【 နိုင်ငံတကာဆောင်းပါး 】 ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး လားရာ

【 နိုင်ငံတကာဆောင်းပါး 】 ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး လားရာ

ကုန်းမြေဧရိယာ စုစုပေါင်း ဧရိယာ ၃၉,၇၄၆,၂၂၀ စတုရန်းကီလိုမီတာရှိပြီး စုစုပေါင်း ခန့်မှန်းခြေ လူဦးရေ ၃.၂၁ ဘီလီယံခန့်ကို ကိုယ်စားပြုသည့် BRICS အဖွဲ့၏ ထိပ်သီးအစည်းအဝေးကို သြဂုတ်လ ၂၂ ရက်မှစကာ  တောင်အာဖရိကနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဂျိုဟန်နစ္စဘတ်ရှ်တွင် ကျင်းပနေပြီဖြစ်သည်။

ယခု ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ "BRICS and Africa" ဖြစ်သည်။ထိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ပါဝါပြိုင်ဆိုင်မှုအတွက် နောက်ဆုံးစင်မြင့်ဖြစ်လာသည့် အာဖရိကတိုက်ကြီးနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးထူထောင်ရန် BRICS အစုအဖွဲ့၏ စိတ်အားထက်သန်နေမှုကို မီးမောင်းထိုးပြနေခြင်းပင်သည်။

BRICS အဖွဲ့ကို နိုင်ငံတကာရေးရာများတွင် အနောက်တိုင်းလွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့မှ ခေါင်းဆောင်များက  စုစည်းဖွဲ့စည်းထားခြင်းဖြစ်သည်။ BRICS အဖွဲ့တွင် ပါဝင်သော နိုင်ငံ ၅ နိုင်ငံ၏ စီးပွားရေးမှာ လက်ရှိကမ္ဘာ့စီးပွားရေး၏ လေးပုံတစ်ပုံကို အချိုးရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ငါးပုံတစ်ပုံရှိသည်။ဖွံ့ဖြိုးဆဲနိုင်ငံများက ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နူန်းကျော်ကို ကိုယ်စားပြုသော BRICS အဖွဲ့ကို ထွန်းသစ်စ စီးပွားရေးအစုအဖွဲ့အဖြစ် ရှုမြင်ထားသည်။သို့သော် နိုင်ငံတကာအမြင်တွင် BRICS မှာ အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ ချမ်းသာကြွယ်ဝသော မဟာမိတ်များကို အဓိကအကျိုးဖြစ်ထွန်းစေသည်ဟု ယူဆသည့် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်အပေါ် သံသယဖြင့် မျှဝေချည်နှောင်ထားသော ကမ္ဘာတစ်ဝန်းရှိ ကွဲပြားသော စီးပွားရေးကို ကိုယ်စားပြုသော အစုအဖွဲ့အဖြစ် မြင်သည်။

သို့ရာတွင် တကယ်ဖြစ်နေသည်က BRICS သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စ ဈေးကွက်များ၏ ကိုယ်စားပြုမှုကို မြှင့်တင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်များကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသည့်အဖွဲ့ဖြစ်သည်။ဤအစုဖွဲ့တွင်ပါဝင်သော နိုင်ငံ ၅ နိုင်ငံသည် လူမျိုးအားလုံး၏ အကျိုးစီးပွားကို လေးစားသော ပိုမိုမျှတသော ကမ္ဘာ့အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြင့် စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း မကြာခဏထုတ်ဖော်ပြောကြားနေခြင်းပင်ဖြစ်သည်။ ယခုထိပ်သီးအစည်းအဝေးသို့ အိမ်ရှင် တောင်အာဖရိကသမ္မတ စီရီးလ် ရမ်ဖိုဆာနှင့်အတူ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဘရာဇီးသမ္မတ လူးရာဇ် အင်စီယို လူလာ ဒါဆေးလ်ဗားနှင့် အိန္ဒိယဝန်ကြီးချုပ်နာရင်ဒြာ မိုဒီတို့ တက်ရောက်မည်ဖြစ်သည်။ရုရှားသမ္မတ ဗလာဒီမာ ပူတင်မှာမှု ICC ၏ ဖမ်းဝရမ်းကြောင့် သူ့အစား ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်းလာဗရော့ဗ်က တက်ရောက်မည်ဖြစ်သည်။သို့သော် ထိုသိ့မတက်ရောက်ခြင်းအတွက် တရားဝင်တွင်မူ အလုပ်တာဝန်များ မအားခြင်းကိုသာ အကြောင်းပြထားသည်။

ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည့် ယခုအစည်းအဝေးအတွက် တောင်အာဖရိကအစိုးရက လုံခြုံရေးကို တင်းကျပ်စွာပြင်ဆင်ထားသည်။ယခုထိပ်သီးအစည်းအဝေးသည် အာဖရိကတွင် ပထမဆုံးအကြိမ် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ကြသည့် အစည်းအဝေးကြီးဖြစ်ဖွယ်ရှိရာ ဆင်းရဲနွမ်းပါးကာ ဖွံ့ဖြိုးမှုနည်းပါးသည့် အာဖရိကနိုင်ငံအများစုအတွက် မျှော်လင့်ချက်များစွာထားရှိနေသည့် အစည်းအဝေးဖြစ်သည်။အထူးသဖြင့် အမေရိကန်နှင့်အပြိုင် ဘက်ပေါင်းစုံမှ အင်အားကြီးလာသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုကို အာဖရိကနိုင်ငံများက မျှော်လင့်ထားကြသည်။

ယခုအစည်းအဝေးသို့ အာဖရိက၊ လက်တင်အမေရိက၊ အာရှနှင့် ကာရေဘီယံဒေသတို့မှ ခေါင်းဆောင် ၆၀ ကျော်နှင့် ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအကြီးအကဲ ၂၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားသည်။သတင်းများအရ ယခုအစည်းအဝေးသို့ နိုင်ငံပေါင်း ၆၇ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ရာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း နိုင်ငံတကာခေါင်းဆောင်အများဆုံး တက်ရောက်သည့် ထိပ်သီးအစည်းအဝေးဖြစ်လာမည်ဖြစ်သည်။

ယခုအစည်းအဝေးတွင် BRICS  ၅ နိုင်ငံမှ ခေါင်းဆောင်များအတွက် ဆွေးနွေးဆုံးဖြတ်စရာများရှိသကဲ့သို့ မျှော်လင့်စရာများလည်းရှိသည်။ထို့အတူ အဖွဲ့ဝင်အဖြစ် လျှောက်ထားသော နိုင်ငံ ၂၀ ကျော်အတွက်လည်း ယခုထိပ်သီးအစည်းအဝေးတွင် တိုးချဲ့ပါဝင်ခွင့်ရနိုင်ရန် မျှော်လင့်ထားမှုများလည်း ရှိနေပေသည်။

အိမ်ရှင် တောင်အာဖရိကသမ္မတ စီရီးလ် ရမ်ဖိုဆာက ပြီးခဲ့သည့် တနင်္ဂနွေနေ့ည ၎င်း၏ ရုပ်မြင်သံကြားမိန့်ခွန်းတွင် “BRICS တိုးချဲ့ခြင်းဖြင့် ပိုမိုမျှတသော ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ကို ရရှိလိုသော ဘုံဆန္ဒကို မျှဝေသည့် မတူညီသော နိုင်ငံရေးစနစ်များဖြင့် မတူကွဲပြားသော အုပ်စုတစ်စုကို ကိုယ်စားပြုလိမ့်မည်” ဟု ပြောခဲ့ရာ ယခုအစည်းအဝေးတွင် အဖွဲ့ဝင်တိုးချဲ့နိုင်သည်ဆိုသော ခန့်မှန်းချက်ကို အတည်ပြုသလိုဖြစ်သည်။

