【 နိုင်ငံတကာဆောင်းပါး 】 အဆင့်မြင့်တံခါးဖွင့်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်

【 နိုင်ငံတကာဆောင်းပါး 】 အဆင့်မြင့်တံခါးဖွင့်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်

တရုတ်သည် ကမ္ဘာ့ဈေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်လာချိန်တွင် ရှုပ်ထွေးနေသော ကမ္ဘာ့စီးပွားရေး တိုးတက်မှုကြားတွင် နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည်လည်း အားကောင်းလာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၁.၃ ထရီလီယံသို့ စံချိန်တင်ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံအတွင်း အသစ်တည်ထောင်ထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ အရေအတွက်သည် ၂၀၂၃ ခုနှစ်တွင် နှစ်စဉ်နှုန်းထား၏ ၃၉.၇ ရာခိုင်နှုန်းတိုးလာကာ ၅၃,၇၆၆ သို့ ရောက်ရှိခဲ့သည်။

ထို့အပြင် တီထွင်ဆန်းသစ်မှု၏ အရေးပါမှုလည်း သိသာလာကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စုစုပေါင်း၏ ၃၇.၃ ရာခိုင်နှုန်းမှာ နည်းပညာအဆင့်မြင့် နယ်ပယ်များတွင်ဖြစ်ခဲ့သည်။

နည်းပညာအဆင့်မြင့် ထုတ်လုပ်ခြင်း၊ အထူးသဖြင့် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်ခြင်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာမြင့်တက်လာပြီး ဆောက်လုပ်ရေးကဏ္ဍနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုကဏ္ဍတို့တွင်လည်း ကျယ်ပြန့်စွာ ချဲ့ထွင်လာသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံတွင် စီးပွားရေးကောင်းမွန်သော နိုင်ငံများမှ ပြည်ပရင်းနှီးမြုပ်နှံမှုသည် ပမာဏတိုးလာရုံသာမက ပုံစံအားဖြင့်လည်း များပြားလာလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ဂျာမနီမှ ရင်းနှီးမြှုပ်နှံမှုသည် ယူရို ၁၁.၉ သန်းသို့ စံချိန်တင်ရောက်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဗြိတိန်နှင့် ပြင်သစ်တို့မှ ရင်းနှီးမြှုပ်နှံမှုများသည် ၉၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး နယ်သာလန်၊ ဆွစ်ဇာလန်နှင့် သြစတြေးလျတို့မှ ရင်းနှီးမြှုပ်နှံမှုများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု မြင့်မားလာခြင်းတွင် ထင်ရှားသော နိုင်ငံတကာကုမ္ပဏီများကလည်း အရေးပါသော ကဏ္ဍတွင်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်မှစတင်၍ PepsiCo ကဲ့သို့သော နိုင်ငံခြားမှ ငွေကြေးထောက်ပံ့ထားသည့် လုပ်ငန်းများသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်လျက်ရှိသည်။ PepsiCo သည် ရှန်ဒေါင်းတွင် ၎င်း၏ပထမဆုံး ကာဗွန်အသားတင်မရှိသော စက်ရုံကို အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြင့် တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်သည်။

KFC နှင့် Standard Chartered တို့အပါအဝင် အခြားသော နိုင်ငံပေါင်းစုံအခြေချ ကော်ပရေးရှင်းများသည်လည်း ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခဲ့ပြီး နိုဝင်ဘာလ ၂၀၂၃ ခုနှစ်တွင် အမြန်ရအစားအစာကုမ္ပဏီ McDonald's က တရုတ်တွင် လုပ်ငန်းလည်ပတ်မှုကို ၄၈ ရာခိုင်နှုန်းအထိ မြှင့်တင်မည်ဟု ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ်မှစ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အခြားဌာနများနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်များ အားကောင်းလာစေရန် အလေးသာသော မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု စင်တာများ တည်ထောင်ရေးအတွက် ပိုမိုအားပေးရန် ရည်ရွယ်သည့် မူဝါဒ ၁၆ ခုကို ချမှတ်ခဲ့သည်။ပြီးခဲ့သည့်နှစ် ဇူလိုင်လမှ စတင်၍ နိုင်ငံခြားရန်ပုံငွေဖြင့် လုပ်ကိုင်သည့် လုပ်ငန်းများအတွက် အလှည့်ကျတွေ့ဆုံသည့် စနစ်ကို ဖော်ဆောင်ခဲ့ပြီး ၎င်းတို့ထံမှ မှတ်ချက်များရယူပြီး စိန်ခေါ်မှုများကို ဖြေရှင်းကာ ပြဿနာရပ်များကို အတူအဖြေရှာလျက်ရှိသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်တွင် တရုတ်နိုင်ငံမှ ပြည်နယ်များသည် အစည်းအဝေးပေါင်း ၁၄၀ ကျော် ကျင်းပပြီးဖြစ်ကာ ပြဿနာနှင့် တောင်းဆိုချက်ပေါင်း ၉၀၀ ကျော်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ရင်ဆိုင်နေရသော ပြဿနာများနှင့် စိန်ခေါ်မှုများကို စုစည်းရန် အွန်လိုင်းပလက်ဖောင်းတစ်ခုကိုလည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် စတင်ခဲ့သည်။

“နောက်တစ်ဆင့်မှာတော့ တရုတ်နိုင်ငံဟာ စုံလင်ကွဲပြားတဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အစိုးရရဲ့ ဝယ်ယူမှု၊ စံသတ်မှတ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပံ့ပိုးကူညီမှု စတဲ့ အဓိကနယ်ပယ်တွေမှာ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေကို အသိပေးသွားမှာဖြစ်ပါတယ်” ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး ကျူဘင်းက ဆိုသည်။

“ပြည်ပမှ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေအနေနဲ့ ပြဿနာတွေ စိန်ခေါ်မှုတွေ ကြုံတွေ့လာရရင် အကြောင်းကြားဖို့ ဖိတ်ခေါ်ပါတယ်” ဟု သူကပြောသည်။

တရုတ်နိုင်ငံသည် ပွင့်လင်းသောစနစ်များနှင့် မူဝါဒများ ချမှတ်ရေးအတွက် အလှည့်ကျ အစည်းအဝေးစနစ်ကို ပြည်ပကုမ္ပဏီများထံမှ အသုံးပြုကာ အမြင်များနှင့် အကြံပြုချက်များ ကောက်ယူသွားမည်ဖြစ်သည်။

ထိုနည်းလမ်းဖြင့် နိုင်ငံတကာ၏ အတွေ့အကြုံနှင့် လုပ်ဆောင်ပုံများကို နားလည်ကာ ပြည်ပရင်းနှီးမြှုပ်နှံမှု တည်ငြိမ်ရေး မြှင့်တင်ရာတွင် အကူအညီဖြစ်မည်ဟု ကျူက ဆိုသည်။

စိုးနိုင်ထွန်း
Ref - CMG | China advances high-standard opening up, draws more foreign investors