧည့်သည်များ ဝင်ရောက်လာမှုအတွက် ၎င်းတို့၏ စျေးကွက်ရှာဖွေရေးဗျူဟာများနှင့် ကမ်းလှမ်းမှုများကို လိုက်လျောညီထွေ ပြင်ဆင်ရလေ့ရှိသည်။ရေခဲနှင့် နှင်းများ အပန်းဖြေရန် (သို့မဟုတ် ) ပူနွေးသော တောင်ဘက်သို့ ချမ်းအေးသော မြောက်ဘက်သို့ ခရီးစဉ်များသည် အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားများအတွက် ရေပန်းစားသည့် လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပြီး ပလက်ဖောင်းပေါ်တွင် ကြိုတင်စာရင်းသွင်းမှုများသည် ယခင်နှစ်ကာလတူထက် ခုနစ်ဆကျော် မြင့်တက်လာခဲ့သည်။
 
တရုတ်စီးပွားရေးကို နှစ်စတွင် ကျင်းပသည့် နွေဦးပွဲတော်ဖြင့် အစပျိုးလေ့ရှိရာ နွေဦးပွဲတော်ကာလ သုံးစွဲမှုသည် တစ်နှစ်တာလုံးတရုတ်စီးပွားရေးကို မောင်းနှင်သွားလေ့ရှိသည်ကို တွေ့ရသည်။တရုတ်ရုပ်ရှင်လုပ်ငန်း တစ်ခုတည်းကပင် ပြီးခဲ့သည့် နှစ်သစ်ကူး အားလပ်ရက်အတွင်း ယွမ် ၁.၅၃ ဘီလီယံခန့် စံချိန်တင် ဝင်ငွေရရှိခဲ့ရာ ယခုနှစ်တွင် ထိုစံချိန်ကို ချိုးဖျက်ရန် ရည်ရွယ်ထားသည်။
 
တရုတ်စီးပွားရေး အားကောင်းလာမှုသည် ကမ္ဘာ့စီးပွားရေး နာလန်ထူလာမှု၏ အလားအလာကောင်းအဖြစ် ရှုမြင်လာကြပြီဖြစ်သည်။ပြန်လည်နာလန်ထူလာခြင်း၊ ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာခြင်းနှင့် ကျယ်ပြန့်သော မူဝါဒနယ်ပယ်များကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်သောပြန်လည်ထူထောင်ရေးနှင့် တိုးတက်မှုကို မြင်တွေ့နေရသည်ဖြစ်ရာ ဇန်နဝါရီ ၂၆ ရက်မှ မတ်လ ၅ ရက်အထိ ပျားပန်းခပ်မျှသွားလာကြမည့် နွေဦးပွဲတော်ကာလက တရုတ်စီးပွားရေးကို မည်မျှတွန်းတင်သွားဦးမလဲဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။
 
စိုးငြိမ်း