အစည်းအဝေးမတိုင်ခင်က ကမ္ဘာ့တောင်ခြမ်းမှ နိုင်ငံများနှင့်ပတ်သက်ပြီး ကွဲလွဲမှုရှိခဲ့သော်လည်း ရမ်ဖိုဆာက ထိပ်သီးအစည်းအဝေး လက်ခံကျင်းပရာတွင် အခြားအာဖရိကခေါင်းဆောင်များအပြင် ကမ္ဘာ့တောင်ခြမ်း နိုင်ငံအများအပြားမှ ခေါင်းဆောင်များကိုလည်း ကြိုဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ထိုဝိဝါဒကွဲပြားမှုကို ဖြေရှင်းပြီးသားဖြစ်သွားသည်။ကမ္ဘာ့တောင်ခြမ်းနိုင်ငံများဆိုသည်မှာ ကာရေဘီယံ၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အနောက်အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှတို့မှ နိုင်ငံများဖြစ်သည်။

ယခုအစည်းအဝေးတွင် ဆွေးနွေးစရာနှစ်ခုရှိနိုင်ကြောင်း  နှစ်စပိုင်းကတည်းက ကြိုတင်ခန့်မှန်းထားမှုများရှိသည်။သို့သော် ယခုနှစ်အစောပိုင်းက ဘရာဇီးအဆိုပြုခဲ့သော စည်းလုံးသော BRICS ငွေကြေးမှာ တောင်အာဖရိက တာဝန်ရှိသူများက အဆိုပါအယူအဆကို ပယ်ချခဲ့သဖြင့် မဖြစ်လာနိုင်ဟု ခန့်မှန်းခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကိုလည်း ဘရာဇီး၊ တရုတ်နှင့် တောင်အာဖရိကတို့မှ တာဝန်ရှိသူများက ၎င်းကို ရှေ့တန်းမတင်ကြောင်း ထောက်ပြထားသဖြင့် ယခုအစည်းအဝေးတွင် အဓိကအကြောင်းအရာအဖြစ် ဆွေးနွေးဖွယ် မမြင်ပေ။သို့ရာတွင် ယခုအစည်းအဝေး၌ တွေ့မြင်ရဖွယ်အရှိဆုံးမှာ အဖွဲ့ဝင်တိုးချဲ့မှုဖြစ်သည်။

သတင်းများအရ  ဆော်ဒီအာရေးဗီးယား၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ အီဂျစ်နှင့် အီသီယိုးပီးယားတို့အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က BRICS နှင့် ပူးပေါင်းရန် စိတ်ဝင်စားကြောင်း ဆိုသည်။ထိုစိတ်ဝင်စားမှုမှာ ကုန်သွယ်ရေးနှင့် ပထဝီဝင်နိုင်ငံရေးတွင် အမေရိကန်နှင့် ထိပ်တိုက်တွေ့နေချိန်၌ ၎င်း၏သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံက BRICS ချဲ့ထွင်မှုကို ထောက်ခံနိုင်ပြီး ဘရာဇီးက အဖွဲ့ဝင်မှုအပေါ် သံသယရှိနေနိုင်သည်။ရုရှားကလည်း  ယူကရိန်းစစ်ပွဲကြောင့် သံတမန်ရေးအရ အထီးကျန်မှုကို ကျော်လွှားရန် အဖွဲ့ဝင်သစ်များခေါ်ယူရန် စိတ်အားထက်သန်နေသည်။သို့သော် အိန္ဒိယက အဖွဲ့ဝင်တိုးချဲ့မှု အပေါ် တိတိကျကျ အသံမထွက်သေး။

အားလုံးခြုံကြည့်ပါက အဖွဲ့ဝင်တိုးချဲ့မှုကို တိတိကျကျ စိတ်မပါသည့် နိုင်ငံမှာ ဘရာဇီးတစ်နိုင်ငံသာဖြစ်သဖြင့် ယခုထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်တိုးချဲ့မှုမှာ ဖြစ်လာနိုင်ခြေ အများဆုံးဖြစ်သည်။

နောက်တစ်ခုမှာ BRICS ဘဏ်ဖြစ်သည်။  BRICS နိုင်ငံများသည် အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကို တန်ပြန်ကာ ကမ္ဘာ့တောင်ခြမ်းအတွက် အစားထိုးဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ ဖြစ်လာရန် လိုလားကြသည်။ BRICS မှ တည်ထောင်ထားသော New Development Bank (NDB) သည် ဘဏ္ဍာရေးတွင် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချရန်နှင့် ဝေဖန်ခံရသော Bretton Woods လို စနစ်များအတွက် အခြားရွေးချယ်စရာတစ်ခုအဖြစ် ကမ်းလှမ်းရန် ရည်ရွယ်သည်။ထို့ကြောင့် New Development Bank (NDB) ဘဏ်အတွင်း ပြည်တွင်းငွေကြေးရန်ပုံငွေရှာဖွေခြင်းနှင့် ချေးငွေထုတ်ချေးခြင်းတို့ကို မည်သို့မြှင့်တင်ရမည်ကို ဆွေးနွေးရန် မျှော်လင့်ထားသည်။

၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် NDB သည် အစားထိုးငွေကြေးများ အသုံးပြုမှု အလားအလာကို ဆက်လက်ကြည့်ရှုနေသော်လည်း ထိပ်သီးအစည်းအဝေးအတွင်း ဘုံ BRICS ငွေကြေးနှင့်ပတ်သက်၍ ဆွေးနွေးမည်မဟုတ်ကြောင်း တောင်အာဖရိက၏ BRICS အကြီးတန်းသံတမန်က ပြောကြားခဲ့သည်ရှိရာ အစားထိုးငွေကြေးအဖြစ် မြင်ရရန် ဝေးနေသေးသည်။သို့သော် NDB သည်လည်း တိုးချဲ့နေရာ ၂၀၂၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အီဂျစ်တို့ စတင်ဝင်ရောက်ခဲ့သည်။ဥရုဂွေးသည် ပူးပေါင်းခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပြီး NDB ကို အယ်လ်ဂျီးရီးယား၊ ဟွန်ဒူးရပ်စ်၊ ဇင်ဘာဘွေနှင့် ဆော်ဒီအာရေဗျတို့က စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။

ထို့ကြောင့် ယခုထိပ်သီးအစည်းအဝေးတွင် NDB ကလည်း အဖွဲ့ဝင်နိုင်ငံများကို ပိုမိုဆွဲဆောင်ရန် အဓိကပလက်ဖောင်းတစ်ခု ဖြစ်လာနိုင်သည်။

ထိပ်သီးအစည်းအဝေးတွင် နောက်ထပ်ဆွေးနွေးနိုင်သည့်အကြောင်းအရာမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။စီးပွားရေးပူးပေါင်းဆောင်ရွက်မှု BRICS ခေါင်းဆောင်များကြား မဖြစ်မနေဆွေးနွေးမည့် အကြောင်းအရာဖြစ်သည်။ BRICS နိုင်ငံများ၏ မတူကွဲပြားသော စီးပွားရေးများကြား စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ မည်ကဲ့သို့တိုးတက်အောင် ပြုလုပ်နိုင်သည်ကိုလည်း ဆွေးနွေးဖွယ်ရှိသည်။ထိုထဲတွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးမှသည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အလုပ်အကိုင်ဈေးကွက်အထိ ကဏ္ဍများစွာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြောင်း ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်ရန် မျှော်လင့်ထားကြောင်း သိရသည်။

ယခုအစည်းအဝေးမတိုင်မီ တောင်အာဖရိကသမ္မတ စီရီးလ် ရမ်ဖိုဆာက BRICS နှင့် အာဖရိကတို့ကြား ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်လိုကြောင်း ပြောခဲ့ပြီး အာဖရိကတိုက်အနေဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများကို BRICS နိုင်ငံများကို ဖွင့်ပေးနိုင်ရန် လိုလားကြောင်းပြောခဲ့ရာ ယခုအစည်းအဝေးသည် တိုးတက်မှုနည်းပါးသည့် အာဖရိကအတွက် ရင်းနှီးမြုပ်နှံမှုရှာရာ ဖိုရမ်သဘောမျိုးလည်း ဖြစ်လာနိုင်သည်။

သေချာသည်မှာ ရွေးချယ်စရာနည်းပါးနေသည့် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများနှင့် အာဖရိကနိုင်ငံများအတွက် BRICS ထိပ်သီးအစည်းအဝေးသည် ကောင်းမွန်သော ရလဒ်များနှင့် ရွေးချယ်စရာများကို ဆောင်ကြဉ်းလာဖွယ်ရှိခြင်းပင်ဖြစ်လေသည်။

လင်းသစ်အောင်