【 နိုင်ငံတကာဆောင်းပါး 】 အလွှာနိမ့် လေကြောင်းစက်မှုနယ်ပယ် စတင်ရန် ပြင်ဆင်

【 နိုင်ငံတကာဆောင်းပါး 】 အလွှာနိမ့် လေကြောင်းစက်မှုနယ်ပယ် စတင်ရန် ပြင်ဆင်

အလုပ်သွားဖို့အတွက် ပျံသန်းနေသော တက္ကစီများကို စီးခြင်း၊ ညနေခင်းအချိန်များတွင် ဒရုန်းများဖြင့် မီးရောင်စုံဖျော်ဖြေမှုကို ကြည့်ခြင်းတို့သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများတွင်သာ တွေ့လေ့ရှိသော်လည်း ယခုအခါတွင် လက်တွေ့ဖြစ်လာပြီဖြစ်သည်။

လေထုအလွှာနိမ့် ဈေးကွက်သည် ပိုမိုကြီးထွားလာ ပြီး လေထုအလွှာ အနိမ့်တွင် ပျံသန်းသော အရာများအတွက် ဈေးကွက်သည် ယွမ်ထရီလီယံ တန်ဖိုးရှိပြီး ထိုစက်မှုနယ်ပယ်သည် ယခုအခါတွင် စတင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

အာကာသယာဉ်များနှင့်အတူ လေထုအလွှာနိမ့် စီးပွားရေးသည် ယခုနှစ် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ် တိုးတက်မှုအင်ဂျင်အသစ်အဖြစ် ဖော်ပြခြင်းခံရသည်။လေထုအလွှာနိမ့် စီးပွားရေးဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင်အထက် မီတာ ၃၀၀၀ အတွင်း ပျံသန်းနိုင်သောအရာများ ထုတ်လုပ်ခြင်းကိုဆိုလိုပြီး မောင်းသူရှိနှင့် မောင်းသူမဲ့အမျိုးအစားများစွာ ပါဝင်သည်။ထိုစီးပွားရေးနယ်ပယ်သည် စိုက်ပျိုးရေး၊ လေကြောင်းစောင့်ကြည့်ရေး၊ မီးသတ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံနှင့် ပေါင်းစပ်ပြီး တိုးတက်မှုအလားအလာ ကောင်းမွန်သော နယ်ပယ်ဖြစ်သည်။

စီးပွားရေးခရိုင်ဖြစ်သော ကွမ်ကျိုးတွင် ကားပျံကုမ္ပဏီတစ်ခုဖြစ်သော XPENG AEROHT က မကြာသေးမီကပင် ဒရုန်းကားတစ်ခုကို ထုတ်လုပ်နိုင်ခဲ့ပြီး အနာဂတ်တွင် လေထုအလွှာနိမ့် သယ်ယူပို့ဆောင်ရေးအတွက် တန်ဖိုးရှိသော အားဖြည့်မှုဖြစ်လာမည်ဟု ကုမ္ပဏီက ဆိုသည်။

တရုတ်၏ ထိပ်တန်းလေယာဉ်ထုတ်လုပ်ရေး နည်းပညာပလက်ဖောင်းတစ်ခုဖြစ်သည့် EHang ကလည်း ဒေါင်လိုက် တက်နိုင်ဆင်းနိုင်သော လေယာဉ်ကို စတင်ရောင်းချနေပြီဖြစ်သည်။ EHang ၏ လေယာဉ်သည် အလိုအလျောက် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ပြီး မြို့တွင်းအပြင် မြို့ပြင် တောင်တန်းနှင့် ကျေးလက်ဒေသများအထိ ပစ္စည်းသယ်ယူပို့ဆောင်ပေးနိုင်ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၀၂၃ ခုနှစ်တွင် တရုတ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့က နိုင်ငံတွင်း ပထမဆုံး အမှီအခိုကင်းစွာ ထုတ်လုပ်ထားသည့် အရပ်ဘက်ခရီးသည်တင်လေယာဉ်ကို အသိအမှတ်ပြုပေးခဲ့သည်။ထိုလေယာဉ်သည် လူပေါင်း ၁၀ ဦး တင်ဆောင်နိုင်ပြီး ကီလိုမီတာ ၇၀၀ အထိ ပျံသန်းနိုင်ကြောင်း သိရသည်။

