【 နိုင်ငံတကာဆောင်းပါး 】 ရှစ်နှစ်တိုင် ခိုင်မြဲလာတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (အပိုင်း ၂)

【 နိုင်ငံတကာဆောင်းပါး 】 ရှစ်နှစ်တိုင် ခိုင်မြဲလာတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (အပိုင်း ၂)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုဘဝ သာယာလှပရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရေးနှင့် အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို ဦးတည်ဆောင်ရွက်ခဲ့တာ ယခုအခါ ရှစ်နှစ်တာကာလ ပြည့်မြောက်လာပြီဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို စတင်အကောင်ထည်ဖော်ခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်းမှာ နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သိသာထင်ရှားသော အကျိုးရလဒ်များလည်း ရရှိလျက်ရှိပါတယ်။

ရှစ်နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံအနေဖြင့်လည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍ စသည့် ကျယ်ပြန့်လှသည့် နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

လက်ရှိတွင် တရုတ်နိုင်ငံ ထူထောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်  မြန်မာ နိုင်ငံအတွင်းမှာ စီမံကိန်းပေါင်း ၁၀၆ ခုကို ဖော်ဆောင်ရန် ပံ့ပိုးပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအရေအတွက်နှင့် အရင်းအနှီးပမာဏဟာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများတွင် ထိပ်ဆုံးကဖြစ်ပါတယ်။တိုးတက်မှုနှင့် ရလဒ်များကလည်း ကျေနပ်ဖွယ်ဖြစ်တာကြောင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုရဲ့ ထူးခြားချက်ဖြစ်လာပါတယ်။

ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်းအခြေအနေနှင့် ကိုက်ညီကာ တန်ဖိုးမြှင့်မှုမြင့်မားသော စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းပုံစံအသစ်ကို ဖော်ဆောင်ခဲ့ရာ စပါးမျိုးကောင်းမျိုးသန့် ပျိုးထောင်မိတ်ဆက်ခြင်း၊ ကော်ဖီ၊ အခွံမာသီး၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ၊ ရေထွက်ကုန်များ စိုက်ပျိုးမွေးမြူခြင်းနှင့် အချောကိုင်ခြင်း၊ ဝါးထုတ်ကုန်များ ဆန်းသစ်တီထွင်ရက်လုပ်ခြင်း စသည့် စီမံကိန်းများကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် စွမ်းရည်တည်ဆောက်မှုမြှင့်တင်ခြင်း၊ လူငယ်နှင့် အမျိုးသမီးများ  စွန့်ဦးတီထွင်မှုကို ပံ့ပိုးကူညီခြင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတိုးမြှင့်ခြင်း၊ သက်မွေးပညာ လေ့ကျင့်ရေးစင်တာ တည်ဆောက်မှု မြှင့်တင်မှု စသည်တို့တွင်လည်း တရုတ်နိုင်ငံကနေ ကူညီပေးခဲ့ခြင်းဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ထွန်းသစ်စလုပ်ငန်းနှင့် လုပ်ငန်းပုံစံအသစ် တိုးတက်လာမှုကို အားပေးပြီး သတင်းအချက်အလက်နည်းပညာ သုတေသနလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးခြင်း စသော ထွန်းသစ်စလုပ်ငန်းများအပြင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့မျာကုစားခြင်း၊ စွန့်ပစ်ပစ္စည်းများ ပြန်လည် လည်ပတ် အသုံးပြုခြင်းနည်းပညာ လက်တွေ့စမ်းသပ်ခန်း တည်ဆောက်ခြင်း စသည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ဖော်ဆောင်ရန်လည်း ပံ့ပိုးကူညီပေးခဲ့ပါသေးတယ်။

အဆိုပါစီမံကိန်းများသည် မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေး  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် အရေးပါလှပါတယ်။လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဒေသတွင်းနိုင်ငံများမှာ ပြည်သူ့အကျိုးပြုစီမံကိန်းပေါင်း ၇၀၀ ကျော်ကို ဖော်ဆောင်ခဲ့ပြီးဖြစ်သလို တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်နိုင်ငံများ ကုန်သွယ်ရေးပမာဏသည်လည်း ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ နှစ်ဆတိုးလာခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ “လန်ချန်း-မဲခေါင် ရေပေးဝေမှုအစီအစဉ်” သည်လည်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံတွင် ကျေးလက်ရေပေးဝေမှုကို ကောင်းမွန်လာစေပြီး “အစိမ်းရောင် လန်ချန်း-မဲခေါင် အစီအစဉ်” မှာ ဒေသတွင်းပတ်ဝန်းကျင်စီမံမှုနှင့် ကာဗွန်နည်းဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် လန်ချန်း-မဲခေါင်နိုင်ငံများသည် အကြမ်းဖက်မှု၊  အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု စသည့် သမားရိုးကျမဟုတ်သော  လုံခြုံရေးကဏ္ဍကို ရင်ဆိုင်ရာတွင် နီးစပ်စွာ တွဲဖက်လုပ်ဆောင်ခဲ့ကြပါတယ်။

တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှု လုပ်ဆောင်ရာမှာ အပြုသဘောဆောင်သော  ရလဒ်များရရှိခဲ့ပြီး ဒေသတွင်းပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပါတယ်။

လန်ချန်း-မဲခေါင် ရုပ်ရှင်သီတင်းပတ်၊ နိုင်ငံတကာရုပ်ရှင်သီတင်းပတ်၊ ရိုးရာအကပွဲတော်၊ ခြင်းလုံးအားကစားပြိုင်ပွဲ စသည့် အမျိုးအစားစုံလင်သော လှုပ်ရှားမှုများကို ကျင်းပခဲ့ပြီး ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုနှောင်ကြိုးကို ခိုင်မြဲစွာ ချည်နှောင်နိုင်ခဲ့ပါတယ်။

လက်ရှိတွင် လန်ချန်း-မဲခေါင် နိုင်ငံများသည် အတူလက်တွဲပြီး အရည်အသွေးမြင့်  “Belt and Road” အတူတကွတည်ဆောက်ရေးစံပြဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံရှေ့ပြေးဇုန်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ စမ်းသပ်ဇုန်နှင့် ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ ရှေ့ဆောင်ဇုန်တွေကို တည်ဆောက်နေပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် သာမန်မဟုတ်သည့်လမ်းတွင် ရှစ်နှစ်ကြာ လျှောက်လှမ်းခဲ့ပြီးဖြစ်သလို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတွင် အလွန်ကြီးမားသည့် အလားအလာနှင့် ဖြစ်နိုင်ခြေများ ပါဝင်နေပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ ရွှေရောင်စံနမူနာဖြစ်လာခဲ့ပြီး လန်ချန်း-မဲခေါင် နိုင်ငံများ  အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုမှာလည်း အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ခြင်းဖြစ်ပါတော့တယ်။

ခန့်မောင်