【 နိုင်ငံတကာဆောင်းပါး 】 ပြင်ပသို့ တံခါးဖွင့်လှစ်ရန် အရေးကြီးအစီအမံ

【 နိုင်ငံတကာဆောင်းပါး 】 ပြင်ပသို့ တံခါးဖွင့်လှစ်ရန် အရေးကြီးအစီအမံ

ပြီးခဲ့သော နှစ်ပေါင်း ၄၀ ကျော်အတွင်းတွင် တရုတ်၏ ပြည်ပသို့ တံခါးဖွင့်ဝါဒသည် စီးပွားရေးတိုးတက်မှုအတွက် အဓိကသော့ချက်ဖြစ်ခဲ့ပြီး ပိုမို၍ ပွင့်လင်းစွာ ပြည်ပသို့ တံခါးဖွင့်လှစ်နိုင်ရေးအတွက် သမ္မတ ရှီကျင့်ဖျင်က အဓိကမဟာဗျူဟာ လေးချက်ကို ကြေညာခဲ့သည်။

ထိုမဟာဗျူဟာများကို အောက်ပါမျှော်မှန်းချက်များအတိုင်း အကောင်အထည် စတင်ဖော်နေပြီဖြစ်သောကြောင့် တရုတ်၏ ပြည်ပသို့ တံခါးဖွင့်လှစ်ခြင်းသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်လာပြီဟု ဆိုနိုင်ပြီဖြစ်သည်။

           ၁။ တံခါးဖွင့်ဝါဒအား မရှိမဖြစ် လိုအပ်ချက်အဖြစ် ထားရှိပြီး ကမ္ဘာ့နိုင်ငံများအတွက် အခွင့်အလမ်းများ ယူဆောင်ပေးရေး

တရုတ်အတွက် ပြည်ပသို့ တံခါးဖွင့်လှစ်ခြင်းသည် ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်မှုတို့အတွက် များစွာအထောက်အကူပြုခဲ့သည်။ပြည်ပအခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ တရုတ်သည်လည်း အားသာချက်အသစ်များကို ရှာဖွေမှသာ နိုင်ငံတကာယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပါဝင်နိုင်မည်ဖြစ်သည်။ထို့ကြောင့် ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်လှစ်ရေးအတွက် မဟာဗျူဟာကျ ဆောင်ရွက်ရမည်ဖြစ်ပြီး အမေရိကန်ကဲ့သို့သော နိုင်ငံများက တစ်ဖက်သတ်ဆန်စွာ လွှမ်းမိုးနေမှုများကို တွန်းလှန်ကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးချိတ်ဆက်ခြင်းနှင့် အားလုံးပါဝင်ပြီး အားလုံးအတွက် အကျိုးရှိသောရလဒ်များဖြစ်အောင် ဖန်တီးရမည်ဖြစ်သည်။လူသားမျိုးနွယ်အတွက် မျှဝေသော အနာဂတ်ရှိသည့် အသိုက်အဝန်းကို တည်ဆောက်ရန် နိုင်ငံတကာအတွင်း ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ကမ္ဘာ့ဒုတိယ စီးပွားရေးနိုင်ငံဖြစ်သော တရုတ်၏ တံခါးဖွင့်ဝါဒသည် အခြားသော နိုင်ငံများအတွက် မျှဝေသော တိုးတက်မှုများကို ယူဆောင်ပေးလာနိုင်မည်ဖြစ်သည်။

           ၂။ အရေးပါသော နယ်ပယ်များ၌ ဈေးကွက်ဝင်ရောက်ခွင့် ချဲ့ထွင်ရေးကို တံခါးဖွင့်ဝါဒ၏ ဦးစားပေးတစ်ခုအဖြစ် ထားရှိရေး

ခေတ်မီဝန်ဆောင်မှု နယ်ပယ်များနှင့် အထွေထွေထုတ်လုပ်ရေး နယ်ပယ်များ၌ ဈေးကွက်ဝင်ရောက်မှုရှိသော တံခါးဖွင့်ဝါဒကို အားလုံးက စိတ်ဝင်စားကြပြီး မျှော်လင့်လျက်ရှိသည်။အထူးသဖြင့် ဘဏ္ဍာရေးနှင့် ကုန်ထုတ်ရေးကဏ္ဍတို့ဖြစ်သည်။တရုတ်၏ ဘဏ္ဍာရေးနယ်ပယ်သည် ကန့်သတ်ချက်များစွာနှင့် ဖွင့်လှစ်မှုအနည်းဆုံးဖြစ်ခဲ့ပြီး နိုင်ငံတကာငွေကြေးအဖွဲ့များနှင့် မယှဉ်ပြိုင်နိုင်ဖြစ်ခဲ့ရသည်။

ယခုအခါတွင်မူ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့များ တည်ထောင်ခွင့်ပေးခြင်းတို့ဖြင့် ကန့်သတ်ချက်များကို ဖြေလျှော့လာပြီဖြစ်သောကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက်လည်း ရွေးချယ်စရာများပြားလာပြီဖြစ်သည်။ဈေးကွက် ဝင်ရောက်ခွင့် ချဲ့ထွင်ခြင်းများကို ဘဏ္ဍာရေးလုပ်ငန်းအပြင် မော်တော်ယာဉ်ထုတ်လုပ်ရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက်ပါ ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်သည်။