လေထုအလွှာနိမ့် စီးပွားရေးတွင် နည်းပညာအဆင့်မြင့် ကိရိယာထုတ်လုပ်ခြင်းများပါဝင်ပြီး အထောက်အပံ့ဖြစ်မည့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းလည်း ပါဝင်သည်။ထိုစီးပွားရေးသည် များစွာသော အသုံးချနိုင်သည့် နယ်ပယ်များနှင့် ချိတ်ဆက်နေသော စက်မှုကွင်းဆက် ရှည်လျားစွာရှိသည်။စတင်တိုးတက်ခါစ အဆင့်တွင်သာ ရှိသေးသော်လည်း လေထုအလွှာနိမ့် စီးပွားရေးသည် အစိုးရ၊ စက်မှုနှင့် စီးပွားရေးလုပ်ငန်းများအကြား စီးပွားရေးတိုးတက်မှု အင်ဂျင်အသစ်ဖြင့် ဘုံသဘောတူညီချက် ရရှိထားသည်။နိုင်ငံအနှံ့ ပြည်နယ်နှင့် မြို့ ၂၀ ခန့်တွင် ၂၀၂၄ မှစတင်ပြီး လေထုအလွှာနိမ့် စီးပွားရေးတိုးတက်မှုကို ဦးစားပေးနေပြီဖြစ်ကာ အားသာမည့် မူဝါဒများ၊ ဆွဲဆောင်မှုရှိသည့် ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အအုံများကို ဆောက်လုပ်ကာ ရေရှည်တည်တံ့သော လေထုအလွှာနိမ့် စီးပွားရေး ဂေဟစနစ်တစ်ခု ဖြစ်ပေါ်လာရေး လုပ်ဆောင်လျက်ရှိသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်၏ လေထုအလွှာနိမ့် စီးပွားရေးမှာ ယွမ် ၅၀၀ ဘီလီယံရှိပြီး ၂၀၃၀ ခုနှစ်အရောက်တွင် ယွမ် ၂ ထရီလီယံအထိ မြင့်တက်ရန် ရည်မှန်းထားသည်။လေထုအလွှာနိမ့် စီးပွားရေး၏ တိုးတက်မှုအခန်းကဏ္ဍနှင့် စီးပွားရေးအလားအလာတို့သည် မှန်းထားသည်ထက် မြင့်မားနိုင်သည်။ကဏ္ဍအသစ်သည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးတို့ကို အခြေခံအားဖြင့် ပြောင်းလဲနိုင်သည်သာမက လူမှုရေးဆိုင်ရာ လုပ်ဆောင်ပုံများတွင်လည်း သက်ရောက်မှု ပိုမိုရှိစေရေးကို ထင်ရှားစွာမြင့်တက်စေမည်ဖြစ်သည်။

လေထုအလွှာနိမ့် စီးပွားရေးတွင် မူလက အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် လေယာဉ်အကြီးစားများ ဆောက်လုပ်ခြင်းမှ ရပ်ရွာအသိုက်အဝန်း အခြေပြုပြီး တစ်ဦးချင်းစီ ပိုမိုဗဟိုပြုလာမည်ဖြစ်သည်။ထိုကဏ္ဍကို တရုတ်နိုင်ငံကသာမက တစ်ကမ္ဘာလုံးကပါ အာရုံစိုက်လာကြခြင်းဖြစ်သည်။ထိုအထဲတွင် တရုတ်သည် နည်းပညာအဆင့်မြင့် အနေအထားတွင်ရှိနေပြီး အခန်းကဏ္ဍကို ကောင်းစွာဆုပ်ကိုင်ထားနိုင်ပြီဟု ဆိုနိုင်သည်။

၂၀၃၀ ခုနှစ်အရောက်တွင် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ လေထုအလွှာနိမ့် စီးပွားရေးတွင် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်လာနိုင်သည်ဟု ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တရုတ်၏ ပြည်တွင်းအထွေထွေလေကြောင်းဆိုင်ရာ လုပ်ငန်းပေါင်း ၆၈၉ ခု ရှိနေပြီး အထွေထွေလေယာဉ်မှတ်ပုံတင်မှု ၃၁၇၃ ခုနှင့် လေယာဉ်ကွင်း တည်ဆောက်မှု ၄၅၁ ခု ရှိနေပြီဖြစ်ကြောင်း သိရသည်။

စိုးနိုင်ထွန်း
Ref - Trillion-yuan new industry gears up for ‘takeoff’ as low-altitude economy in China gains momentum | CMG