           ၃။ ပိုမိုဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တည်ဆောက်ရေး

ရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်ရန် တရုတ်သည် အခွန်အခ၊ လုပ်သားအရင်းအမြစ်နှင့် ကုန်ကျစရိတ်၊ စက်မှုပြိုင်ဆိုင်ရေးမူဝါဒ၊ ဈေးကွက်စည်းမျဉ်းနှင့် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးတို့တွင် များစွာသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။တစ်ချိန်တည်းတွင် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာသောကြောင့် တရုတ်အနေဖြင့် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးစည်းမျဉ်းများနှင့် ပိုမိုကိုက်ညီပြီး ပွင့်လင်းမြင်သာမှုရှိရေး၊ ဉာဏပိုင်ဆိုင်မှုခိုင်မာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အားလုံးအတူ ပါဝင်ယှဉ်ပြိုင်ရေးတို့ကို အားဖြည့်သွားမည်ဖြစ်သည်။

လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်များအတွက် စမ်းသပ်ခြင်း စီမံကိန်းများကို ချဲ့ထွင်လာခဲ့ပြီး အောင်မြင်မှုများစွာလည်း ရရှိနေပြီဖြစ်သည်။ကန့်သတ်ချက်များ များပြားသော မော်တော်ယာဉ်ထုတ်လုပ်ရေး၊ သင်္ဘောတည်ဆောက်ရေး၊ လေယာဉ်၊ ဘဏ္ဍာရေးနှင့် စွမ်းအင်ကဲ့သို့သော ကဏ္ဍများတွင် ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းနှင့် နိုင်ငံခြားသားများအတွက် အလုပ်-လုပ်ခွင့်နှင့် ဗီဇာအား လွယ်ကူစွာထုတ်ပေးခြင်းတို့ဖြင့် ပန်းတိုင်ကို ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

           ၄။ ဉာဏပစ္စည်းအခွင့်အရေး ကာကွယ်ခြင်းအား အားကောင်းစေခြင်းဖြင့် တရုတ်စီးပွားရေးအတွက် ယှဉ်ပြိုင်မှုတွင် အားသာစေရေး

ဈေးကွက်ဝင်ရောက်သူများအတွက် ဉာဏပစ္စည်းအခွင့်အရေး အကာအကွယ်ပေးရေးသည် အဓိကသော့ချက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးစီးပွားကို အမြင့်ဆုံးရရှိနိုင်ရေးနှင့် တီထွင်ဆန်းသစ်မှု အသီးအပွင့်များကို အားလုံးမျှဝေခံစားရေးကို သင့်တော်သောနည်းလမ်းဖြင့် ဟန်ချက်မျှ ဆောင်ရွက်ရမည်ဖြစ်သည်။တရုတ်သည် ဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်ဉာဏပစ္စည်းဆိုင်ရာရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ထိုအဖွဲ့အစည်းသည် တရုတ်ရှိ ပြည်ပရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးမည်သာမက ပြည်ပတွင် ရင်းနှီးမြှုပ်နှံနေသော တရုတ်ကုမ္ပဏီများအတွက်ပါ အကာအကွယ်ဖြစ်စေမည်ဖြစ်သည်။ဉာဏပစ္စည်းကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတစ်လျှောက် တိုးတက်မှုများသည် တရုတ်၏ ဥပဒေအခြေခံသော ပတ်ဝန်းကျင်တည်ဆောက်ရေး အားကောင်းစေရန် လုပ်ဆောင်နိုင်သည့် အင်အားအာဏာကို မီးမောင်းထိုးပြလျက်ရှိသည်။

           ၅။ သွင်းကုန်ကို ချဲ့ထွင်ပြီး နိုင်ငံတကာပေးချေမှုများ၏ ဟန်ချက်ကို မြှင့်တင်နိုင်မည့် မူဝါဒလမ်းကြောင်းရရှိရေး

တရုတ်သည် သွင်းကုန်ကို ပိုမိုမြှင့်တင်လိုပြီး နှစ်နိုင်ငံကုန်သွယ်မှုများကို ဟန်ချက်ထိန်းထားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။သွင်းကုန်နှင့် ပို့ကုန်အကြား ကွာခြားချက်ကြီးမားလာပါက နှစ်ဖက်စလုံးအတွက် ထိခိုက်နိုင်ပြီး ကုန်သွယ်ရေးဟန်ချက်ကို ပျက်ပြားစေနိုင်မည်ဖြစ်သည်။တရုတ်အတွက် အထိရောက်ဆုံး နည်းလမ်းမှာမူ သွင်းကုန်မြှင့်တင်ရန်ဖြစ်သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ကုန်သွယ်ရေးဟန်ချက်ညှိနိုင်သည်သာမက ဈေးကွက်ဖွင့်လှစ်ရေးကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။

သွင်းကုန်များ မြှင့်တင်ရာတွင်လည်း ကုန်သွယ်အခွန်အခများကို လျှော့ချမည့် ကြေညာချက်များ ပြုလုပ်ခဲ့သည်။ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် တရုတ်သာမက အဓိကကုန်သွယ်ဖက်နိုင်ငံများအတွက်လည်း အပြန်အလှန်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - China’s Opening-Up Has Entered a New Stage | cpifa